သတင်း

နောင်ချိုမြို့နယ် သပြေဒိုးရွာ ကျောင်းအပ်ပွဲ

9.1.2018 ပြာသိုလဆုတ်၁၀ရက်နေ့ မွန်းလွဲ ၁း၀၀ နာရီ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သပြေဒိုးကျေးရွာ ဘုန်းကြီးကျောင်းတိုက်မှာကျင်းပပါတယ်။ ကျောင်းထိုင်ဆရာတော်ဦးကောဝိဒက စာရေးသူရဲ့ နောင်တော်အရွယ်လည်းဖြစ် မစိုးရိမ်တိုက်သစ် သိမ်ကျောင်းမှာအတူနေရစဉ် သကျသီဟစာသင်တန်း စာအတူလုပ်ဘက်လည်းဖြစ်လို့ မစိုးရိမ်တိုက်သစ်သူငယ်ချင်းများ မစိုးရိမ်တိုက်သစ်နာယက ဆရာတော်များ ကြွရောက်အားပေးကြပါတယ်။

သပြေဒိုးရွာ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးမရှိသေးတာကြောင့် ရွာသူရွာသားများက ရပ်ကျေးသံဃနာယက သုံးဆယ်ရွာ မြို့မကျောင်းဆရာတော်ထံ လျှောက်ထားရာ မြို့မကျောင်းဆရာတော် ဦးပညာသာရက စာရေးသူထံ ရွာသူရွာသားများလွှတ်ပြီး ကျောင်းထိုင်ဆရာတော်ရှာခိုင်းတာပါ။ နောင်တော်ကြီးဦးကောဝိဒက ကျောင်းမထိုင်ရသေးဘဲ မန္တလေးကို အလည်ရောက်နေတာနဲ့ကြုံလို့ တစ်ခါတည်း မိတ်ဆက်ပေးလိုက်ပါတယ်။

ရွာသူရွာသားတွေကလည်း နောင်တော်ကြီးဦးကောဝိဒကိုကြည်ညိုလို့ တစ်ပါတည်း ပင့်သွားတာပါ။ နောင်တော်ကြီးကလည်း တစ်ပါတည်းလိုက်သွားပြီး ကျောင်းထိုင်ခဲ့တာ အခုဆိုရင် သုံးနှစ်တောင်ရှိပါပြီ။ အခုမှပဲ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံပွဲ ကျင်းပနိုင်ခဲ့တာပါ။

နောင်တော်ကြီးဦးကောဝိဒက ကံထူးပါတယ်။ သပြေဒိုးရွာသူရွာသားတွေက ရွာမှာကျောင်းမရှိ ကျောင်းထိုင်ဘုန်းကြီးမရှိလို့ အခြားရွာသွားပြီး သီလယူကြရတာပါ။ ကျောင်းဆောက်တာ မကြာသေးပါဘူး။ ကျောင်းထိုင်မည့်သူလည်း မရှိသေးပါဘူး။
ကျောင်းအသစ်စက်စက်မှာ ကျောင်းထိုင်လိုက်ရတဲ့အတွက် ကံထူးတယ်လို့ ဆိုတာပါ။

ရှမ်းရွာလေးတစ်ရွာဖြစ်ပါတယ်။ အိမ်ခြေ ၆၁အိမ်ပဲရှိပါတယ်။ ဒါပေမဲ့ သဒ္ဓါတရားကောင်းကြပါတယ်။ ကျောင်းကြီး အကြီးကြီးပါ။ နောင်တော်ကြီးဦးကောဝိဒကံကောင်းသလို သပြေဒိုးရွာသူ ရွာသားတွေလည်း ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင် နောင်တော်ကြီးဦးကောဝိဒက သာသနဓဇဓမ္မာစရိယ ဘွဲ့လည်းရရှိထားပြီး အနေအထိုင်လည်းကောင်း စိတ်ထားလည်းကောင်းလို့ပါပဲ။

ဝိဇ္ဇာ=အရည်အချင်း
စရဏ=ကိုယ်ကျင့်တရား
ဒီနှစ်ပါးနှင့်ပြည့်စုံနေတဲ့ ဘုန်းကြီးတစ်ပါးကို ရွာသူရွာသားတွေအတွက် ရရှိဖို့ အင်မတန်ခက်ခဲလို့ပါပဲ။ နောင်တော်ကြီးဦးကောဝိဒနှင့် သပြေဒိုးရွာသူရွာသားများ ဗုဒ္ဓသာသနာတော်ကို ဆရာဒကာ ညီညွတ်စွာ ထွန်းလင်းတောက်ပအောင် ပြုနိုင်ကြပါစေသော်…….ဝ်။