သတင်း

ခေတ်သစ်စောလူးမင်းများ

မနက်ဖြန် 19.9.2017 မှာ ကျင်းပမည့် လူထုအင်အားပြပွဲကြီး ဖျက်သိမ်းလိုက်ရပါပြီ။
ပထမ ကြားရသည်မှာ ဝီရသူပါလျှင် ခွင့်မပြုနိုင်ဘူးဟုဆိုသောကြောင့် ဟောပြောမည့်စာရင်းထဲ ဝီရသူမထည့်တော့ပါ။
ထိုအခါ ရဲတပ်ဖွဲ့မှူးကလည်း အသိပေးအကြောင်းကြားစာကို လက်ခံပါတယ်။
ငြင်းပယ်ခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ဖြုတ်ပယ်ခြင်း လုံးဝမပြုတဲ့အတွက်ကြောင့် ဒီကနေ့မှာ ဟောပြောစင်တွေဘာတွေတောင် ဆောက်လုပ်ပြီးသွားပါပြီ။
အဲဒီလိုလုပ်ပြီးကာမှ အတိုင်ပင်ခံမိန့်ခွန်း LED နှင့်ပြမယ် မနောရမံကွင်းမှာပဲပြမယ်လို့ ဒုတိယအနေနှင့် ထပ်မံကြားရပါတယ်။
ဒါပေမဲ့ အခမ်းအနားကျင်းပမှာက လွန်ရောကျွံရော တစ်နာရီသာသာပါ။ အလွန်ဆုံး မနက် ၉း၄၅ မှာ အားလုံးပြီးစီးမှာပါ။
LED မိန့်ခွန်းက ၁၀း၀၀ နာရီမှ လာမှာဖြစ်လို့ အခမ်းအနားလာပရိသတ်များက မိန့်ခွန်းကို ဆက်လက်နားထောင်ရင်း အားဖြည့်ကြဖို့ စီစဉ်ထားတာပါ။
ဒါကိုပဲ LED မိန့်ခွန်းအကြောင်းပြပြီး ပယ်ချလိုက်ပါတယ်။
ဒီနေ့ နေ့လည်ပိုင်းကျမှ မဟာအောင်မြေအုပ်ချုပ်ရေးမှူးက ခေါ်ပြောတာပါ။
အချိန်ပြောင်းလုပ်မယ်ပြောတော့လည်း လက်မခံပါ။ နေရာပြောင်းလုပ်မယ်ပြောတော့လည်း လက်မခံပါ။ စုဝေးဟောပြောမှုမလုပ်တော့ဘဲ စီတန်းလှည့်လည်ရုံပဲ လုပ်မယ်ပြောတော့လည်း လက်ခံမယ်မပြောဘဲ တင်ရုံပဲတင်ခိုင်းပါတယ်။
ဒါကြောင့် ပွဲစီစဉ်သူများက အစည်းအဝေးထိုင်ကာ ပြန်လည်ရုပ်သိမ်းလိုက်ခြင်းပါပဲ။ NLD ပါတီမှလွဲပြီးတော့ မန္တလေးအခြေစိုက် ပါတီအားလုံးနီးပါး စုပေါင်းကျင်းပတဲ့ပွဲပါ။
နိုင်ငံတကာဖိအားကိုကန့်ကွက်တဲ့အနေနှင့် အမျိုးသားရေးစိတ်အပြည့်ထည့်ပြီး အင်အားပြကြဖို့ စီစဉ်ထားကြတာပါ။
နိုင်ငံရေး ဘာသာရေး ပုဂ္ဂိုလ်ရေးတွေ မပါဖို့နှင့် နိုင်ငံရေးအမြတ်ထုတ်တယ်ဟု စွပ်စွဲမခံရအောင် ပါတီအမှတ်တံဆိပ် အလံ ရင်ထိုး ဝတ်စုံအပါအဝင် ပါတီအမှတ်အသားအားလုံး တစ်ဦးတစ်ယောက်တစ်လေမျှ မသုံးရဟု စည်းကမ်းသတ်မှတ်ထားကြတာပါ။
