သတင်း

အာဒိကမ္မိက အဂ္ဂါဘိဓဇ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ၏ ဘဝပုံရိပ်(၈)

ကျေးဇူးတော်ရှင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီး ဘဒ္ဒန္တသိရိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူသည်မှာ လာမည့် တန်ခူးလကွယ်နေ့ဆိုရင် (၁၅)နှစ်ပြည့်တော့မည်ဖြစ်သည်။

ဆရာတော်ကြီး မရှိတော့သော်လည်း ဆရာတော်ကြီး အုတ်မြစ်ချခဲ့သော မစိုးရိမ်တိုက်သစ်ကြီးကား ဆရာတော်ကြီးလက်ထက်မှာကဲ့သို့ပင် အရှိန်အဟုန်ဖြင့် တိုးတက်ထွန်းကားလျက် ရှိပါ၏။

ဆရာတော်ကြီး အပင်ပန်းခံ စိုက်ပျိုးခဲ့သော သာသနာ့ဥယျာဉ်တော်ကြီး စည်ပင်ပြန့်ပြူး စိမ်းလန်းသာယာလျက်ရှိသည်ကို အများပြည်သူတို့ မျက်မြင်ကိုယ်တွေ့ ခံစားကြရသော်လည်း ဆရာတော်ကြီး၏ သာသနာပြုစိတ်ဓာတ်နှင့် ဘဝပုံရိပ်ကိုကား လူသိနည်းလှပေသည်။

လွန်တော်မူခြင်း (၁၅)နှစ်ပြည့် နှစ်ပတ်လည်ပူဇော်ပွဲ၌ကား လူသိနည်းသော ဆရာတော်ကြီး၏ သာသနာရေးဆောင်ရွက်ချက်များ၊ သာသနာပြုစိတ်ထားများ၊ ကြည်ညိုဖွယ်ဂုဏ်ပုဒ်များ၊ ကြီးမားဖွယ်ရာ ဂုဏ်ကျေးဇူးများကို ဘဝပုံရိပ်တစ်ခုအဖြစ် အထူးထုတ်မဂ္ဂဇင်း ဖြန့်ချီမည် ဖြစ်ပါသည်။

စာမူများလည်း တောင်းခံထားပါသည်။

ရောက်ရှိလာသော စာမူများမှ ကောင်းနိုးရာရာများကို Hight Light (ကောက်စာ)အဖြစ် အခန်းဆက် တင်ပြပေးသွားပါမည်။

စာမူများပေးပို့လိုပါက
ဘဒ္ဒန္တနန္ဒာဘိဝံသ
ဓမ္မပါကဋကျောင်း
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး
092035013 သို့ ပေးပို့နိုင်ပါသည်။
————————————————————-

“အဘိဓဇဆရာတော်ကြီး၏ အစိုးရအကြီးအကဲများထံ မှာကြားသည့် စကားကြီး(၃)ခွန်း”
===============================================

ရက်စွဲအတိအကျတော့ မမှတ်မိ၊ နဝတအစိုးရလက်ထက်အခါဖြစ်၏။

တခုသော ညနေခင်းဝယ် မစိုးရိမ်တိုက်သစ် မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရုဆရာတော်ကြီး(ဘဒ္ဒန္တသိရိန္ဒာဘိဝံသ)က ကိစ္စတစ်ခုစေခိုင်းရန် မိမိကိုခေါ်၍ မိန့်ကြားနေခိုက် ဆရာတော်ကြီးထံသို့ မန္တလေးအခြေစိုက် ထောက်လှမ်း ရေးတပ်(၃)တပ်မှ တပ်မှူးသုံးယောက် လာရောက်ကန်တော့ကြသည်။

ဆရာတော်ကြီးက မိမိအားမိန့်လက်စ စကားကို ခေတ္တရပ်ပြီး တပ်မှူးများထံသို့လှည့်ကာ “ဘာကိစ္စရှိကြလဲ” ဟုမိန့်သည်။ အကြီးဖြစ်ဟန်တူသော တပ်မှူးက မနက်ဖြန်မှာ ရန်ကုန်သို့ တပ်မှူးများအစည်းအဝေး တက်ရောက်ရန် သွားကြမည်ဖြစ်ကြောင်း၊ ထောက်လှမ်းရေးအကြီးအကဲက ဆရာတော်ကြီးထံ သြဝါဒခံယူ ရန်စေလွှတ်လိုက်သဖြင့် လာရောက်ကန်တော့ရင်း သြဝါဒခံယူရန် လာရောက်ခြင်းငြဖစ်ကြောင်း လျှောက်ထားသည်။

