သတင်း

ပျောက်ဆုံးနေသူ မောင်သန်းဌေး၏ အသုံးအဆောင် ပစ္စည်းတချို့နှင့် အကြမ်းဖက်သမားများ၏ စခန်း၊ ဆန်အိတ်၊ ပန်းကန်များတွေ့ရှိပီ

နိရဉ္စရာ၊ ဇူလိုင် ၃၀

ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် ချွတ်ပြင်ရွာမှ ပျောက်ဆုံးနေသူ မောင်သန်းဌေးအား တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ရွာသားများမှ ယနေ့ ပူးပေါင်း ရှာဖွေနေရာ မောင်သန်းဌေး၏ အသုံးအဆောင် ပစ္စည်း တစ်ချို့နှင့် အတူ အကြမ်းဖက်သမားများ ခိုအောင်းနေသည့် တဲများ၊ ဆန်အိတ်များ၊ ပန်းကန်များကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရှာဖွေရာတွင် ပါဝင်သူ ဦးမောင်ထွန်းစိန်က ပြောသည်။

“ အခု တွေ့တာက မောင်သန်းဌေးရဲ့ လွယ်အိတ်၊ လောက်လေးဂွ၊ မြင်းစူး (မျှား)တွေကို တွေ့ပါတယ်။ ပီးရင် စခန်းအဆောင် သုံးလုံးကို ဒီကနေ့မှာ ထပ်တွေ့ ပါတယ်။ အဲဒီမှာ ဆန်အိတ် ၄ အိတ်၊ ထမင်းစားတဲ့ ပန်းကန်အချပ် ၄၀ လောက်တွေ့ပါတယ်” ဟု ယနေ့ ညနေ ၄ နာရီက ဆက်သွယ်စဉ် မေယူတောင်ပေါ်ကို ရောက်နေသူ ဦးမောင်ထွန်းစိန်က နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

ယနေ့ နေ့လယ် ၁၂ နာရီက အဆိုပါ ပစ္စည်းများကို မောင်သန်းဌေး ပျောက်ဆုံးရာ သင်္ကန်းနက်တောင်တွင် တွေ့ခဲ့ရသည်ဟု သူက ပြောသည်။

“ ဆက်လက် ရှာဖွေနေတုန်း ဖြစ်ပါတယ်။ တစ်ခြားသဲလွန်စတွေတော့ မရသေးဘူး။ ခွေးကိုလည်း မတွေ့ရပါ။ စခန်းကတော့ အကြမ်းဖက်သမားစခန်းဘဲ ဖြစ်ပါတယ်။ တပ်ကစစ်ဆေးနေပါတယ်” ဟု ဆိုသည်။

ယနေ့ ရှာဖွေရာတွင် တပ်မတော်မှ စစ်သား ၃၀ နှင့် အရပ်သား ၃၀ မှ ပူးပေါင်း ရှာဖွေနေကြခြင်း ဖြစ်ကြောင်းသိရသည်။

ဦးမောင်ထွန်းစိန်သည် ပျောက်ဆုံးနေသူ မောင်သန်းဌေးနှင့် အတူ မေယူတောင်တွင် ဇူလိုင်လ ၂၇ ရက်နေ့ ခရုကောက်ရန် သွားရာတွင် အတူ ပါဝင်သူ ဖြစ်ကြောင်း သိရသည်။
Credit. Narinjara

(မောင်သန်းဌေးအား ရှာဖွေရန်သွားကြသည့် လူအုပ်နှင့် စောင့်ဆိုင်းနေကြသူများ
သိမ်းဆည်းပစ္စည်းများ)