ကြံ့ခိုင်ရေးဆိုလျှင် အစိမ်းရောင်ဆိုလို့ ဘော့ပင်အစိမ်းတောင် မယူခဲ့ရဘူးဟု တင်းကြပ်ထားတာတွေ့ရ ပါတယ်။
ဆိုင်းဘုတ်တွေကြည့်ရင်လည်း သိနိုင်ပါတယ်။
ကြွေးကြော်သံကိုကြည့်ရင်လည်း သိနိုင်ပါတယ်။
နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီအကြမ်းဖက်မှုပပျောက်ရေး ဒို့အရေး
ပြည်ပစွက်ဖက်မှုအန္တရာယ် ကာကွယ်တားဆီးရေး ဒို့အရေး
ဒါတွေဟာ ဘယ်သူ့အတွက်လည်း သိနိုင်မှာပါ။
ဘာပဲဖြစ်ဖြစ် အတိုင်ပင်ခံမိန့်ခွန်းကို စောင့်နားထောင်ပါဦးမယ်။
UN နှင့် နိုင်ငံတကာသတင်းများကို စောင့်ကြည့်ပါဦးမယ်။
ပြီးမှ စဉ်းစားဆုံးဖြတ်ပါမယ်။
အမျိုးသားရေးသမားနှင့်နိုင်ငံရေးသမား မတူပါဘူး။
နိုင်ငံရေးသမားက အာဏာဆိုတဲ့မျှော်လင့်ချက်လည်းရှိတယ်၊ အာဏာမစွန့်လွှတ်ချင်တဲ့ အာဏာရမ္မက်လည်းရှိတယ်၊ အာဏာတည်မြဲအောင် အကြိုက်လိုက်ရတာမျိုးလည်း ရှိတယ်၊ ထိုအခါ နိုင်ငံကို ရောင်းစားမိတာလည်းရှိတယ်၊ တစ်မျိုးသားလုံးအပေါ် သစ္စာဖောက်တာတွေလည်းရှိတယ်၊ တကယ်တော့ နိုင်ငံရေးသမားဆိုတာ ဘယ်သူသေသေ ငတေမာလူစားမျိုးတွေပဲများပါတယ်။
မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့ နိုင်ငံရေးသမားမှန်သမျှ အစိုးရမှန်သမျှ အားမနာတမ်း လိုက်ကြည့်လိုက်ရင် တွေ့မှာပါ။
အမျိုးသားရေးသမားဆိုတာတော့ အာဏာဆိုတဲ့မျှော်လင့်ချက်လည်းမရှိဘူး၊ အာဏာလက်ရောက် မဟုတ်လို့ အာဏာကိုဆုပ်ကိုင်ထားခြင်း အာဏာတည်မြဲရေးအတွက် အကြိုက်ဆောင်ခြင်း စတာတွေလည်းမရှိဘူးဆိုတော့ နိုင်ငံကိုရောင်းစားတာတို့ အမျိုးသားသစ္စာဖောက်မှု ကျူးလွန်တာတို့လည်း မရှိတော့ဘူးပေါ့။
လွတ်လပ်ရေးရရင် စာရေးစားမယ်ဆိုတဲ့ စကားကိုထောက်ရင် ဗိုလ်ချုပ်ဟာ အမျိုးသားရေးသမားပါ။
နိုင်ငံရေးသမားမဟုတ်ပါဘူး။
ဒါကြောင့် သူဟာ အမျိုးသားရေးအကျိုးစီးပွားကို ဘုံရည်မှန်းချက်အဖြစ်ပဲ သတ်မှတ်ထားတယ်။
