သတင်း

အမေရိကန် လူယုတ်မာကြီး စွက်ဖက်ခွင့်မရလို့ ထွက်ခွါသွား နားအေးတယ်လို့သာ မှတ်ကြပါ

လုပ်ငန်းဖော်ဆောင်ရေး အကြံပေးအဖွဲ့က ရခိုင်အရေးပဲ အကြံပေးရမှာကို ရိုက်တာသတင်းသမားနှစ်ဦးနဲ့ ပတ်သက်တာတွေ လာတောင်းဆိုနေတယ်။ အမေရိကန်သိထားတာက သူအမျိုးတွေပေးတဲ့ လုပ်ကြံသတင်းတွေသာ ဖြစ်တယ်။ အဟုတ်အမှန်သတင်းတွေကိုပြောတော့ သူကလက်မခံဘူး။

ရခိုင်အရေးကို ဖုံးဖိတယ်လို့တောင် စွပ်စွဲသွားသေးတယ်။ မြန်မာကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ပူးပေါင်းကြံစည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကယုံကြည်နေတာဟာ မှားယွင်းနေတယ်လို့ ပြောသွားသေးတယ်။ ငါးဖလှယ်က ပြောင်းပြန်ပြောနေသေးတယ်။

တကယ်ကွင်းဆင်း လေ့လာဖို့ခေါ်တော့ သတ္တဝါက လိုက်မလာဘူး။ အခုတော့ နုတ်ထွက်တာ ကောင်းပါတယ်။ တောင်သူတွေရဲ့ စကားတစ်ခွန်းရှိတယ်ဗျ မစပ်အတူ စောစောဖြုတ်တဲ့။ အလုပ်မဖြစ်မဲ့အတူတူ နုတ်ထွက်လို့ ဆိုလိုလိုက်တာပါ။ ကျေးဇူးပဲလူယုတ်မာကြီးရေ။

ခင်ဗျားတို့အမေရိကန်တွေ ကျုပ်တို့နိုင်ငံကို ဒုက္ခပေးပေါင်း များလှပြီ။ ဘယ်တော့မှ ပြန်မလာတော့နဲ့ဗျာ။ တစ်ခုတော့ရှိပါတယ်။ သူနုတ်ထွက်သွားတာ အကောင်းမဟုတ်ဘူး။  တစ်ခုခု ပညာပြချင်လို့။ ဒါကို မခံနိုင်ရင် သူတို့လိုချင်တာတွေ လိုက်လျောရလိမ့်မယ်။

ပြည်သူ့မျက်နှာကိုပဲ ကြည့်ပါ။ တိုင်းရင်းသားမျက်နှာကိုပဲ ကြည့်ပါ။ အစိုးရကို ဒါပဲပြောချင်တယ်။

ဝီရသူ(မစိုးရိမ်)
26.1.2018
PM 9:59

============================================================

“ကျနော်အနေနဲ့ ပြဿနာကို ဖုံးဖိရာမှာ မပါချင်ပါဘူး။ ဒါကြောင့် ကျနော် ချက်ချင်းနှုတ်ထွက်လိုက်တာ ဟာ အကောင်းဆုံးဖြစ်မယ်လို့ ကျနော်ခံစားမိပါတယ်။”

“ရိုက်တာသတင်းထောက်တွေကိစ္စမှာ မျှမျှတတနဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ ကျနော်ရဲ့ မေတ္တာရပ်ခံပန်ကြားချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့တုန့်ပြန်လိုက်တဲ့အပြုအမူကို ကျနော် အလွန်အင်မတန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ သတင်းထောက်နှစ်ဦးကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့ အမျက်ဒေါသကို ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ နဲ့ ပတ်သက်နေတဲ့ကိစ္စတွေဖြစ်နေတယ်လို့ ပြောတဲ့အပြင် ဒါကို အကြံပေးအဖွဲ့ဝင်တဦးအနေနဲ့ ပြောရမယ့်အလုပ်မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။ ကျနော်တို့ နှစ်ယောက်ကြား အပြန်အလှန်ပြောဆိုမှုတွေဟာ အတော်လေးကို ပြင်းထန်ခဲ့ပါတယ်။”

