သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၅)”

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။ ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။

ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။ စာမူများလည်း တောင်းခံထားပါသည်။ ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-
“ဘုရားမှတပါး သာသနာ့မိခင်ဖြစ်ထိုက်သူ မရှိ”
ဘဒ္ဒန္တသိရိန္ဒာဘိဝံသမဟာထေရ် (၁၂၈၆-၁၃၆၅)ရေးသားသော မစိုးရိမ်တိုက်သစ်သမိုင်းတွင် အောက်ပါ အတိုင်း ဖော်ပြဆုံးမထားပါသည်။
ရှင်သာမဏေတစ်ပါးပါးကို ရဟန်းဖြစ်အောင်ပြုပေးသူကို သာသနဒါယာဒ=သာသနာ့အမွေခံသူဟု ခေါ်ဆိုရသည်။ (ဝိ၊ဋ္ဌ၊၁၊၉)ရဟန်းတစ်ပါးကို ထပ်မံ၍ ရဟန်းခံပေးသူကို သာသနဒါယာဒ=သာသနာ့အမွေခံ သူဟု ဂျမ်းဂန်တို့၌ အဆိုအမိန့်မရှိ။ လူပြိန်းနားလည်အောင် ပြောရပါလျှင် ရဟန်းတစ်ပါးကို သိမ်ထပ်ရဟန်းခံပေးသောသူတို့သည် ရဟန်းဒကာရဟန်းအမ မဖြစ်နိုင်၊ အတုဟုခေါ်ဆိုက ခေါ်ဆိုရန်သာ ဖြစ်သည်။ (ပ)ထိုထက်ပို၍ ဆိုးဝါးသော မြှောက်ပင့်၍ခေါ်ဆိုခြင်းတစ်မျိုး ရှိသေးသည်၊ သဒ္ဓါတရား ထက်သန်ပြီး လှူဒါန်းမှုများသောသူကို သာသနာ့မိခင်တဲ့။ သာသနာ့မိခင်ဟူ၍လည်းကောင်း၊ သာသနာ့ဖခင်ဟူ၍လည်းကောင်း ခေါ်ဆိုထိုက်သူမှာ ဘုရားရှင်သာဖြစ်နိုင်သည်။ အခြားမည်သူတစ်ဦး တစ်ယောက်မျှ သာသနာ့မိခင် သာသနာ့ဖခင်ဖြစ်ထိုက်သူမရှိ။
ဆလိုင်းရွှေလင်း