သတင်း

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲ ရန်ကုန်နှင့် မန္တလေးတွင် ပြုလုပ်တောင်းဆို ချက်များကို လျစ်လျူရှုပါက သပိတ်စခန်းဖွင့်မည်

ရန်ကုန်၊ ဇွန် ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုအား ကန့်ကွက်ရှုတ်ချပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန် ၂၅ ရက်ကပြုလုပ်ခဲ့သည်။
ယင်းကန့်ကွက်ပွဲများကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၆၂ လမ်းပေါ်ရှိ မနောရမ္မံလူထုဟစ်တိုင်တွင် မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မေလ ၂၀ ရက်က နေပြည်တော်တွင် ပထမအကြိမ်ပြုလုပ်ရာ၌ တောင်းဆိုခဲ့သည့်အချက်များနှင့်ပတ်သက်၍ တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခြင်းကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ်ပြုလုပ်ခြင်းဖြစ်ကြောင်း ရန်ကုန်တွင်ပြုလုပ်သည့် ကန့်ကွက်ပွဲမှ ဦးဆောင်နာယကဆရာတော် အရှင်တေဇဝန္တက မိန့်ကြားသည်။
“လွန်ခဲ့တဲ့တစ်လက ဦးဇင်းတို့တွေ သာသနာရေးဝန်ကြီးကို ကန့်ကွက်ရှုတ်ချပွဲလုပ်တယ်။ အချက်ခုနစ်ချက် တောင်းဆိုထားတယ်။ တစ်လအတွင်းလုပ်ဆောင်ပေးပါလို့ ပြည်ထောင်စုအစိုးရကို တောင်းဆိုထားတယ်။ တုံ့ပြန်မှုမရှိတဲ့အတွက် ဒီနေ့ ဒုတိယအကြိမ်ဆန္ဒပြရခြင်းဖြစ်ပါတယ်။ နေပြည်တော်မှာ တောင်းဆိုခဲ့တဲ့ အချက်ခုနစ်ချက်အနက် နှစ်ချက်ကိုထုတ်ထားပြီး အသစ်တွေထပ်မံဖြည့်စွက်ထားတာရှိပါတယ်”ဟု ဆရာတော်က မိန့်သည်။
ယခုဒုတိယအကြိမ်ဆန္ဒထုတ်ဖော်တောင်းဆိုချက်များအပေါ် တုံ့ပြန်မှုရှိ၊ မရှိစောင့်ကြည့်သွားမည်ဖြစ်ပြီး တုံ့ပြန်မှုမရှိပါက ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များရှိကြောင်း အရှင်တေဇဝန္တက မိန့်သည်။
အဆိုပါကန့်ကွက်ပွဲကို တရားဝင်ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲသို့ သံဃာများအပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ၅၀၀ ကျော်ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အစိုးရလွှတ်တော်ခေါင်းဆောင်များသည် အမျိုးသားရေး သမားများ၏ဆန္ဒ၊ ခံစားချက်နှင့် ယုံကြည်ချက်တို့မှပေါက်ဖွားလာသည့်လှုပ်ရှားတောင်းဆိုမှုများအပေါ် အလေးထားထည့်သွင်းစဉ်းစားဖြေရှင်းပေးရန်၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ရာထူးမှဖယ်ရှား ပေးရန် ရိုဟင်ဂျာမရှိကြောင်း ဆန္ဒပြခဲ့သည့် ဦးဝင်းကိုကိုအပါအဝင် အမျိုးသားရေးလှုပ်ရှားသူလေးဦးကို ထောင်သွင်းအကျဉ်းချမှုသည် အာဏာအလွဲသုံးမှု၊ အဂတိမကင်းသောတရားစီရင်မှု၊ ဥပဒေနည်းလမ်းမကျမှုဟု အထင်းသားမြင်တွေ့နေရကြောင်း ကန့်ကွက်ရှုတ်ချပွဲ၌ ထုတ်ပြန်ထားသည့်ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ယင်းအပြင် ၄င်းထုတ်ပြန်ချက်တွင် ဆရာတော်ဦးဝီရသူကို တရားဟောခွင့်အမြန်ဆုံးပြန်လည်ခွင့်ပြုပေးရန် မေလ ၉ ရက်ညက ဖြစ်ပွားခဲ့သည့် မင်္ဂလာတောင်ညွန့်ဖြစ်စဉ်တွင် အမျိုးသားရေးသမားများသည် ၄င်းတို့၏ ယုံကြည်ချက်နှင့်ခံယူချက်အတိုင်း ခိုးဝင်ဘင်္ဂါလီတားဆီးရေးကိုသာ အဓိကဦးတည်၍ တာဝန်ရှိသူများအား သတင်းပေးခြင်းအပေါ် စွပ်စွဲချက်များဖြင့် မတရားဖမ်းဆီးခြင်းနှင့် အရေးယူပေးရန် အမိန့်ပေးစေခိုင်းနေမှုတို့ကို အမြန်ဆုံးရုပ်သိမ်းပေးရန် ဇွန် ၂၀ ရက်က ရခိုင်ပြည်နယ်မောင်တောဒေသ၊ မေယုတောင်ကြောပေါ်၌ ဘင်္ဂါလီများက အကြမ်းဖက်သင်တန်းများ ဆောင်ရွက်လေ့ကျင့်နေမှုကို လေ့ကျင့်ရေးပစ္စည်းများ၊ စားနပ်ရိက္ခာများနှင့် လိုဏ်ခေါင်းတစ်ခုတို့ဖမ်းဆီးရမိခြင်းအပါအဝင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်း များရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေခြင်းတို့အပေါ် အစိုးရနှင့်တာဝန်ရှိသူများက အစ္စလာမ်ဘာသာဝင်ခေါင်း ဆောင်များ မော်လဝီဆရာများ၊ ရိုဟင်ဂျာအရေးလှုပ်ရှားမှုဦးဆောင်နေသည့် မွတ်စလင်ခေါင်းဆောင်များအား သတိပေးခြင်း၊ ကြေညာချက်ထုတ်ပြန်တားဆီးခြင်း၊ ဖမ်းဆီးစုံစမ်း၍ အရေးယူခြင်းတစ်စုံတစ်ရာမပြုလုပ်ခဲ့ဘဲ မသိကျိုးကျွန်ပြုကာဆောင်ရွက်နေခြင်းတို့အပေါ် ထိရောက်သောတားဆီးမှု၊ စုံစမ်းစစ်ဆေးမှု၊ အရေးယူမှုများပြု လုပ်ရန်လည်း တောင်းဆိုခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒပြပွဲမှ သဘောထားနှင့် တောင်းဆိုချက်ခြောက်ချက်ကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ယဉ်ကျေးမှုဝန်ကြီးနှင့်တာဝန်ရှိသူတို့မှ တာဝန်ယူဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ပြီး ယင်းတောင်းဆိုချက်များအပေါ် အလေးထားဖြေရှင်းဆောင်ရွက်ပေးမှုအား ခုနစ်ရက်စောင့်ကြည့်လေ့လာသွား မည်ဖြစ်ကာ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိပါက သပိတ်စခန်းဖွင့်လှစ်ပြီး နောက်တစ်ဆင့်အရှိန်မြှင့်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းလည်း ကြေညာချက်အရ သိရသည်။
အလားတူ မန္တလေးမြို့တွင် ပြုလုပ်သည့် ကန့်ကွက်ရှုတ်ချပွဲမှ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(မန္တလေး)၏ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဦးဣန္ဒောဘာသက ဆန္ဒပြတာကို ထည့်မတွက်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ဟာ တာဝန်အပြည့်အဝယူရလိမ့်မယ်။ အခု ဆန္ဒထုတ်ဖော်နေတာ ပြည်သူ့ဆန္ဒဖြစ်တယ်။ ပြည်သူတင်မြှောက်ထားတဲ့အစိုးရဆိုရင် ပြည်သူ့ဆန္ဒကို အလေးထားရမှာပါ။ ဦးဇင်းတို့တောင်းဆိုတာကို လိုက်လျောတယ်၊ မလိုက်လျောဘူး။ မလိုက်လျောသည့်တိုင်အောင် ဆွေးနွေးတာညှိနှိုင်းတာတစ်ခုခုတုံ့ပြန် တာရှိရမှာပါ။ အဲဒါမှ အစိုးရလို့ သတ်မှတ်မှာ။ အဲလိုမဟုတ်ဘဲ ပြည်သူက ဘာပဲလုပ်လုပ် ဘာပဲတောင်းဆိုဆို ဂရုစိုက်စရာမလိုပါဘူးဆိုရင် အဲဒီအစိုးရဟာ ကိုယ့်ကိုကိုယ်ပြန်ပြီး သုံးသပ်ဖို့လိုနေပြီလို့ ဦးဇင်းတို့မြင်တယ်။ ဗုဒ္ဓဘာသာကိုသာ/ယဉ်ဝန်ကြီးက မထောက်ပံ့၊ မချီးမြှောက်၊ မကာကွယ်တဲ့အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကို အကြိမ်ကြိမ်ညှိုးနွမ်းစေတဲ့အပြုအမူတွေကို တွေ့လာရတယ်။ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ၊ သံဃာတော်တွေအပေါ်မှာ နှိပ်ကွပ်မှုတွေရှိလာတာကို ဦးဇင်းတို့ထင်ထင်ရှားရှားတွေ့မြင်လာရတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်တောင်းဆိုရတာဖြစ်ပါတယ် ဟု ပြောသည်။
မန္တလေးတွင်ပြုလုပ်သည့်ကန့်ကွက်ရှုတ်ချပွဲတွင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ပြီး ဆရာတော်ဦးအဂ္ဂဓဇ၊ ဦးမြင့်ဦး၊ ဦးကျော်မျိုးရွှေတို့က ဟောပြောခဲ့ကြောင်း သိရသည်။
ရန်ကုန်တွင်ပြုလုပ်သည့်ကန့်ကွက်ရှုတ်ချပွဲတွင်လည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက ကြွေးကြော်သံ များဟစ်ကြွေးခဲ့ပြီး မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်သစ် ဓမ္မသဟာယကျောင်းမှ နာယကဝံသာနုဓမ္မကထိက ဆရာတော်ဘဒ္ဒန္တဝိစိတ္တာဘိဝံသအရှင်ဝီရသူက သဝဏ်လွှာပေးပို့ခဲ့ကာ၊ အရှင်တေဇဝန္တ၊ တိုက်ကြီးဆရာတော် ဘဒ္ဒန္တဇနိတ၊ ဦးအေးမင်းထွန်း၊ အိုင်ပီနှင်းမောင်(ခ)ဦးမျိုးထိုက်နှင့် ရှေ့နေဦးအေးပိုင်တို့က ဟောပြောခဲ့ကြ ကြောင်း သိရသည်။

(DEMOCRACY Today အတွဲ(၄)အမှတ်(၁၆၇) ၂၀၁၇ ဇွန်လ (၂၆)ရက် တနင်္လာနေ့ထုတ် မှ ကူးယူဖော်ပြသည်။)