သတင်း

ဂျော့ဆိုးရို့စ်ဆိုတာ ပြဿနာကောင်ပါ(၂-နိဂုံး)

နည်းတဲ့အကောင်ကြီးမဟုတ်ဘူး ကမ္ဘာ့ပြဿနာကောင်ကြီး။ နိုင်ငံတစ်ခုတည်းကိုသာ ကိုင်လှုပ်နိုင်တာမဟုတ်ဘူး အာစီယံကိုပါ ကိုင်လှုပ်နိုင်ခဲ့တဲ့သူ။

၈၈ အရေးအခင်းလည်း သူ့ပယောဂပါတယ်။ ၉၇ အာဆီယံအကြပ်အတည်းလည်း သူ့လက်ချက်ပဲ။ နောက်ဆုံး သြဂုတ်လ အကြမ်းဖက်မှုကြီးတောင် သူ့လက်ရာမကင်းဘူးလို့ ဝေဖန်ထားတဲ့ဆောင်းပါးပါ။

ဂျော့ဆိုးရို့စ်က ပြည်တွင်းက နိုင်ငံရေးအဖွဲ့အစည်းတစ်ခုကို ဒေါ်လာ ၆၇သန်း စပွန်ဆာပေးထားတဲ့အကြောင်း ၂၀၁၂ ခုနှစ်တုန်းက ဖတ်လိုက်ရသလို၊ ဖုန်းစကားပြောနေတာတွေကို တွေ့မြင်ရတဲ့သူတွေက ပြန်လည်ပြောပြလို့ သိခဲ့ရတာလည်း ရှိပါတယ်။

ပြည်သူ့အတွက်ဆိုသူတွေ ဒေါ်လာရတော့ ပြည်သူ့အတွက် ဘာတွေလုပ်ပေးသေးလဲဟင်! ပြည်သူ့အတွက် ထောင်ကျခံနိုင်ခဲ့ပေမယ့် ဒေါ်လာရတော့ ဘာမှလုပ်မပေးနိုင်တော့ဘူးပေါ့ဗျာ။

ဒီထဲမှာ NLD အစိုးရတက်လာတော့ သူ့ရည်ရွယ်ချက် အောင်မြင်ပြီလို့ ဂျော့ဆိုးရို့စ်ကြီး ကြုံးဝါးထားတာ ပါပါတယ်။ ဒါဆိုရင် NLD အစိုးရနှင့် ဂျော့ဆိုးရို့စ်ဘယ်လိုပတ်သက်တယ်ဆိုတာ ထင်ရှားပါပြီ။

အဲဒီဂျော့ဆိုးရို့စ်ကြီး ရခိုင်ကိုသွားသေးတယ်နော်၊ မှတ်မိကြလား။ အဲ့ဒီဂျော့ဆိုးရို့စ်ကြီးနဲ့ ဘယ်သူတွေတွေ့ဆုံတယ်ဆိုတာရော မှတ်မိကြလား။ ပရိသတ်ကြီး စာဖတ်အားနည်းမှန်းသိလို့ ဆောင်းပါးတစ်ပုဒ်တည်းကိုပဲ နှစ်ပိုင်းခွဲပြီး တင်ပေးလိုက်တာပါ။
ဒါက ဒုတိယပိုင်း(နိဂုံး)ဖြစ်ပါတယ်။

20.11.2017 ရက်နေ့ထုတ် The Voice Daily ပါ ဆရာချစ်ဝင်းမောင်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။

ဝီရသူ(မစိုးရိမ်)
5.12.2017
PM 6:33
========================================================
“ရခိုင်အရေးဟာ ဆိုးရိုစ့်လက်ချက်လား”
======================

