သတင်း

ဉေယျဓမ်တောရသို့ … (၁၁)

ဉေယျဓမ်တောရသို့ … (၁၁)

=================

တပေါင်းလဆန်း ၁၄ရက် (15.3.2022)ရက်နေ့၊ မနက် ၄း၀၀နာရီ အိပ်ရာထပြီး ပုံမှန်အတိုင်း မဟာသမယပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပြီး တရားထိုင်ပါတယ်။

ညတုန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လို့ စိတ်ပိုလန်းနေပါတယ်။ ရောက်ကာစတုန်းက နာရီကလည်း ၁၅မိနစ်တစ်ခါမြည်၊ ဆရာတော်ကြီးကို ဖူးချင်တဲ့စိတ်ကလည်း ဆန္ဒစောနေတာကြောင့် တစ်ဆက်တည်း မအိပ်လိုက်ရပေမယ့် မနေ့ညတုန်းကတော့ တစ်ဆက်တည်း အိပ်နိုင်ခဲ့ပါတယ်။

အရုဏ်ဆွမ်းစားပြီး နမောတဿ ရွတ်ရင်း ရေလောင်း၊ ရေလောင်းရင်း ဂုဏ်တော်ပွားဖြင့် သေနာသနဝတ် ဖြည့်ကျင့်ကြပါတယ်။ ကျောင်းသန့်ရှင်းရေးကုသိုလ်က တစ်ပိုင်း၊ ဂုဏ်တော်ပွားတဲ့ကုသိုလ်က တစ်ပိုင်း၊ သစ်ပင်ရေလောင်းတဲ့ကုသိုလ်က တစ်ပိုင်းဆိုတော့ ကုသိုလ်သုံးထပ်ကွမ်း ရရှိနေတော့တာပေါ့။

နေ့ဆွမ်းစားပြီးတဲ့အခါမှာတော့ ပစ္စည်းပစ္စယတွေ သိမ်းဆည်းကြပါတယ်။ ပါလာတဲ့ပစ္စည်းဟောင်းတွေရော ရခဲ့တဲ့ပစ္စည်းသစ်တွေပါ သိမ်းဆည်းကြပါတယ်။ တပည့်တွေကလည်း “ကမ္ဘာကျော်ကြီးလာတည်းသွားတာ ရှုပ်ပွနေတာပဲဟေ့”လို့ အပြစ်ပြောတာမျိုး မခံရအောင် အမြော်အမြင်ရှိရှိ သန့်ရှင်းရေးလုပ်ကြပါတယ်။

မွန်းလွဲပိုင်းရောက်တော့ နတ်တလူဆရာတော်လေးနဲ့ ဆရာငြိမ်းချမ်းသာတို့ ရောက်လာကြပါတယ်။ စာရေးသူတို့အဖွဲ့ကို လာပင့်ကြတာပါ။ ဆရာငြိမ်းချမ်းသာက ဆရာတော်ကြီးရဲ့လက်ဆောင်ထဲက  တစ်ခုစွန့်ပါဦးဆိုလို့  အဖြူရောင်လက်ကိုင်ပုဝါအပါးလေး တစ်ပါကင် ပေးလိုက်ပါတယ်။

တိပ်ကပ်တရားပွဲတို့၊ ဝမ်းတူးဖိုးအရေးတော်ပုံတို့ မပေါ်ပေါက်ခင်တုန်းကလည်း အခုလိုပဲ ဆရာတော်ကြီးလက်ဆောင်ပစ္စည်းတွေထဲက လက်ကိုင်ပုဝါတစ်ထည် ပြန်လှူခဲ့ပါသေးတယ်။ အခုဆိုရင်တော့ နှစ်ကြိမ်ရှိပြီးပေါ့။

မဟာဗောဓိမြိုင်ဆရာတော်ကြီးကလည်း ဝေဘူဆရာတော်ကြီးရဲ့တပည့်၊ စာရေးသူကလည်း ဝေဘူဆရာတော်ကြီးရဲ့ သိဿာနုသိဿ (တပည့်ရဲ့ တပည့်)ပါ။

မဟာဗောဓိမြိုင်ဆရာတော်ကြီးက ကိုယ်တော်သုံး ပရိက္ခရာများကို စားရေးသူအား အမြဲပေးပို့လှူဒါန်းလို့ ဆရာတော်ကြီးစွန့်ကြဲတဲ့ သင်္ကန်းတွေလည်း စာရေးသူမှာ များပြားစွာရှိပါတယ်။