“မြန်မာကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ပူးပေါင်းကြံစည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကယုံကြည်နေတာဟာ မှားယွင်းနေတယ်လို့ ကျနော်မြင်ပါတယ်။မြန်မာနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးအတွက် နိုင်ငံတကာသတင်းမီဒီယာတွေ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အခြားအစိုးရတွေကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်အပြစ်တင်ပြောဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ သူ့အနားမှာရှိနေတဲ့ အသံတွေကြောင့်လို့ ကျနော်ထင်ပါတယ်။ သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပွင့်ပွင့်လင်းလင်း အကြံဥာဏ်တွေမပေးကြဘူးလို့ ကျနော်ယူဆပါတယ်။”

Bill Richardson ဟာ ၁၉၈၀ခုနှစ်တွေကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ သိကျွမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း အလွန်ပဲ လေးစားသူဖြစ်ပါတယ်။ ဒါကြောင့် အခုလို ရခိုင်အရေးကိစ္စအပြင် စွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆောင်မှု ကင်းမဲ့နေတဲ့အပေါ် သူ့အနေနဲ့ ၀မ်းနည်းကြောင်း မစ္စတာ  Richardson ကပြောပါတယ်။

ဆက်လက်ပြီးတော့ ရခိုင်အကြံပေးအဖွဲ့ကို ဦးဆောင်နေတဲ့ ထိုင်း ဒုတိယ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ Surakiart Sathirathai နဲ့ ပတ်သက်လို့လည်း အခုလို သူ့အမြင်ကို ပြောပါတယ်။ “ရခိုင်အကြံပေးအဖွဲ့ ဥက္ကဌ Surakiart အနေနဲ့ အကြံပေးအဖွဲ့ကို ဦးဆောင်ပြီးသွားချင်တဲ့ လမ်းကြောင်းကို ကျနော် သဘောမတူပါဘူး။ လုပ်ငန်းစဉ်လည်းမရှိသလို လုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့် စတဲ့ အချို့ကိစ္စတွေနဲ့ ပတ်သက်လို့လည်း အစီအစဉ် မရှိပါဘူး။”

ဒါနဲ့ ပတ်သက်လို့ မစ္စတာ Sathirathai ကို သတင်းမီဒီယာတွေဘက်က ဆက်သွယ်မေးမြန်းခဲ့တဲ့ အပေါ် တုန့်ပြန်ဖြေဆိုခြင်းမရှိသေးပါဘူး။ မနေ့ ဇန်န၀ါရီလ ၂၄ ရက်နေ့က ရခိုင်အကြံပေးအဖွဲ့ရဲ့ ပထမဆုံးရခိုင်ခရီးစဉ်ကိုတော့ မစ္စတာ Richardson လိုက်ပါသွားခြင်းမရှိခဲ့ပဲ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်သွားခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ မနေ့က ထွက်ခွာသွားပါတယ်။

အကြံပေးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Roel of Meyer ကတော့ သူတို့ ရခိုင်ခရီးစဉ်ဟာ အပြုသဘောဆောင်တယ်လို့ ပြောပြီး အကြံပေးအဖွဲ့အနေနဲ့ လက်ရှိအကြံဥာဏ်များ မပေးရသေးတဲ့အတွက်ကြောင့် အစိုးရ ရဲ့အသံကို ကိုယ်စားပြုမယ်လို့ ပြောဆိုချက်ဟာ လုံးဝမတရားတဲ့အပြင် မမှန်ကန်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဒုတိယ၀န်ကြီးချုပ်ဟောင်း Surakiart Sathirathai ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်တာဖြစ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ ဆွီဒင်လွှတ်တော်အမတ် Urban Ahlin၊ အမေရိကန်ပြည်ထောင်စု New Mexico ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson၊ ဗြိတိန် ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း ပါမောက္ခ Lord Derzi၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း Meyere စတဲ့ ပြည်ပ ၀ါရင့် အတွေ့အကြုံရှိသူ ငါးဦးနဲ့ မြန်မာနိုင်ငံက ငါးဦး စုစုပေါင်း ၁၀ ဦး ပါဝင်ခဲ့ပါတယ်။

https://burmese.voanews.com/a/ap-interview-ric…/4223108.html

 

============================================================

“အမေရိကန်ဝန်ကြီးဟောင်းကို အကြံပေးအဖွဲ့ဝင် အဖြစ်မှ ရပ်စဲကြောင်း အစိုးရထုတ်ပြန်”

