သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၄)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။

ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။

ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။

စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက

ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

မဲလက်မှတ်ဝေငှချိန်မှာ ခရီးသွားတဲ့ပုဂ္ဂိုလ်ရှိနေပါတယ်။ သူရမည့်အလှည့်ကျတာပေါ့။ ဒါကို ကျောင်းမှာရှိတဲ့အခြားသံဃာများက “တိုက်ကအပြီးထွက်တာမဟုတ်ဘူး။ ခရီးသွားတာပဲ ပေးရမယ်” လို့ လာတောင်းပါတယ်။ အဲဒီအချိန်မှာ မဲလက်မှတ်ဝေငှဘို့ စီမံခွင့်ရသူကတော့ ယခုချောင်းဦးမြို့မှာ ဆုတောင်းပြည့်ဆရာတော်ဖြစ်လာမည့် ဆရာတော်ဦးအာစိဏ္ဏပါပဲ။ စည်းကမ်းရှိပြီးသားမို့ မပေးနိုင်ကြောင်း ပြောရင်းဆိုရင်းနဲ့ အငြင်းအခုံဖြစ်ကြပါတယ်။

လိုချင်တာမရလိုက်တဲ့ပုဂ္ဂိုလ်များက ကုဋီကျော်ငြာသင်ပုန်းမှာ စာကပ်ပါတယ်။ “သံဃိက လာဘ်လာဘကို မတရားဝေဘန်နေပါတယ်”ဆိုတဲ့ အကြောင်းအရာပါပဲ။

ဘုရားပွဲလက်မှတ်စီမံခွင့်ရသူ ဦးအာစိဏ္ဏက ထိုစာကိုခွါယူပြီး မစီမံလိုတော့ကြောင်း၊ သူများရဲ့စာကပ်ခြင်း ကို ခံရတဲ့အကြောင်း ဆရာတော်ထံ သွားလျှောက်ပါတယ်။

ဆရာတော်က “မင်း ဆက်လုပ်ရမယ်။ သူတို့ဟာသူတို့ စာမကလို့ လင်းတကပ်ကပ်”ဟု အမိန့်ချပြီး စာကပ်သူသံဃာများကို ခေါ်ယူဆုံးမပါတယ်။

“အေး မင်းတို့ စာတတ်ချင်လို့ စာလိုချင်လို့ဆိုရင် မစိုးရိမ်တိုက်သစ်ကို လာခဲ့ပါ။ လာဘ်လာဘ လိုချင်လို့ဆိုရင်တော့ မစိုးရိမ်တိုက်သစ်ကို မလာခဲ့နဲ့”ဟူ၍ ပြတ်သားသူပီပီ ပြတ်သားသည့် သြဝါဒစကားကို ပေးလိုက်ပါတယ်။

လာဘ်လာဘနဲ့ ပတ်သက်ပြီး အစွန်းအထင်းမခံနိုင်တဲ့ဆရာတော်တည်ထောင်ထားတဲ့ကျောင်းတိုက် ဖြစ်လေတော့ မစိုးရိမ်တိုက်သစ်မှာ လာဘ်လာဘနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်တယ်ဆိုတာ မရှိခဲ့ပါဘူး။

လာဘ်လာဘနဲ့ပတ်သက်ပြီး မတရားလုပ်သူရှိလာခဲ့ရင်တော့ ကျန်သံဃာများက သည်းခံကြပါတယ်။ အစဉ်အလာကောင်းတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ မစိုးရိမ်တိုက်သစ်သံဃာတော်များ ကို ထာဝရလေးစား ကြည်ညိုနေမိပါတော့တယ်။

ကိုနန္ဒနန်းမိုး(မြင်းမူ)

19.11.2017