သတင်း

ကြိတ်ကြိတ်တိုးတဲ့ တရားပွဲမဟုတ်ပါ တိတ်တိတ်တိုးတဲ့ တရားပွဲသာဖြစ်ပါတယ်

23.1.2018 ရက်နေ့ ညနေပိုင်းမှာ စစ်ကိုင်းတိုင်း မြင်းမူမြို့သို့ ရောက်ရှိပါတယ်။ ရွှေမင်းသားဆရာတော်ကြီး သီတင်းသုံးရာ ရေဝန်မင်းသားကျောင်းတိုက်ကို ရောက်ရှိပါတယ်။ ရွှေမင်းသားဆရာတော်ကြီးကို ဖူးမြော်ပူဇော်ပြီး အမျိုး ဘာသာ သာသနာအရေး သြဝါဒခံယူခဲ့ပါတယ်။

ညနေစောင်းမှာ အလ္လကပ္ပရွာ မိုးကောင်းကျောင်းတိုက်သို့ ရောက်ရှိပါတယ်။ ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် မော်မော်ရွှေဆိုင်မိသားစုများဖြစ်တဲ့ ကိုရန်ကြီးအောင်+မတင်တင်မော် တို့ရဲ့ ရဟန်းခံအလှူမင်္ဂလာပွဲပါ။ ရဟန်းလောင်း ရှင်အဂ္ဂဝံသကို ရဟန်းခံပေးမည့်ပွဲဖြစ်ပါတယ်။

ရဟန်းလောင်းကလည်း စိတ်အားထက်သန်၊ ရဟန်းဒါယကာ ဒါယိကာမများကလည်း စာရေးသူရဲ့ ဒကာရင်းများလည်းဖြစ်နေတာကြောင့် တရားပွဲကျင်းပရန် အားခဲထားကြသော်လည်း အတိုင်အတော ထူသော အနီအကြောင်တွေ အခွင့်ကောင်းရသွားမှာစိုးလို့ တရားပွဲလက်မခံလိုက်ပါ။

ရဟန်းခံကြွရုံသက်သက်ကိုပဲ သံဃနာယကအဖွဲ့ကခေါ်လိုက် ဟိုကလာစုံစမ်းလိုက် ဒီကလာမေးလိုက်နဲ့ ကျေးရွာတစ်ခုလုံး လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပါတော့တယ်။ တရားပွဲလည်းမကျင်းပ ဖိတ်စာထဲလည်း ထည့်မရိုက် ဗီနိုင်းလည်းမချိတ် ဆိုင်းဘုတ်လည်း မတင် ရဟန်းခံသက်သက်လာတာကိုပဲ နည်းမျိုးစုံနှောက်ယှက်ကြပါတယ်။

မိုးကောင်းကျောင်းတိုက်ရောက်တယ်ဆိုရင်ပဲ ရဟန်းပျိုလေးများ ရဟန်းဒကာ ဒကာမများ ရဟန်းလောင်း၏ မိဘများနှင့် ရွာသူရွာသားအချို့က သြဝါဒခံယူရန် အသင့်စောင့်နေတာနဲ့ ကြုံရပါတယ်။ ကျောင်းဆောင်လေးကလည်းကျင်း ကျေးရွာကလည်း တိတ်ဆိတ်တာကြောင့် မိုက်မကိုင် မိုက်မသုံးပဲ သြဝါဒပေးခဲ့ပါတယ်။

လောကဓံတရားကို ခံနိုင်ရည်ရှိဖို့ ရည်ရွယ်မိန့်ကြားခဲ့တာပါ။ လက်ညှိုးထိုးခံရတာသာ လောကဓံမဟုတ် လက်ခုပ်အတီးခံရတာလည်း လောကဓံပဲ။ လက်သီးအထိုးခံရတာသာ လောကဓံမဟုတ် လက်အုပ်အချီခံရတာလည်း လောကဓံပဲ။ အဆိုးကြုံရတာသာ လောကဓံမဟုတ် အကောင်းကြုံရတာလည်း လောကဓံပဲ။

အဆိုးကြုံရလို့သာ ဘဝပျက်သည်မဟုတ် အကောင်းကြုံရရင်လည်း ဘဝပျက်တတ်တာပဲ။ လောကထဲမှာနေမယ်ဆိုရင် အကောင်းနှင့်အဆိုး နှစ်မျိုးထဲက တစ်မျိုးမျိုးနှင့် နေ့စဉ် တွေ့ကြုံနေရမှာပါပဲ။ အကောင်းနဲ့တွေ့ကြုံရင် ဘဝင်မမြင့်ဖို့ အောက်ချေမလွတ်ဖို့ ဘဝမမေ့ဖို့ အရေးကြီးသလို အဆိုးနဲ့တွေ့ကြုံတဲ့အခါ စိတ်မပျက်ဖို့ အားမငယ်ဖို့ လက်မလျှော့ဖို့လည်း အရေးကြီးပါတယ်။
တရားမရှိတဲ့သူတွေ တရားမသိတဲ့သူတွေဟာ အကောင်းနဲ့ကြုံရင်လည်း ဘဝမေ့တတ်ကြပါတယ်။

အိတ်ဖောင်းလို့ စိတ်ပြောင်းတယ်ပေါ့ဗျာ။ အဆိုးနဲ့ကြုံရင်လည်း ဝမ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။ မြေနိမ့်ရာ လှံစိုက်ခံရတယ်ပေါ့ဗျာ။ အကောင်းနဲ့တွေ့ကြုံရင်ပဲဖြစ်ဖြစ်၊ အဆိုးနဲ့တွေ့ကြုံရင်ပဲဖြစ်ဖြစ် ကြံ့ကြံ့ခံပြီး ပုံမှန်နေထိုင်တတ်ဖို့ အရေးကြီးပါတယ်။

တိုးတိုးတိတ်တိတ် တရားပွဲလေး အေးအေးချမ်းချမ်းနဲ့ ပြီးသွားပါတယ်။ အရပ်သားဒီမိုကရေစီ ဗိုလ်ချုပ်သမီးဦးဆောင်တဲ့ ပြည်သူ့အစိုးရလက်ထက်မှာ တရားကို ခိုးကြောင်ခိုးဝှက် ဟောကြားရတယ်ဆိုတာ ပြောစမှတ်တစ်ခုတော့ ဖြစ်ခဲ့တာပေါ့လေ။
မကျေနပ်သေးရင် တိုင်ချက်ဖွင့်လို့ ရနိုင်သေးပါကြောင်း။

ဝီရသူ(မစိုးရိမ်)
26.1.2018
PM 7:03