ထက်အာကာကျော်

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏အကြံပေးအဖွဲ့ဝင် ဘီလ်ရစ်ချက်ဆန်ကို အဖွဲ့ဝင်အဖြစ်မှ ရပ်စဲကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
အမေရိကန်စွမ်းအင်ဝန်ကြီးဟောင်းနှင့် နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဘီလ်ရစ်ချက်ဆန်သည် အကြံပေးအဖွဲ့ ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ပြောကြားမှုကို ယမန်နေ့အစော ပိုင်းတွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပြီးနောက် အတိုင်ပင်ခံရုံးက ယင်းသို့ သတင်းထုတ်ပြန် ခြင်းဖြစ်သည်။

မြန်မာအစိုးရနှင့် ရစ်ချက်ဆန်တို့အကြား မတူညီသည့် ခံယူချက်များ ရှိနေခြင်းကြောင့် ၎င်းကို အကြံပေးအဖွဲ့တွင် ဆက်လက်ထည့်သွင်း ပါဝင်စေခြင်းသည် သက်ဆိုင်သူအားလုံးကို အကျိုးပြု မည်မဟုတ်သဖြင့် အကြံပေးအဖွဲ့တွင် ၎င်း၏ပါဝင်မှုကို ရပ်စဲရန် အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံ ပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ဝင် ၁၀ ဦးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရ အဖွဲ့ဝင်များနှင့် ဇန်နဝါရီ ၂၂ ရက်တွင် ပထမဆုံး အကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် မစ္စတာရစ်ချက်ဆန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အခြေခံ၍ အကြံပေးခြင်းမျိုး မရှိဘဲ ၎င်း၏ပုဂ္ဂလိက အကျိုးကို ရှေးရှုခဲ့ကြောင်း အတိုင်ပင်ခံရုံးထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာဆက်သီယာထိုင်း ဦးဆောင်သည့် အကြံပေးအဖွဲ့ကို ပြင်ပပညာရှင်ငါးဦး၊ ပြည်တွင်းပညာရှင် ငါးဦးစီးဖြင့် ၂၀၁၇ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သည်။ ပြည်ပပညာရှင် ငါးဦးတွင် ရစ်ချက်ဆန်က တစ်ဦးအပါအဝင်ဖြစ်သည်။ အဆိုပါအကြံပေးအဖွဲ့ဝင် များ၏ လုပ်ပိုင်ခွင့် (Mandate) သည် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ရေး ကော်မတီအတွက် လုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စေရန် လုပ်ဆောင်သင့် သည်များကို အကြံပေးရန်အတွက်သာဖြစ်ပြီး အခြားသော နိုင်ငံရေးရာအကြောင်းအရာများ မပါဝင်ကြောင်း အတိုင်ပင်ခံရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

‘‘သူ (ရစ်ချက်ဆန်) က အဲဒါ တွေ Mandate ကိုကျော်လွန်ပြီး ပြောဆိုတာတွေ၊ ဆွေးနွေးတာ တွေဖြစ်တယ်။ သူရဲ့ Mandate ကို ကျွန်တော်တို့က လုပ်ငန်းလမ်း ညွှန် (Terms of Reference) ပေးထားတယ်။ သူတို့အဖွဲ့ဝင်တွေ အကုန်လုံးကို ပေးထားတယ်’’ ဟု ၎င်းကဆိုသည်။

ရစ်ချက်ဆန်သည် နေပြည်တော်သို့ ရောက်လာပြီးနောက် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံခွင့် တောင်းဆိုခဲ့ကြောင်းနှင့် တွေ့ဆုံလိုသည့် အကြောင်းရင်းသည် ရိုက်တာသတင်းထောက် နှစ်ဦးနှင့် ပတ်သက်၍ ဖြစ်ကြောင်း၊ သို့သော်ပြည်ထဲရေးဝန်ကြီးက တွေ့ဆုံခွင့်မပေးခဲ့ဘဲ ယင်းအကြောင်းအရာကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် အစည်းအဝေး၌ ထည့်သွင်းပြောကြားခဲ့ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

‘‘သူ (ရစ်ချက်ဆန်) က ဒေါက်တာဝင်းမြတ်အေးခေါင်း ဆောင်တဲ့ အကြံပြုချက်များ အ ကောင်အထည်ဖော်ရေးဆိုင်ရာ ကော်မတီနဲ့ ပတ်သက်လို့ အကြံ ပေးအဖွဲ့ရဲ့ ကိစ္စရပ်တွေကိုပဲ ဆွေးနွေးသင့်တယ်။ မဆိုင်တာတွေ ဆွေးနွေးတဲ့ အပေါ်မှာ အစိုးရဘက်က ခေါင်းဆောင်တွေက ပြောတဲ့ဆိုတဲ့အပေါ်မှာ သူမခံမရပ်နိုင်ဖြစ်ပုံရတယ်’’ ဟု ဦးဇော် ဌေးက ဆက်လက်ပြောသည်။