၂၀၀၃ ခုနှစ်မှာ အမေရိကန်နိုင်ငံခြားဆက်ဆံရေးကောင်စီက Burma: Time for Change အမည်နဲ့ မှတ်တမ်းတစ်စောင်ကို ထုတ်ပြန်ခဲ့တယ်။ ဒီမှတ်တမ်းကို ပြုစုခဲ့တာက Burma Task Force ဖြစ်ပြီး ဒီအဖွဲ့မှာ ဂျော့ဆိုးရို့စ်၊ ဆီးနိတ်အမတ် မစ်မက်ကောနဲလ်၊ အမျိုးသားဒီမိုကရက်တစ်အင်စတီကျူက နိုင်ငံတကာရေးရာ ဒါရိုက်တာ ကက်နက်ဝေါလေ့စ်စတဲ့ ပုဂ္ဂိုလ်များအပြင် နိုင်ငံရေးနဲ့ မီဒီယာနယ်ပယ်က ထင်ရှားတဲ့ပုဂ္ဂိုလ်တွေပါဝင်ခဲ့တယ်လို့ ဆိုတယ်။ အဓိက အကြောင်းအရာကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးမှာ အမေရိကန်ရဲ့ အကူအညီမပါမဖြစ် လိုအပ်တယ်ဆိုတာပါ။

ဆိုးရို့စ်က ထောက်ပံ့ထားတဲ့ Media Matters စောင့်ကြည့်ရေးအဖွဲ့ရဲ့ အဆိုအရ ဘီလျံနာသူဌေးကြီး ဆိုးရို့စ်ဟာ အဲဒီချိန်က စစ်အစိုးရ ဆန့်ကျင်ရေးအတွက် မီဒီယာအဖွဲ့အစည်းတွေကို ငွေကြေးပံ့ပိုးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုတယ်။ ဒီအထဲမှာ တိုင်းရင်းသားမီဒီယာအဖွဲ့အစည်း ၁၁ခုနဲ့ဖွဲ့စည်းထားတဲ့ Burma News International(BNI)လည်း ပါဝင်ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ကိုယ်ပိုင်သတင်းရေးသား ဖော်ထုတ်နိုင်ဖို့ ပံ့ပိုးမှုတွေပေးခဲ့တယ်လို့ သိရတယ်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာ NLD ပါတီက တောင်ပြိုကမ်းပြိုအနိုင်ရရှိပြီး လွှတ်တော်နှစ်ရပ်စလုံး အမတ်နေရာ အများဆုံးရရှိသွားပြီးချိန်မှာတော့ အမေရိကန်ဘီလျံနာ ဆိုးရို့စ်က သူ့ရဲ့ရည်မှန်းချက် အောင်မြင်သွားပြီး Mission Accomplished လို့ တရားဝင်ကြေညာသွားတယ်။ ရွေးကောက်ပွဲမတိုင်မီ နှစ်ဝက်လောက်ကတည်းက ဆိုးရို့စ်က နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံလာတဲ့ သူရဲ့ မြန်မာပြည်စီမံကိန်း အောင်မြင်သွားပြီလို့ ဂျာနယ်လစ်တွေကို ထုတ်ပြောခဲ့တယ်လို့ ဆိုတယ်။