ဝေဘူဆရာတော်ကြီးကို စာရေးသူမမီလိုက်ပေမယ့် ဝေဘူဆရာတော်ကြီးရဲ့ ကိုယ်တော်သုံး ပရိက္ခရာတွေလည်း စာရေးသူ ဖူးမြင်ကိုင်တွယ်ကြည့်ခွင့် ရရှိခဲ့ပါတယ်။ ဝေဘူဆရာတော်ကြီးကိုယ်တော်ဝတ် သင်္ကန်းလည်း စာရေးသူထံမှာ ရှိပါတယ်။ ခေါင်းရင်းမှာ အမြဲထားပြီး အိပ်တာပါ။ အဲဒီသင်္ကန်းကိုတော့ ရဟန်းဒါယိကာမကြီးဆီက အမွေရလိုက်တာပါ။ စာရေးသူရဲ့ ရဟန်းဒါယိကာမကြီး ဒေါ်သိန်းသိန်းဝင်းကို ဆရာတော်ကြီးကိုယ်တိုင် စွန့်ကြဲတော်မူခဲ့တဲ့ သင်္ကန်းပါ။ သင်္ကန်းဟောင်းကိုချွတ်ပြီး သင်္ကန်းသစ်လဲခိုက် စွန့်ကြဲခဲ့တဲ့ သင်္ကန်းဟောင်းဖြစ်ပါတယ်။ ရဟန်းဒါယိကာမကြီးက အသက်ရှစ်ဆယ်ကျော်မှ ကွယ်လွန်သွားတာပါ။ 2021 ခုနှစ်မှာ ဆုံးတာမို့ မကြာသေးပါဘူး။ သူလည်း ဝေဘူဆရာတော်ကြီးရဲ့ သင်္ကန်းတော်ကို အမြတ်တနိုး ပူဇော်ထားတာပါ။ နောက်ဆုံးအချိန်ကျမှ “ဦးဇင်းလေး(သားတော်လေး)အတွက်”ဆိုကာ အမွေပေးခဲ့တာပဲ ဖြစ်ပါတယ်။ သူငယ်စဉ်က ရခဲ့တဲ့သင်္ကန်းဆိုတော့ နှစ်ပေါင်းလေးဆယ်ကျော် ကြာပြီပေါ့နော်။

ထူးခြားတာက ဝေဘူဆရာတော်ကြီးရယ်၊ မဟာဗောဓိမြိုင်ဆရာတော်ကြီးရယ်၊ စာရေးသူရယ် ရှေးရေစက် ကြီးကြီးမားမားရှိခဲ့ပုံပါပဲ။

အဲဒီထက်ထူးခြားတာလည်း ရှိသေးတယ်။ ဝေဘူဆရာတော်ကြီး ခေါင်းရိတ်ဆံချရင် ပုဝါများဖြင့် ဆံတော်ကို ခံယူထားလေ့ရှိကြပါတယ်။ ခံယူထားသူများက အမြတ်တနိုး ပူဇော်ထားကြပါတယ်။ စာရေးသူရဲ့ ဦးကြီးအရင်းဖြစ်သူ ဥပဇ္ဈာယ်ဆရာ ကျောက်ဆည်မြို့၊ ရွှေလှံထောင်ဆရာတော်ကလည်း ဝေဘူဆံတော်ကို ပူဇော်တဲ့အထဲမှာ ပါပါတယ်။ စာရေးသူရဲ့ ဦးကြီးတော်ဆီမှာ ဝေဘူဆံတော်ကို ဖူးဘူးတာပါ။ အခုလည်း ရွှေလှံထောင်မှာ ရှိပါတယ်။ ဆံတော်လေးတွေက အလုံးလေးတွေ ဖြစ်နေပါပြီ။

အခုလည်း နတ်တလူဆရာတော်လေးက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့ ဆံတော်များကို ပြသလာပါတယ်။ သာသနဝုဍ္ဎိကျောင်းမှာ ပူဇော်ထားတဲ့ ဆံတော်တွေပါ။ ဆရာတော်ကြီးက ကိုယ်တော်တိုင်ခေါင်းရိတ်တာဆိုတော့ ဆံတော်တွေ မြေမခအောင် သေချာသိမ်းထားခဲ့ပုံရပါတယ်။ ဆံတော်ဘူးလေးထဲမှ ဆံတော်တစ်ပင်နှစ်ပင်လောက် ပင့်ဆောင်ပူဇော်ချင်တယ်လို့ နတ်တလူဆရာတော်လေးက ဆန္ဒပြုလာတဲ့အခါ “တစ်ပင်နှစ်ပင်လေးလောက်နဲ့ မကောင်းပါဘူး။ တစ်ထွေးလုံးယူသွားပါ”လို့ စာရေးသူက ပြောလိုက်ပါတယ်။ “ပရိသတ်ရှေ့မှာယူတာနော်၊ မရိုးမသားတဲ့စိတ်နဲ့ မဟုတ်ဘူး”လို့ ထပ်မံပြောဆိုလာတော့ စာရေးသူက “ပူဇော်တာပဲ အပြစ်မရှိပါဘူး၊ ကိုယ့်ဆရာသမားဆံတော် ကိုယ်ပူဇော်တာ ဘာအပြစ်ရှိရမှာလဲ”လို့ အဖြေပေးလိုက်ပါတယ်။ သူလည်း ပင့်ဆောင်ပူဇော်အား ရှိသွားပုံရပါတယ်။

အမွေခံပစ္စည်းကို အမွေထိုက်သူယူတာ ခိုးမှုမမြောက်ဘူး မဟုတ်လား … ။

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

28.3.2022