ထိုအခါ ဆရာတော်ကြီးက “ငါမှာတဲ့စကား မင်းတို့လူကြီးတွေကို သေသေချာချာ တင်ပြနိုင်မလား”ဟု မိန့်ရာ “တင်ပြပေးပါ့မယ်၊ တပည့်တော်တို့ကို မိန့်လိုက်တာမှန်သမျှ လူကြီးတွေထံရောက်အောင် သေချာ တင်ပြပါမယ်ဘုရား၊ ဆရာတော်မိန့်လိုရာကိုသာ မိန့်တော်မူပါဘုရား”ဟု ပြန်လည်လျှောက်ထားသည်။

ယင်းသို့ ကတိပြုမှ ဆရာတော်ကြီးက လက်ချိုးကာ မိန့်တော်မူသည်။

နံပါတ်(၁)က-
အခု တစ်နိုင်ငံလုံး စာသင်ကျောင်းတွေ ပိတ်ထားတာကြာပြီ၊ ကြာရင် ကလေးတွေပညာရေး သိပ်နစ်နာ သွားမယ်၊ ဒီတော့ တိုင်းပြည်လူထုက အထူးသဖြင့် ကျောင်းသားမိဘတွေက အစိုးရအပေါ် သိပ်နာကျည်း သွားနိုင်တယ်၊ ဒါကြောင့် ကျောင်းတွေ အမြန်ဆုံးပြန်ဖွင့်နိုင်အောင် ဆောင်ရွက်ပေးပါ။

နံပါတ်(၂)က-
နိုင်ငံ့အကြီးအကဲတွေ ခေါင်းဆောင်တွေဆိုတာ နိုင်ငံအတွက် အလုပ်အင်မတန်များပြားတယ်၊ ဘယ်လောက်များလဲဆိုရင် အချိန်မလုံလောက်အောင်ကို များတယ်။ ဒီတော့ အလွန်များပြားတဲ့ တိုင်းပြည် တာဝန်တွေကိုပဲ အလေးထားလုပ်စေချင်တယ်။ အခုတော့ မင်းတို့လူကြီးတွေက မွေးနေ့ပွဲတက်ရတာနဲ့၊ ဟိုတယ်ဖွင့်ပွဲ ဆိုင်ဖွင့်ပွဲတွေ တက်အားပေးရတာနဲ့၊ အလှူမင်္ဂလာပွဲတွေ လျှောက်လိုက်နေရတာနဲ့ အချိန်တွေ တော်တော်ကုန်နေတာ တွေ့နေရတယ်။ ရှင်းရှင်းပြောရရင် တောဘုန်းကြီးတွေလို သာရေး နာရေးလျှောက်လိုက်နေတယ်။ (တောဘုန်းကြီးတွေတော့ အားနာပါတယ်၊ မူရင်းအတိုင်း ရေးခြင်းပါ။) အဲဒီတော့ သာရေးနာရေး လူမှုရေးတွေနဲ့ အချိန်မဖြုန်းဘဲ နိုင်ငံအတွက် အရေးကြီးတဲ့အလုပ်တွေ အလေးထားပြုလုပ်ကြဖို့ ပြောပေးပါ။

နံပါတ်(၃)က-
မင်းတို့အစိုးရလူကြီးတွေက သာသနာမကြည်ညိုတတ်သေးဘူး။ (ဤတွင် တပ်မှူးက -ဘာပြုလို့လဲဘုရား ဟု ကြားဖြတ်မေးလျှောက်သည်။) ငါတွေ့မြင်ရကြားရသလောက် မင်းတို့လူကြီးတွေက ဓာတ်တွေ နတ်တွေ ဥုံဖွတွေနားသွားနေတာများတယ်၊ သာသနာအတွက် တကယ်အလုပ်လုပ်နေကြတဲ့ ပရိယတ္တိစာသင်တိုက် ကြီးတွေ ပဋိပတ္တိကမ္မဋ္ဌာန်းရိပ်သာကြီးတွေကို မရောက်သလောက်ဘဲ။
အကြီးအကဲတွေအနေနဲ့ သာမညနဲ့အဓိကတော့ သရုပ်ကွဲရမှာပေါ့ကွ။ လူထုဆိုတာ အုပ်ချုပ်တဲ့ မင်းအစိုးရ နောက် အတုလိုက်တတ်တဲ့သဘာဝရှိတယ်၊ အစိုးရအကြီးအကဲတွေက ဒီလို ဓာတ်တွေ နတ်တွေ ဥုံဖွတွေ နားပဲ အဝင်အထွက်ပြုတယ် ဆည်းကပ်ကိုးကွယ်ကြမယ်ဆိုရင် လူထုကလဲ အဲသလိုပြုမူကြလိမ့်မယ်။ ဒါဟာ အနာဂတ်သာသနာအတွက် မကောင်းလှဘူး။

