သတင်းလောကအလင်းပညာဒါနကျောင်း

လောကအလင်းကျူရှင်ကျောင်းဖွင့်ပွဲ

ဝါဆိုလဆန်း(၈)ရက် 2.7.2017 မနက် ၉း၀၀ နာရီမှာ ကျင်းပပါတယ်။ မန္တလေး ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် လောကအလင်း ပညာဒါနကျူရှင်ကျောင်းမှာ ကျင်းပတာပါ။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် ကျူရှင်ကျောင်းဖွင့်ပွဲအခမ်းအနားကြီးဖြစ်ပါတယ်။ Fresher(နှစ်တက်)၇၈ဦးရှိပြီး Repeater(နှစ်ဟောင်း)အတန်းက ၉၂ ဦးရှိပါတယ်။ စုစုပေါင်း ကျောင်းသားကျောင်းသူ ၁၇၀ ပါ။ မိဘပြည်သူများနှင့် ကျောင်းအကျိုးဆောင်ကော်မတီဝင်များ ဆရာ ဆရာမများ ဆရာတော်သံဃာတော်များ တက်ရောက်ကြပါတယ်။

စာရေးသူက ကျောင်းသူကျောင်းသားများရဲ့တာဝန်နှင့် မိဘပြည်သူများရဲ့တာဝန်များကို အဓိကထား ပြောပါတယ်။ ကျောင်းသူကျောင်းသားတွေက ကျောင်းမှန်မှန်တက်ဖို့ စာမှန်မှန်ကျက်ဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ နှစ်စကတည်းက ပုံမှန်ကြိုးစားဖို့ ဆရာဆရာမတွေ သင်ကြားပေးတာကို ရိုရိုသေသေသင်ယူဖို့ ဆရာတော်သံဃာတော်တွေ ဆုံးမတာကို တလေးတစားလိုက်နာဖို့ ကျောင်းစည်းကမ်းကို မဖောက်ဖျက်ဖို့နှင့် မိဘတွေက သားသမီးတွေရဲ့ပညာရေးကို တန်ဖိုးထားဖို့ ညဂိုက်တန်းဖွင့်တဲ့အခါ အကြိုအပို့လေးလုပ်နိုင်အောင် ကြိုးစားဖို့ အကြိုအပို့မလုပ်ပေးနိုင်ရင်လည်း ကျောင်းအကျိုးတော်ဆောင်ကော်မတီကိုအပ်နှံဖို့ မိန့်ကြားခဲ့ပါတယ်။

နည်းပြဆရာတော်များနှင့် ဆရာ ဆရာမများက တစ်ဦးချင်းစီမိတ်ဆက်စကားပြောပြီး အောင်မြင်သူများကို ဆုအသီးသီး ချီးမြှင့်ပါတယ်။ လောကအလင်းကျူရှင်ကျောင်း၌ မန်း မဘသ ယဉ်ကျေးလိမ္မာစာမေးပွဲ တိုင်းအဆင့် ရိုးရိုးအောင်မြင်သူ ခုနစ် ဦးနှင့် နှစ်သိမ့်ဆုရသူနှစ်ဦး စုစုပေါင်း ယဉ်ကျေးလိမ္မာဆုရသူ ကိုးဦးအား၎င်း၊ လောကအလင်းကျူရှင်ကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်ခဲ့သူ ဆယ့်ခြောက်ဦးအား၎င်း ဂုဏ်ပြုလက်မှတ်နှင့် အမှတ်တရလက်ဆောင်များ ချီးမြှင့်ပါတယ်။

နှစ်ဘာသာဂုဏ်ထူးရှင် မချောစုဝေအားတစ်ဘာသာလျင် ငွေတစ်သိန်းကျပ်စီ စုစုပေါင်းနှစ်သိန်းကျပ် ဆုချပါတယ်။ ဂုဏ်ထူးထွက်အောင်သင်ကြားပေးသော ဆရာ ဆရာမများအားလည်း ဂုဏ်ထူးရကျောင်းသူနှင့်အတူ နှစ်သိန်းကျပ် ဆုချပါတယ်။ ဒီကနေ့ ကျောင်းသူကျောင်းသားများအား ဗလာစာအုပ်နှင့် ဘောပင်များအပြင် စာအောင်သူများအား ဒေါ်မီးမီး မိသားစုက ပုဆိုးနှင့် လုံချည်တစ်ထည်စီ ဆုချပါတယ်။

ဆရာမဒေါ်သန္တာဦးမိသားစုက အကျွေးအမွေးနှင့်ဧည့်ခံပါတယ်။ လောကအလင်းကျူရှင်ကျောင်းရဲ့ ဆဋ္ဌမအကြိမ်ကျောင်းဖွင့်ပွဲကြီးက အောင်မြင်ခဲ့ပါပြီ။ သတ္တမအကြိမ် ကျောင်းဖွင့်ပွဲရောက်တဲ့အခါ ဂုဏ်ထူးရသူများ အောင်မြင်ကြသူများအားလည်း ဆုများများပေးချင်ပါသေးတယ်။