ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၁၃)

 စာနာမှုကျင့်စဉ်

(၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၉)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး)

~~~~~~~~~~~~~~~~

စာရေးသူသည် တိရစ္ဆာန်များကို ချစ်ခင်ကြင်နာတတ်ပါသည်။ ချစ်ရခြင်းအကြောင်းက သနားခြင်းပင် ဖြစ်ပါသည်။ သူတို့ဘဝလေးများ အတိတ်ကံအကြောင်းတစ်ခုကြောင့် တိရစ္ဆာန်ဖြစ်ကြရသည်ဟူသော အတွေးက ချစ်တတ်အောင်သင်ပြပေးသကဲ့သို့ ရှိလေသည်။ လူနှင့်နီးကပ်သည့် ခွေး၊ ကြောင်လေးများမဆိုထားဘိ လူနှင့်မနီးကပ်သည့် ငှက်ကလေးများ၊ ရှဥ့်ကလေးများကိုလည်း တွေ့မြင်ရတိုင်း ချစ်ခင်ကြင်နာစိတ်များ တဖွားဖွားပေါ်လာတတ်ပေသည်။ ထို့ကြောင့် စာရေးသူသည် နံနက်စာစားပြီးသည်နှင့် ဆန်များကြဲပက်၍ ငှက်လေး၊ ခိုလေးများအား အစာကျွေးပါသည်။ သစ်ပင်မှာစင်ရိုက်ထားပြီး ရှဥ့်လေးများကို အစာကျွေးပါသည်။

စာရေးသူနှင့် အနီးစပ်ဆုံးတိရစ္ဆာန်လေးများကား ခွေးနှင့် ကြောင်များ ဖြစ်ပါသည်။ ကြောင်လေးများကို အလိုလိုက်ပါသည်။ ရိုက်ခြင်း၊ နှက်ခြင်းမပြောနှင့် အော်ခြင်း၊ ငေါက်ခြင်း၊ ခြိမ်းခြောက်ခြင်းပင် မပြုလုပ်ပါ။ စာရေးသူအိပ်ရာဝင်ချိန်တွင် အိပ်ရာပေါ် ကြောင်လေးများ အိပ်နေကြသည်ကိုတွေ့လျှင် စာရေးသူက အခြားနေရာ သွားအိပ်ပါသည်။ ကြောင်လေးများကို မောင်းချပစ်ရန်မဆိုထားဘိ နှိုးတောင် မနှိုးရက်ပါ။ ထိုသို့အလိုလိုက်ထားသောကြောင့် ကြောင်လေးများက စာရေးသူကို လုံးဝမကြောက်ပါ။ ဗြောင်းဆန်အောင် ဆော့ပါသည်။ မရိုက်ရခြင်းအကြောင်းမှာ လူတို့ကို ကြောက်စရာသတ္တဝါအဖြစ် စွဲထင်သွားမည်ကို မလိုလားသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူ၏ ကြောင်လေးများသည် အကြောက်အလန့် မရှိကြပေ။ စိတ်ဒဏ်ရာလည်း မရကြပေ။ စာရေးသူကိုလည်း အလွန်ခင်ကြပါသည်။ တွတ်တီးတွတ်တာ လာလုပ်တတ်ကြပါသည်။ တီတီတာတာ လာချွဲကြပါသည်။ သူတို့စိတ်ကြည်နေလျှင် လည်ချောင်းက ဂလူးဂလူးအသံကြီး ထွက်ပေါ်နေတတ်ပေသည်။ အချို့ကြောင်လေးများက စာရေးသူကို အာဘွားပေးတတ်ပါသည်။ သူတို့အာဘွားပေးသည်က လူများနှင့်မတူပါ။ ပါးကို ဦးခေါင်းဖြင့်ပွတ်သပ်ခြင်း၊ နားထင်ဖြင့်ပွတ်သပ်ခြင်း ဖြစ်ပါသည်။ သူတို့အာဘွားပေးသည့်အခါ ဘယ်ဘက်ပါးကို အာဘွားပေးလိုလျှင် ဘယ်ဘက်ပါးကို ပုတ်ပြရပါသည်။ ညာဘက်ပါးဟု ပုတ်ပြလိုက်လျှင် ညာဘက်ပါးကို အာဘွားပေးပါသည်။ ပခုံးပေါ်တက်၍ အာဘွားပေးသဖြင့် ပုတ်ပြသည့်ဘက်သို့ ပခုံးပေါ်မှပင် ဇက်ကိုကျော်ခွကာ အာဘွားမပေးရသေးသည့်ဘက်ကို အာဘွားသွားပေးခြင်း ဖြစ်ပါသည်။

ကြောင်စားစရာများကို တပည့်များ၊ ကျောင်းသားများက အမြဲကျွေးပါသည်။ အလုပ်များ၍ မကျွေးဖြစ်သည့်အခါ စာရေးသူထံ အုပ်လိုက်ချီတက်၍ လာတောင်းတတ်ပါသည်။ ထိုအခါ စာရေးသူကိုယ်တိုင် နယ်ဖတ်၍ သေချာကျွေးရပါသည်။ သတိရသည့်အခါတိုင်းလည်း ကြောင်စာကျွေးပြီးပြီလားဟု မေးရပါသည်။

ခွေးလေး၊ ကြောင်လေးများ ထိခိုက်ဒဏ်ရာရခဲ့လျှင်လည်း ကိုယ်တိုင်ဆေးလိမ်းပေးတတ်ပါသည်။ နေမကောင်းဖြစ်လျှင် ကိုယ်တိုင်ဆေးလိမ်းပေးခြင်း၊ အစာခွံ့ကျွေးခြင်းမျိုး ပြုလုပ်တတ်ပါသည်။

ရေချိုးသည့်အခါ ရေကန်ထဲ ပုရွတ်ဆိတ်လေးများ၊ ပိုးကောင်လေးများ ရှိ-မရှိ အလျင်စူးစမ်းပါသည်။ ရှိလျှင် ဖလားဖြင့် ဆယ်ယူကယ်တင်ရပါသည်။ ရေချိုးခန်းကြမ်းပြင်တွင်ပုရွတ်ဆိတ်များ အတန်းလိုက်ကြီး လှုပ်ရှားသွားလာနေလျှင် ရေမချိုးတော့ပါ။ တစ်ကောင်စ၊ နှစ်ကောင်စရှိလျှင် ဖမ်းဆီး၍ လွတ်ရာကျွတ်ရာ ပို့ပေးတတ်ပါသည်။ လေး-ငါး-ဆယ်ကောင်ရှိလျှင် တံမြက်စည်းအသာအယာလှည်း၍ ဖယ်ရှားပေးတတ်ပါသည်။ ရေချိုးသည့်အခါ ရေဘေးသင့်၍ သေသွားနိုင်သောကြောင့် ဖြစ်ပါသည်။

အခန်းထဲတွင်ဖြစ်စေ၊ ကျောင်းပေါ်တွင်ဖြစ်စေ၊ လမ်းလျှောက်ရာအခါဖြစ်စေ ပုရွတ်ဆိတ်တန်းကြီးတွေ့မြင်ရလျှင် လာရာနှင့် လားရာကို လေ့လာပါသည်။ အဘယ်မှလာ၍ အဘယ်သို့သွားသနည်း စူးစမ်းပါသည်။ ဘာကြောင့်သွားသနည်း၊ ဘာသယ်သွားသနည်း စူးစမ်းသည့်အခါ အစာရှိရာ အစာသွားသယ်ခြင်းမျိုးဖြစ်နေလျှင် ၎င်းအစာကိုကောက်ယူ၍ ပုရွတ်ဆိတ်တွင်းနှင့် အနီးစပ်ဆုံးနေရာမှာ သွားချပေးလိုက်ပါသည်။ အစာသယ်စဉ် နင်းမိ၊ ကြိတ်မိ၍ သေဆုံးနိုင်သောကြောင့် ဖြစ်ပါသည်။ ဥပမာ- ထန်းလျက်ခဲကို ဝိုင်းအုံနေလျှင် ၎င်းထန်းလျက်ခဲကို ကောက်ယူ၍ တွင်းနားသွားချထားခြင်းမျိုး၊ ငါးခြောက်တုံးလေးကို ဝိုင်းအုံနေလျှင် ၎င်းငါးခြောက်တုံးလေးကို ကောက်ယူကာ ပုရွတ်ဆိတ်တွင်းနား သွားချထားခြင်းမျိုး ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် သူတို့လေးများလည်း အန္တရာယ်ကင်း၊ လူများလည်း အကုသိုလ်ကင်း၊ သူတို့လေးများလည်း သယ်ရပို့ရ၊ သွားလာရလွယ်ကူခြင်း အကျိုးများ ရရှိနိုင်ပါသည်။

ပုရွတ်ဆိတ်တန်းကြီးမြင်လျှင် တံမြက်စည်းလှည်းမပစ်ကြပါနှင့်။ သူတို့အစာ လိုက်ရှာပြီး လမ်းလွတ်ရာကို ရွှေ့ပေးလိုက်ကြပါ။ ဤသည်မှာ စာရေးသူ၏ သြဝါဒဖြစ်ပါသည်။ တံမြက်စည်းလှည်းလိုက်လျှင် သူတို့ကို နှောင့်ယှက်ရာ ရောက်ပါသည်။ သူတို့လည်း မလိုက်နာကြပါ။ ထိုအခါ သူတို့အသက်သေသည်အထိ ရှင်းလင်းပစ်ရတတ်ပါသည်။ ထိုသို့အစာရှာ၍ လွတ်ရာကျွတ်ရာရွှေ့ပေးလိုက်လျှင် အားလုံးစိတ်ချမ်းသာစရာချည်း ဖြစ်ပါသည်။ နောင်အခါ စားစရာတိုလီထွာလီလေးများ ဖိတ်စဉ်သွားလျှင် ကောက်ယူပြီး သူတို့ရှိရာ သွားချထားခြင်းမျိုး၊ တကူးတကချန်ထား၍ သွားကျွေးခြင်းမျိုးပင် ပြုလုပ်လာတတ်ပါသည်။ ကောင်းသောအလေ့အကျင့် ဖြစ်လာခြင်းပင်။ ငွေအကုန်အကျမရှိဘဲ အလှူဒါနပြုလုပ်နိုင်ခြင်းပင် ဖြစ်ပါသည်။

မတော်တဆ တံခါးညှပ်မိ၍ အိမ်မြှောင်များပြုတ်ကျလာလျှင် ဆေးလိမ်းပေးကာ လွတ်ရာကျွတ်ရာသို့ အသာအယာရွှေ့ပေးတတ်ပါသည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် ပျောက်ကင်းသွားသည်များရှိသကဲ့သို့ သေသွားသည်များလည်း ရှိပါသည်။ တံခါးကြားတွင်ညပ်သေနေသည့် အိမ်မြှောင်အသေကောင်များတွေ့လျှင် စိတ်မချမ်းသာနိုင်တော့ပါ။ မိမိကိုယ်ကို တရားခံအဖြစ်သတ်မှတ်ကာ ဝမ်းနည်းပူဆွေးနေမိတတ်ပေသည်။

ပျားကောင်လေးများ ရေနစ်နေလျှင် ဆယ်ယူပေးတတ်ပါသည်။ စာရေးသူ ကိုရင်ဘ၀က ဆရာတော်ကြီးချိုးရေထည့်ရာ ရေအင်တုံထဲ ရေနစ်နေသည့် ပျားကောင်များကို လက်ဖြင့်ဆယ်ယူပေးခဲ့ဖူးပါသည်။ ကြောက်အားလန့်အား ဝိုင်းတုပ်ကြသည်ကို ခံခဲ့ရဖူးပါသည်။ ဥပုသ်သည်အဘွားကြီးတစ်ဦးက “ဟယ်ကိုရင် ပျားတုပ်ခံရပြီနဲ့တူတယ်”ဟု လှမ်းအော်ပြောသည်ကို ယခုထိ ကြားယောင်နေမိပါသည်။ ထိုအချိန်မှစ၍ ယခုအချိန်ထိ ပျားကောင်ဆယ်လျှင် ရေမှုတ်ဖြင့်ဖြစ်စေ၊ ရေဖလားဖြင့်ဖြစ်စေ၊ သစ်ခက်-သစ်ချောင်းဖြင့်ဖြစ်စေ အကူကိရိယာတစ်ခုခုဖြင့်သာ ဆယ်ယူရပါတော့၏။

