သတင်း

မြန်မာ့ တရားစီရင်ရေး

ဝင်းကိုကိုလတ်၊ နောင်တော်လေး၊ နေဝင်းအောင်(ကိုရန်ကုန်)တို့သုံးဦးကို ဒီကနေ့ 20.7.2017 မနက် ၁၀း၀၀ နာရီကျော်ကျော်မှာ ရုံးထုတ်ပါတယ်။ ရဲကားကြီးဖြင့် ခေါ်လာပြီး တရားရုံးထဲ တန်းသွင်းကာ ချက်ချင်းပြန်ထုတ်လာပြီး ရဲကားပေါ်တင်ကာ ပြန်ခေါ်သွားကြတာပါ။

အားလုံး ဆယ်မိနစ်ခန့်ပဲ ကြာပါတယ်။ လုံးဝမစစ်ဘဲ 27 ရက်နေ့ ပြန်ချိန်းလိုက်ပါတယ်။ 12.5.2017 စတင်ဖမ်းဆီးတဲ့အချိန်ကစပြီး ဒီကနေ့အထိ ရုံးချိန်းပေါင်း ၈ ချိန်းရှိသွားပါပြီ။ လုံးဝမစစ်သေးပါ။ မစစ်ဘဲ ရုံးထွက်နေရလို့ မထွက်ဘဲ နေပြန်တော့လည်း 12.7.2017 ရက်နေ့တုန်းက ထောင်အာဏာပိုင်တွေနဲ့ ရဲတွေ အင်အားသုံးပြီး အတင်းထုတ်တာကြောင့် ထောင်မှ၎င်း၊ တရားရုံးအချုပ်ထဲမှ၎င်း၊ တရားရုံးထဲသို့ မဖြစ်မနေ ဝင်ရောက်ခဲ့ရပါတယ်။

ဒါလည်းမစစ်ပါဘူး။ အခုလည်းမစစ်ပါဘူး။ တရားရုံးအကြောင်းပြတာက ဦးပါမောက္ခအပါအဝင် သံဃာသုံးပါးနှင့် အမှုတွဲနေသောကြောင့် သံဃာသုံးပါးမျက်ကွယ်မှာ တရားစီရင်လို့ မရကြောင်းပါ။ ဦးပါမောက္ခတို့သုံးပါးကို ကျင့်ထုံးပုဒ်မ ၅၁၂ နဲ့ တရားခံပြေးကြေညာနိုင်မှ စစ်ခွင့်ရမယ်လို့ သိရပါတယ်။

တရားခံပြေးကြေညာရအောင်လည်း သံဃာတွေက ကျောင်းမှာပဲရှိနေကြလို့ ရဲနှင့်ရယက က မှင်နီသက်သေအဖြစ် မထွက်ဆိုနိုင်သောကြောင့် ကြေညာရခက်နေပါတယ်။ ဝရမ်းပြေးကြေညာရအောင်လည်း တရားရုံးက ဝရမ်းမထုတ်ရဲပါဘူး။
အကြောင်းကတော့ ဦးပါမောက္ခတို့က ရှေ့နေချုပ် တရားသူကြီးချုပ် လွှတ်တော်ကော်မတီ စတာတွေကို စာတင်ထားလို့ပါ။
အဲဒီလို အထက်ရုံးတွေထိ စာတင်ထားတာကြောင့် မြို့နယ်ရုံးလေး ပိစိကွေးက မလုပ်ရဲမကိုင်ရဲ ဖြစ်နေတာပါ။

ဒါကြောင့်ပဲ အခုလို ရုံးထွက်လိုက် မစစ်ဘဲပြန်ချိန်းလိုက်နဲ့ ညှဉ်းဆဲရာရောက်နေကြတာပါ။ ဒီပြဿနာကိုဖြေရှင်းဖို့အတွက် တရားသူကြီးချုပ်အပါအဝင် တရားရေးမဏ္ဍိုင်မှာ တာဝန်ရှိပါတယ်။ အမြန်ဆုံးဖြေရှင်းမှ ပြေလည်ပါလိမ့်မယ်။ ဒီအတိုင်းဆိုရင် မိသားစုနှင့်လည်းမတွေ့ရ၊ စကားလည်းမပြောရ၊ ရိက္ခာတွေလည်း မပေးရ၊ ရုတ်ရုတ် ရုတ်ရုတ်နှင့် ဗရုတ်ဗရက်ဖြစ်နေတော့မှာပါပဲ။

တရားဥပဒေစိုးမိုးရေး ကြွေးကြော်လာတဲ့အစိုးရလက်ထက်မှာ ဒီလိုတရားစီရင်ရေး ကမောက်ကမ ဖြစ်နေတာတွေဟာ လုံးဝမသင့်တော်သလို လူ့အခွင့်အရေး တန်ဖိုးထားလေးစားတဲ့ အစိုးရလက်ထက်မှာ အပြစ်မဲ့ပြည်သူများ အချုပ်ခံနေရတာတွေ အချုပ်သားတွေရပိုင်ခွင့်များ ဆုံးရှုံးနေရတာတွေဟာလည်း ဘယ်လိုမှ အမြင်မတော်ပါဘူး။

ဒါကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူကြီး အမြန်ဆုံးဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ ပန်ကြားလိုက်ပါရစေ။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသူကြီး အပြောသာမဟုတ်ကြောင်း အလုပ်နှင့်သက်သေပြဖို့ရန် သင့်တော်ပြီ ဖြစ်ကြောင်းလည်း ထပ်ကြောင်းပန်ကြားလိုက်ပါတယ်။


ဝီရသူ(မစိုးရိမ်)
20.7.2017
PM 11:12