နေပြည်တော် အစည်းအဝေးတွင် ယင်းသို့ဖြစ်ပွားပြီး နောက် ရစ်ချက်ဆန်သည် ဇန်နဝါရီ ၂၄ ရက်၌ အခြားသော အကြံပေးအဖွဲ့ဝင်များ၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လိုက်ပါခြင်းမရှိဘဲ အမေရိကန်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ ယင်းနေ့ တွင်ပင် အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း VOA သတင်း ဌာနက ဖော်ပြသည်။

ရိုက်တာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ရစ်ချက်ဆန်က အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းသည် ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ ဖုံးဖိဖာထေးရန် အယောင်ပြ ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ယင်းအဖွဲ့အစည်း၏ အစိတ်အပိုင်းအဖြစ် မပါဝင်လို၍ နုတ်ထွက်ခဲ့ကြောင်း ပြောကြားသည်။

ထို့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကျင့်ဝတ်သိက္ခာပိုင်းအရ ခေါင်းဆာင်မှုကင်းမဲ့နေကြောင်းနှင့် အကြံပေးအဖွဲ့နှင့် ဆွေးနွေးရာတွင် သတင်းမီဒီယာ၊ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးအဖွဲ့များအပေါ် ဝေဖန်မှုများတွေ့ရပြီး ဖမ်းဆီးခံ ရိုက်တာသတင်း ထောက်နှစ်ဦး လွတ်မြောက်ရေး နှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် ပြောရာ၌ ရခိုင်အကြံပေး အဖွဲ့နှင့် မသက်ဆိုင်ကြောင်း ဒေါသဖြင့် တုံ့ပြန်ခဲ့သည်ဟု ရစ်ချက်ဆန်က ပြောကြားခဲ့ကြောင်း VOA သတင်းဌာနက ယမန်နေ့တွင် ဖော်ပြသည်။

ယင်းစွပ်စွဲမှုနှင့်ပတ်သက်၍ ဦးဇော်ဌေးက မစ္စတာရစ်ချက်ဆန်သည် ၎င်း၏လုပ်ငန်းတာဝန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းကို နားလည်မှုမရှိကြောင်းနှင့် မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်ရန်လိုအပ်ကြောင်း တုံ့ပြန်ပြောကြားသည်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ အကြံပေးအဖွဲ့ကို အယောင်ပြဖွဲ့စည်းခြင်း ဟု စွပ်စွဲမှုအပေါ် စိတ်မကောင်း ဖြစ်မိကြောင်းနှင့် လက်ရှိ၎င်း၏ ပြောဆိုချက်များနှင့်ပတ်သက်၍ စိတ်ပျက်မိကြောင်းလည်း ဦးဇော် ဌေးက ဆက်လက်ပြောသည်။

ရစ်ချက်ဆန်၏ ပြောဆိုချက်များသည် ကော်မရှင်၏လုပ်ငန်းတာဝန်ရပ်များကို ကျော်လွန်ပြီး စိတ်ဆန္ဒစောစွာ ပြောခဲ့ခြင်းဖြစ်ကာ၊ အဆိုပါပြောဆိုချက်များမှာ မျှတမှုမရှိကြောင်း အကြံပေးအဖွဲ့ဝင် တစ်ဦးဖြစ်သော တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်းက ယမန်နေ့က သတင်း စာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားခဲ့သည်။

ရစ်ချက်ဆန် နုတ်ထွက်ရခြင်းအကြောင်းရင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် HRW လူ့အခွင့်အရေးအဖွဲ့ကလည်း စိုးရိမ်စိတ် ပျက်ကြောင်း တုံ့ပြန်ခဲ့သည်။

ထို့အပြင် ရခိုင်ပဋိပက္ခ သတင်းယူစဉ် ဖမ်းဆီးခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦး လွတ်မြောက်ရေးနှင့် ပတ်သက်၍ ရစ်ချက်ဆန်က မေတ္တာရပ်ခံခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ဒေါသဖြင့် တုံ့ပြန်ခဲ့မှုအပေါ် HRW က ဝေဖန်ခဲ့သည်။

http://www.7daydaily.com/story/118846