ယခုကဲ့သို့ နားအေးပါးအေးနေရချိန်၌ ခွေးများကို နေ့စဉ်အစာကျွေးခွင့် ရရှိပါသည်။ ကိုယ်တိုင်နယ်ဖတ်၍ သေချာကျန ကျွေးမွေးပါသည်။ ငှက်ကလေးများ၊ ရှဥ့်ကလေးများကိုလည်း နေ့စဉ်အစာကျွေးပါသည်။ တိရစ္ဆာန်လေးများကို အစာကျွေးခြင်းဖြင့် ဘဝတစ်ရာ အကျိုးငါးဖြာ ချမ်းသာနိုင်ကြောင်း ဘုရားလမ်းညွှန်ထားပါသည်။ သို့သော် အကျိုးလို၍ ညောင်ရေလောင်းခြင်းမျိုး မဟုတ်ပါ။ သနား၍ ပြုစုစောင့်ရှောက်ခြင်းသာ ဖြစ်ပါသည်။

တိရစ္ဆာန်လေးများကို ညှဉ်းဆဲနှိပ်စက်နေသော ဗီဒီယိုဖိုင်များကြည့်မိလျှင် ဒုက္ခာမုစ္စန္တု – ဒုက္ခမှလွတ်မြောက်ပါစေ ဟူ၍လည်းကောင်း၊ သုခိတာ ဟောထ – ချမ်းသာကြပါစေ ဟူ၍လည်းကောင်း ကရုဏာနှင့် မေတ္တာပို့သတတ်ပါသည်။ အနှိပ်စက်ခံ သတ္တဝါလေးများကိုကြည့်၍ ကရုဏာပို့ကာ နှိပ်စက်နေသော လူသားများကိုကြည့်၍ မေတ္တာပို့သနေခြင်း ဖြစ်ပါသည်။

တိရစ္ဆာန်လေးများကို ကြင်နာကြပါ။ တိရစ်ဆာန်လေးများကို ကြင်နာခြင်းသည် လူသားတစ်ဦးဖြစ်ကြောင်း သက်သေပြခြင်းပင် ဖြစ်ပါသည်။

အကယ်၍ သင်လည်း ကံအကြောင်းမလှ၍ တိရစ္ဆာန်ဘဝရောက်ခဲ့ရသည်ရှိသော် ကြင်နာတတ်သောသခင်နှင့် တွေ့ကြုံရလျှင် သင်လည်း ချမ်းသာစွာနေထိုင်ရနိုင်ပါသည်။ သံသရာကား ကျယ်ပြောလှပါသည်။ သင်ရော၊ ကျွနုပ်ပါ တိရစ္ဆာန်ဘဝမရောက်နိုင်ဟု အာမမခံနိုင်သေးပါ။ ကျွနုပ်တိရစ္ဆာန်ဖြစ်လျှင်မူ ကျွနုပ်ကဲ့သို့ ကြင်နာတတ်သောသခင်မျိုးနှင့် တွေ့ကြုံရလိမ့်မည်ဟု ယုံကြည်နေမိပါသည်။

လူသားတိုင်း တိရစ္ဆာန်လေးများအပေါ် ကြင်နာတတ်ကြပါစေသတည်း ။

စာနာမှုကျင့်စဉ်ပြီးပါပြီ။ ။

အရှင်ဝီရသူ (မစိုးရိမ်)

(၂၀၂၂ ခုနှစ်၊ မတ်လ ၇ ရက်ထုတ် Myanmar Guardian ဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၁၉)တွင် ဖော်ပြပါရှိသည့်ဆောင်းပါး)