သတင်း

နှောင်းသော်လည်း ကောင်းပါတယ်

မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၏ အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ သဘောထားကြေညာချက်
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်းမရှိပါ။ လုံးဝဆန့်ကျင်ပါသည်။ အစ္စလာမ့်တရားတော်တွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာနေကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။

၂။ ထိုအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ၄င်းအကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးအပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသဖြင့် လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး ဘာသာရေး ပြဿနာဖြစ်အောင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ် ကာကွယ်တားဆီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

၃။ အကြမ်းဖက်မှုကို နှိမ်နင်းရာတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်အပ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူများအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။

အလယ်ဟာဂ်ျမောင်လာနာယူစွပ်
ဒုတိယဥက္ကဋ္ဌ
အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်

အယ်ဟာဂျညွန့်မောင်သျိန်
ဥက္ကဋ္ဌ
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်

အယ်ဟာဂ်ျကျော်စိုး
အထွေထွေအတွင်းရေးမှူးချုပ်
မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)

အယ်ဟာဂ်ျမြင့်ထွန်း
ဥက္ကဋ္ဌ
မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မ.မ.လဌာနချုပ်

ဟာဂျီကျော်ခင်
အထွေထွေအတွင်းရေးမှူး
မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်(မ.အ.ဗ)ဌာနချုပ်