“ဆိုးရို့်စ်ဟာ မြန်မာနိုင်ငံမှာ သူတို့လိုလားတဲ့ စိတ်ကြိုက်အစိုးရအဖွဲ့တစ်ခုဖြစ်လာဖို့ ငွေကြေး၊ နိုင်ငံရေးနဲ့ လုပ်ငန်းစဉ်အထောက်အပံ့ပေးနေတဲ့ အမေရိကန်အဖွဲ့အစည်းတွေထဲက အမေရိကန်တစ်ဦးပါ။ သူဟာ သူ့ရဲ့အာဏာ၊ ဓနဥစ္စာနဲ့ သြဇာကို အမြင့်ဆုံးအသုံးချပြီး နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရ၊ အဖွဲ့အစည်း၊ အဲဒီနိုင်ငံရဲ့ သဘာဝရင်းမြစ်၊ ကုန်ထုတ်လုပ်ငန်းနဲ့ ပြည်သူတွေကို သူလိုချင်သလို ပုံသွင်းနေသူပါ”လို့ ပထဝီနိုင်ငံရေးသုတေသီ ကာတာလူစီက ပြောပါတယ်။
တကယ်တော့ အမေရိကန်ဟာ အာရှမှာ တရုတ်ရဲ့သြဇာလွှမ်းမိုးမှုကြီးထွားမလာအောင်၊ ထောင်တက်လာတဲ့တရုတ်ကို ထိန်းထားဖို့ မူဝါဒတွေ ဟိုးအရင်ကတည်းက ရှိထားခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များကစလို့ ဒီနေ့အထိ ပင်တာဂွန်စာတမ်းတွေမှာ အာရှမှာရှိတဲ့ အမေရိကန်အကျိုးစီးပွားကို ကာကွယ်ဖို့ တက်လာတဲ့ တရုတ်ကို ပိတ်ဆို့ဟန့်တားထားရမယ်ဆိုတဲ့အချက် ပါဝင်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ အစိုးရအဖွဲ့နဲ့ အင်စတီကျူးရှင်တွေကို ချုပ်ကိုင်ထားခြင်းဖြင့် အာရှပစိဖိတ်မှာ အမေရိကန်အကျိုးစီးပွားကို ခြိမ်းခြောက်လာမယ့်အရေးက တရုတ်ကို ဟန့်တားထားနိုင်မယ်လို့ ယုံကြည်ထားကြတယ်။

အခု ရခိုင်ပြည်နယ်မှာ(ရိုဟင်ဂျာ)ဘင်္ဂလီအရေးဖြစ်လာတော့ ဒီကိစ္စဟာ တရုတ်အကျိုးစီးပွားကို ဟန့်တားဖို့ အကောင်းဆုံးအခြေခံအကြောင်းရင်းဖြစ်လာတယ်လို့ ကာတာလူစီက သုံးသပ်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရေနံပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းအပြင် တရုတ်ရဲ့ မဟာဗျူဟာမြောက် စက်မှုဇုန် စတဲ့တရုတ်အကျိုးစီးပွားတွေရှိနေပါတယ်။ ရခိုင်ပြဿနာ ကြီးထွားလာပြီး မြန်မာစစ်တပ်က ဘင်္ဂါလီတွေကို လူမျိုးတုံးသတ်ဖြတ်နေတဲ့ အသံကျယ်လောင်လာအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပြစ်တင်ဝေဖန်လာအောင် လုပ်နေတာတွေဟာ တကယ်တော့ လုပ်ဇာတ်တွေပါပဲလို့ ကာတာလူစီက သုံးသပ်ထားပါတယ်။ အခြေအနေဆိုးလာပြီး အနောက်အုပ်စုက ဝင်ရောက်စွက်ဖက်တဲ့အခါ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာကိုလျှော့ချပြီး အရပ်သားအစိုးရအပေါ် စိတ်တိုင်းကျ လွှမ်းမိုးနိုင်ဖို့ဖြစ်တယ်လို့ ပထဝီနိုင်ငံရေးသုတေသီ ကာတာလူစီက သုံးသပ်ရေးသားထားပါတယ်။

ဒါဟာ ပထဝီနိုင်ငံရေးသုတေသီတစ်ဦးရဲ့ သုံးသပ်ချက် အာဘော်သာဖြစ်ပြီး လက်တွေ့မှာ ဘယ်လောက်အထိ နီးစပ်မှု ရှိ မရှိ ယုတ္တိ တန် မတန်ဆိုတာကတော့ မိမိတို့ဘာသာ မိမိ စဉ်းစားဆုံးဖြတ်ကြဖို့ပါ။

ချစ်ဝင်းမောင်
၁၆.၁၁.၂၀၁၇