လွတ်လပ်ရေုးဆိုတဲ့ အမျိုးသားရေးပန်းတိုင်အတွက် ဂျပန်နှင့်လည်းပေါင်းခဲ့တယ်၊ အင်္ဂလိပ်နှင့်လည်း ပေါင်းခဲ့တယ်၊ ဂျပန်ကိုလည်းတော်လှန်ခဲ့တယ်၊ အင်္ဂလိပ်ကိုလည်း တော်လှန်ခဲ့တယ်၊ မတတ်သာလို့သာ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပယ်ခဲ့ပေမဲ့ ကွန်မြူနစ်ကို အင်္ဂလိပ်ကနှိပ်ကွပ်တဲ့အခါ ဗိုလ်ချုပ်ကိုယ်တိုင် ရှေ့ဆုံးမှ ချီတက်ပြီး ဆန္ဒပြတောင်းဆိုခဲ့ဖူးတယ်။
ဒါဟာ အမျိုးသားရေးသမားတွေရဲ့ ခံယူချက်အစစ်အမှန်ပဲ။
အဲဒီလိုပဲ ဦးပဉ္စင်းဟာ ၂၀၁၂ စက်တင်ဘာလမှာ သမ္မတကြီးဦးသိန်းစိန်ကို ထောက်ခံတဲ့ ဆန္ဒဖော်ထုတ်ပွဲတွေ မန္တလေးမှာ အကြီးအကျယ် ဦးဆောင်ကျင်းပခဲ့ဖူးတယ်။
အခုလို ဘင်္ဂလီအကြမ်းဖက်အရေးကြောင့်ပါပဲ။
ဦးသိန်းစိန်ကို နိုင်ငံရေးအရထောက်ခံခဲ့တာမဟုတ်ဘူး၊ အမျိုးသားရေးအရ ထောက်ခံခဲ့တာ။
ဒီကနေ့ ၂၀၁၇ စက်တင်ဘာလမှာ ဘင်္ဂလီအကြမ်းဖက်သမားတစ်စခန်းပြန်ထခဲ့ပြီ။
နိုင်ငံတကာဖိအားက ဦးသိန်းစိန်လက်ထက်ကထက် အဆတစ်ရာမက ပိုပြင်းထန်နေတယ်။
အစိုးရကို ပြည်သူတွေ အကာအကွယ်ပေးမှဖြစ်မယ်။
အစိုးရဘက်မှ ရဟန်းရှင်လူပြည်သူအားလုံး မားမားမတ်မတ် ရပ်တည်မှသာ နိုင်ငံတကာဖိအားကို တွန်းလှန်နိုင်မယ်။
ဒီရည်ရွယ်ချက်နှင့် ဒီပွဲကျင်းပဖို့ စိတ်ကူးရခဲ့သလို ဦးဆောင်ကျင်းပတဲ့ ပါတီများကိုလည်း အပြည့်အဝဝန်းရံဖို့ အကြံပေးတာတွေ၊ အားပေးတာတွေ၊ အပင်ပန်းခံပြီး လုပ်ဆောင်ခဲ့တာပါ။
အခုတော့ စောလူးမင်းတွေက ကျန်စစ်သားကို သူခိုး’ ဟစ်လိုက်ကြပါပြီ။
ကျန်စစ်သားကြီးတွေလည်း စောလူးမင်းတွေကို ပစ်ချထားခဲ့ရပါပြီ။
ကျန်စစ်သားကြီးတွေမှာတော့ စိတ်မကောင်းဖြစ်နေမိတော့မှာ အမှန်ပါ။
မြန်မာပြည်မှ ခေတ်သစ်စောလူးမင်းကြီးတွေရေ အမျှ…..အမျှ……အမျှ……။
ဝီရသူ(မစိုးရိမ်)
18.9.2017
PM 8:37
(ဓာတ်ပုံများသည် မနက်ဖြန် ကျင်းပတဲ့အခါ အားဖြည့်ဖို့ စိတ်ကူးပုံရိပ်တွေပဲဖြစ်ပါတယ်။)