ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၈)

“ရှက်စရာ အမူအရာများ”

——————————-

ဟိရီသြတ္တပ္ပဆိုသည့် စကားလုံးကို လူတိုင်းကြားဖူးကြပေမည်။ အရှက်အကြောက်ဟု နားလည်ထားကြပုံရ၏။ ဟိရီဆိုသည်မှာ အရှက်တရားဖြစ်၍ သြတ္တပ္ပဆိုသည်မှာ အကြောက်တရား ဖြစ်ပါသည်။ မကောင်းမှုပြုလုပ်ရမည်ကို ရှက်ရွံ့ခြင်းသည် ဟိရီဖြစ်၍ မကောင်ကျိုးခံရမည်ကို ကြောက်ရွံ့ခြင်းသည် သြတ္တပ္ပဖြစ်ပါသည်။ ၎င်းဟိရီသြတ္တပ္ပကို သဒ္ဓမ္မ(သူတော်ကောင်းတရား)ဟုလည်းကောင်း၊ လောကပါလ(ကမ္ဘာစောင့်တရား)ဟုလည်းကောင်း ခေါ်ဆိုပေသေး၏။ ဟိရီသြတ္တပ္ပဖြစ်ကြောင်းတရား များစွာရှိသော်လည်း စာရေးသူ ဘဝင်နှစ်ခြိုက် အသည်းခိုက်၍ အကြိုက်တွေ့လျက် အမြဲဆင်ခြင်နှလုံးသွင်းမိသော အချက်နှစ်ချက်မှာ အတ္တဂါရဝတာ နှင့် ပရဂါဝတာ ဖြစ်ပါသည်။

အတ္တဂါရဝတာဆိုသည်မှာ မိမိကိုယ်ကို ရိုသေလေးစား တန်ဖိုးထားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း ဖြစ်ပါသည်။ မိမိကိုယ်ကို ရိုသေသူသည် မိမိကိုယ်ကို မရိုသေနိုင်သော အကုသိုလ်များကို မပြုလုပ်ဝံ့ပေ။ မိမိကိုယ်ကို လေးစားသူသည် မိမိကိုယ်ကို မလေးစားလောက်သည့် ဒုစရိုက်များကို မကျူးလွန်ဝံ့ပေ။ မိမိကိုယ်ကို တန်ဖိုးထားသူသည် မိမိတန်ဖိုးလျော့ကျစေနိုင်မည့် မကောင်းမှုလေးများကို မပြုလုပ်ရက်ပေ။ မိမိကိုယ်ကို မြတ်နိုးသူသည် မိမိကိုယ်ကို ရွံရှာမုန်းတီးနိုင်လောက်သည့် ပြစ်မှုကြီးများကို မကျူးလွန်ဝံ့ပေ။ ထိုသို့ မိမိကိုယ်ကို အလေးအမြတ်ပြုလျက် မိမိကိုယ်မိမိ ရိုသေလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုမိမိ ကြည်ညိုမြတ်နိုးသောအားဖြင့်လည်းကောင်း အကုသိုလ်များကို ရှောင်ကြဉ်ခြင်းသည် အတ္တဂါရဝတာ ဖြစ်ပါသည်။

ပရဂါရဝတာဆိုသည်မှာ သူတစ်ပါး(ပတ်ဝန်းကျင်)ကို ရိုသေလေးစား တန်ဖိုးထားခြင်း၊ ကြည်ညိုမြတ်နိုးခြင်း ဖြစ်ပါသည်။ သူတစ်ပါးကို ရိုသေသူသည် သူတစ်ပါးကို မရိုသေသည့် အမူအရာမျိုးကို မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို လေးစားသူသည် သူတစ်ပါးကို မလေးစားသည့် အပြုအမူမျိုး မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို တန်ဖိုးထားသူသည် သူတစ်ပါးတန်ဖိုးကျစေမည့် စရိုက်ဆိုးများကို မပြုလုပ်ဝံ့ပေ။ သူတစ်ပါးကို ကြည်ညိုမြတ်နိုးသူသည် သူတစ်ပါးအကြည်ညိုပျက်ပြားစေမည့် မကောင်းမှုများကို မပြုလုပ်ဝံ့ပေ။ ထိုသို့ သူတစ်ပါးကို အလေးအမြတ်ပြုလျက် သူတစ်ပါးကို ရိုသေလေးစား တန်ဖိုးထားသောအားဖြင့်လည်းကောင်း၊ သူတစ်ပါးကို ကြည်ညိုမြတ်နိုးသောအားဖြင့်လည်းကောင်း သူတစ်ပါးထိခိုက်နစ်နာစေမည့် အပြောအဆို အပြုအမူများကို ပြောဆိုပြုလုပ်ရမည်ကို ကြောက်ရွံ့ထိတ်လန့်ခြင်း၊ စက်ဆုပ်ရွံမုန်းခြင်းကို ပရဂါရဝတာဟု ခေါ်ပါသည်။

အနှစ်ချုပ်မှာ မိမိကိုယ်ကို အလေးအမြတ်ပြုသောအားဖြင့် မကောင်းမှုအကုသိုလ်ဒုစရိုက်များကို ရှောင်ကြဉ်ခြင်းသည် ဟိရီ(အရှက်တရား)ဖြစ်၍ သူတစ်ပါး(ပတ်ဝန်းကျင်)ကို အလေးအမြတ်ပြုသောအားဖြင့် မကောင်းမှုအကုသိုလ်ဒုစရိုက်များကို ရှောင်ကြဉ်ခြင်းသည် သြတ္တပ္ပ(အကြောက်တရား) ဖြစ်ပေသည်။