အဲဒီတော့ “ရာဇာပဓာနံ ဟိ သာသနံ”ဆိုတဲ့အတိုင်း သာသနာတိုးတက်ခြင်း ဆုတ်ယုတ်ခြင်းမှာ အုပ်ချုပ်တဲ့ မင်းအစိုးရက ပြဋ္ဌာန်းတယ် အရေးကြီးတယ်။
အစိုးရလူကြီးတွေက ဒီလို အပေါ်ယံလောက်လိုက်ပြီး ကိုးကွယ်ဆည်းကပ်နေကြမယ်ဆိုရင် လူထုကလဲ ဒီအတိုင်း လိုက်ပြီးကျင့်သုံးကြလိမ့်မယ်၊ အဓိကပဓဋ္ဌာနကျတဲ့ ပရိယတ်ပဋိပတ်ဝန်ဆောင် ဆရာတော်တွေကို ကိုးကွယ်ဆည်းကပ်မှု အားနည်းသွားမယ်၊ အဲသလို အားနည်းသွားရင် ဒီဆရာတော်တွေ ရဲ့ ဓမ္မဝိနယနဲ့အညီဖြစ်တဲ့ ဆုံးမသြဝါဒတွေ မရနိုင်ဘူး၊ ဆုံးမသြဝါဒတွေမရရင် လောကရေးဓမ္မရေးတွေ ကျင့်သုံးရာမှာ အကုန်လုံး လမ်းလွဲကုန်လိမ့်မယ်၊ လမ်းမှန်မရောက်နိုင်တော့ဘူး။ ဒါကြောင့် အုပ်ချုပ်တဲ့ မင်းအစိုးရလူကြီးတွေအနေနဲ့ ဒါကို သတိကြီးကြီးထားပြီး ကျင့်သုံးတတ်ဖို့ လိုတယ်။

ဆရာတော်ကြီး၏စကားဆုံးသောအခါ တပ်မှူးက- ဆရာတော်ကြီးမိန့်မှာတာအားလုံး လူကြီးတွေဆီ ရောက်အောင် တင်ပြပါ့မယ်ဘုရားဟု ပြန်လည်လျှောက်ထားသည်။

ဆရာတော်ကြီးသည် ယင်းသို့ကတိပြုလျှောက်ထားမှ စိတ်ချ ကျေနပ်သွားသည့်အလား လက်ချိုးပြောနေရာ မှ လက်များကိုဖြည်ကာ ပုံမှန်အတိုင်း ပြန်၍ထားလေသည်။

(ဤသြဝါဒစကားများကို တပ်မှူးများအစည်းအဝေးမှတဆင့် အစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင် ထောက်လှမ်းရေးအကြီးအကဲက အစိုးရတစ်ဖွဲ့လုံးအား တင်ပြသည်ဟု ကြားရသည်။ နောက်တစ်လကျော် အကြာ ဆရာတော်ကြီး ရန်ကုန်-ကမ္ဘာအေးသို့ အစည်းအဝေးကြွစဉ် နိုင်ငံတော်ထိပ်တန်းဗိုလ်ချုပ်ကြီး တစ်ယောက်က ဆရာတော့်အနား လာရောက်နှုတ်ဆက်ကန်တော့ရင်း ဆရာတော်ကြီးမိန့်ကြားလိုက်တဲ့ သြဝါဒများကို နားကြားရပါကြောင်း အတတ်နိုင်ဆုံး လိုက်နာကျင့်သုံးပါည်ဖြစ်ကြောင်း လျှောက်ထားသွား သည်ဟု သိရသည်။)

ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသ
သ စ အ ဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊
ဓမ္မာဓိပတိကျောင်း၊
မစိုးရိမ်တိုက်သစ်မဟာနာယက။