သတင်း

အတုမရှိဂျာနယ်​လည်း ပြန်​အပ်​ရ​တော့မတဲ့ဗျာ

ပြည်ထောင်စုပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်သို့ အိပ်ဖွင့်ပေးစာ

အောင်ဇေယျတု ဂျာနယ် ထုတ်ဝေခြင်း လုပ်ငန်း အသိအမှတ်ပြု လက်မှတ်အား ပြန်လည်အပ်နှံပေးရန် အသိပေး အကြောင်းကြားပါသည် ဆိုတဲ့ စာကို ဖတ်လိုက်ရတယ်။

ဒီတော့ ပြောရတော့မယ် ဝန်ကြီးခင်ဗျ-
အောင်ဇေယျတု ဂျာနယ် ကို ဘာကြောင့် ပိတ်သိမ်းချင်ရတာပါလဲ???
အကြောင်းကြားစာမှာ မဟန ကို ကိုးကားထားတယ်။ ဥပဒေအကိုးအကား ကတော့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း နည်းဥပဒေ ၉(ခ) ကို သုံးထားတယ်။ လုပ်ငန်းဖျက်သိမ်းလျှင် လုပ်ငန်းဖျက်သိမ်းသည့်နေ့ရက်မှစ၍လည်းကောင်း၊ ပုဒ်မ ၆ အရ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခြင်း ခံရလျှင် ရုပ်သိမ်းခံရသည့်နေ့မှစ၍ လည်းကောင်း ရက်ပေါင်း ၆၀ အတွင်း အသိအမှတ်ပြုလက်မှတ်ကို ဝန်ကြီးဌာနသို့ အပ်နှံရမည် လို့ ပြဌာန်းထားပါတယ်။
မဘသ အဖွဲ့ကို ဖျက်သိမ်းပြီးဖြစ်သည့် အတွက် ၎င်းအမည်ဖြင့် ထုတ်ဝေခွင့် ပြုထားသော အသိအမှတ်ပြု လက်မှတ်ကို သတ်မှတ်ရက်အတွင်း ပြန်အပ်ဖို့ အသိပေးအကြောင်းကြားခြင်းဖြစ်ကြောင်း ဖတ်ရပါတယ်။

ဒီတော့ မေးပါရစေ ဝန်ကြီး ခင်ဗျာ။
မဘသ အဖွဲ့သည် မှတ်ပုံတင်ရန် လိုအပ်သော အဖွဲ့အစည်းအမျိုးအစား ဟုတ်ပါလား???
အသင်းအဖွဲ့ဥပဒေ ပုဒ်မ ၁၉ မှာ “ဤဥပဒေအရ မှတ်ပုံတင်ခွင့်လျောက် ထားရန် မလိုအပ်သော အသင်းအဖွဲ့များ မှာ အောက်ပါအတိုင်း ဖြစ်သည်-
(က) ဘာသာရေး၊ သာသနာရေးနှင့် စီးပွားရေးသက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်သော အသင်းအဖွဲ့များ၊
(ခ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည့် နိုင်ငံရေးအသင်းအဖွဲ့များ၊
(ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အသင်းအဖွဲ့များ။”
ဟု ပြဌာန်းထားပါတယ်။
မဘသအဖွဲ့သည် ဘာသာရေး၊ သာသနာရေဆိုင်ရာ အဖွဲ့အစည်း ဖြစ်ပါတယ်။ အသင်းအဖွဲ့ဥပဒေအရ မှတ်ပုံတင်စရာ မလိုအပ်ကြောင်း သိမြင်နိုင်ပါတယ်။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၂ မှာ
“နိုင်ငံတော်သည် (က) တိုင်းရင်းသား များ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်၊”ဆိုတဲ့ ပြဌာန်း ချက်အရ ဗုဒ္ဓဘာသာယဉ်ကျေးမှုများ တည်တံ့ဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးရန် တာဝန်ရှိနေပါတယ်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၂၇ မှာ “နိုင်ငံတော်သည် အမျိုးသားယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးနှင့် စောင့်ရှောက် ထိန်းသိမ်းရေး အတွက် ကူညီဆောင်ရွက် မည်။” လို့ ပြဌာန်းထား ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ယဉ်ကျေးမှု ဆိုသည်မှာ ဗုဒ္ဓဘာသာ အမွေအနှစ်တွေ များပါတယ်။ နိုင်ငံတော်က ကူညီဆောင်ရွက်မည်ဆိုတာကို ဘယ်လို အဓိပ္ပါယ် ဖော်ရပါမည်လဲ ခင်ဗျာ။

၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၄၅။ (က) မှာ” မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသား ဖြန့်ဝေခွင့်၊”
“( ဂ ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊”
“(ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့် တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကို လည်း ကောင်း၊ အခြား ဘာသာသာသနာကို လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင် မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်။” ဆိုတဲ့ နိုင်ငံသားအခွင့်အရေးတွေ ပေးအပ်ထားပါတယ်။ အခုလို ဂျာနယ်ထုတ်ဝေခွင့်ကို ပိတ်သိမ်းခြင်းဟာ အခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများကို ပိတ်ပင်ခံရခြင်း ဖြစ်ပါတယ်။

ဆက်ပြောရင် ၂၀၀၈ အခြေခံဥပဒေပုဒ်မ ၃၆၁ မှာ ” နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။”
ဆိုသော ပြဌာန်းချက်ကို ဖျက်သိမ်းရာလည်း ရောက်စေပါတယ်။

သာသနာရေးဆိုင်ရာဥပဒေများ ဖြစ်တဲ့ ဝိနိစ္ဆယဌာနအက်ဥပဒေ သည် သံဃာများ၏ဤဝိနည်းဆိုင်ရာ ဖြေရှင်းရေး ဖြစ်ပြီး
သံဃာ့အဖွဲ့အစည်းဥပဒေ သည် သံဃာ့နာယက အဆင့်ဆင့် အဖွဲ့စည်းရေးနဲ့သာ သက်ဆိုင်ပါတယ်။
ယု မဘသ အဖွဲ့သည် သံဃာတော်များဖြင့်သာ သီးသန့် ဖွဲ့စည်းထားသော အဖွဲ့အစည်း မဟုတ်ပါ။ ဒါကြောင့် သံဃာ့အဖွဲ့အစည်းဥပဒေပြဌာန်းချက်များကိုလည်း လိုက်နာစရာ မလိုအပ်ကြောင်း တွေ့မြင်နိုင်ပါတယ်။
မဘသအဖွဲအစည်း ဖျက်သိမ်းရေးအတွက် သံဃာ့မဟာနာယက အဖွဲ့ကြီးရဲ့ အမိန့်ကို လိုက်နာခဲ့ခြင်းသည် နိုင်ငံ့ဦးသျှောင်ဆရာတော်ကြီးများ၏ မိန့်ကြားချက်ကို နာခံခြင်းသာ ဖြစ်ပါတယ်။ ဥပဒေအရ လိုက်နာခဲ့ခြင်း မဟုတ်ပါဘူး။

ဒီမိုကရေစီဆိုပြီး တွင်တွင်ပြောခဲ့တဲ့ အစိုးရအနေနဲ့ ဒီမိုကရေစီ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး များကို ချိုးဖောက်ကျူးလွန်ခြင်းသာလျှင် ဖြစ်စေပါလိမ့်မယ်။ ကျွန်ုပ်တို့သည် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး ကို ဆက်လက်လုပ်ဆောင်နေမည်သာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချိုးဖောက်မှုများအတွက် ဝန်ကြီး တာဝန်ယူရပါလိမ့်မယ်။ ကျွန်ုပ်တို့ရဲ့ နိုင်ငံသားအခွင့်အရေးများကို ချိုးဖောက်ကျူးလွန်ခံရတဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်မှာ စာချွှန်တော်အမိန့် အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။

ဒေါက်တာကျော်ဆွေ
၈/တတက(နိုင်)၁၀၂၆၆၃

https://m.facebook.com/story.php…