စာရေးသူသည် တစ်ခါတရံမှာ မိမိကိုယ်ကို အလေးအမြတ်ပြုတတ်ပြီး တစ်ခါတရံမှာမူ ပတ်ဝန်းကျင်ကို အလေးအမြတ် ပြုလေ့ရှိပါသည်။ သို့ဖြစ်၍ သူတစ်ပါးအထင်အမြင်သေးခံရမည့် အလုပ်မျိုး မလုပ်ဝံ့ခဲ့သလို ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေနိုင်မည့် အမူအရာမျိုးလည်း မလုပ်ဝံ့ခဲ့ပေ။ ဥပမာ- အာမိသ(ပစ္စည်းလာဘ်လာဘ)နှင့်ပတ်သက်၍ လောဘအစွန်းမထွက်ရဲပါ။ ‘ကမ္ဘာကျော်ကြီးလည်း မထူးပါဘူးကွာ’ဟု မှတ်ချက်ပြုကာ အထင်သေးသွားမည်ကို ကြောက်ပါသည်။ ဒေါသအမျက် ချောင်းချောင်းထွက်ဆိုသည့် ပုံစံမျိုးဖြင့် အော်ငေါက် ဟိန်းဟောက်ခြင်းမျိုးကိုလည်း ရှောင်ကြဉ်ပါသည်။ ရဟန်းဘဝဖြစ်လျက် လောဘဒေါသ မထိန်းချုပ်နိုင်ဘဲ လူသားများနှင့်မခြား လောဘဒေါသကြီးမားရကောင်းလားဟု သူတော်ကောင်းတို့ အပြစ်တင်မည့်အရေးကို အထူးဂရုစိုက် ဆင်ခြင်တတ်ပါသည်။ စာရေးသူ မစိုးရိမ်တိုက်သစ်နာယကဆရာတော်ဖြစ်ကာစ ၂၀၀၁ခုနှစ်မှာ အစိုးရကထိန်တော်နှင့် ကြုံကြိုက်ပါသည်။ တိုက်ဆိုင်စွာပင် စာရေးသူက ကထိန်ခံ နာယကဆရာတော်အဖြစ် အလှည့်ကျပါသည်။ နိုင်ငံတော်ကထိန်ဖြစ်သဖြင့် ပဒေသာပင်ပေါင်း ရာကျော်ပါဝင်ပါသည်။ မစိုးရိမ်တိုက်သစ် နာယကဆရာတော်များသည် အလှည့်ကျကထိန်ခံလေ့ရှိသော်လည်း ကထိန်နှင့်စပ်ဆက်သည့် လှူဖွယ်များ မပါသည်က များပါသည်။ ကထိန်ခင်းရာ ဒုကုဋ်(နှစ်ထပ်သင်္ကန်းကြီး)သာ ရရှိကြပါသည်။ သံဃာများပြားသဖြင့် အလှူရှင်များက အခြားကထိန်များလို ပဒေသာပင် မသီးနိုင်ကြခြင်းကြောင့် ဖြစ်ပါသည်။ စာရေးသူ ကထိန်ခံမည့်အလှည့်ရောက်မှသာလျှင် တိုက်ဆိုင်စွာ ပဒေသာပင်ရာကျော် ပါဝင်လာသည်နှင့် ကြုံရခြင်းဖြစ်ပါသည်။ ကထိန်သာခင်းပြီးသွားပါသည်။ ကထိန်ခံရဟန်းကို မည်သူမျှ စကားစပ်၍ မိန့်တော်မမူကြပါ။ ခါတိုင်းနှစ်များကဲ့သို့ပင် ဒုကုဋ်သင်္ကန်းကြီးနှင့်သာ ပြီးသွားရပါသည်။ ပဒေသာပင်အသေးလေး တစ်ပင်မျှပင် ပေးတော်မမူကြပါ။ စာရေးသူကလည်း တစ်လုံးတစ်ပါဒမျှ မဟပါ။  အားလုံးက အထင်ကြီးထားကြသဖြင့် ပါးစပ်အဟောင်းသားများ ဖြစ်သွားကြပါသည်။ အခြားကျောင်းတိုက်များမှာ ကထိန်ခံရဟန်းကို ဉတ်မကြီး(ညှပ်မကြီး)ပဒေသာပင် ပေးလှူလေ့ရှိသော်လည်း စာရေးသူတို့မှာ ထိုကဲ့သို့သော လှူဖွယ်အများအပြား မခင်းမလှူဖူးသောကြောင့် ခါတိုင်းကဲ့သို့ပင် နှစ်ထပ်သင်္ကန်းဖြင့်သာ အစဉ်အလာကို ထိန်းခဲ့ရခြင်း ဖြစ်ပါသည်။ ကထိန်ခင်းပြီးသည့်အခါ ပဒေသာပင်များကို ဝေဘန်ဖို့ စာရေးသူကို တာဝန်ပေးကြပါသည်။ ကိုယ်ဘာမျှမရဘဲ ကိုယ်ရထိုက်သည့်ပစ္စည်းများကို ခွဲခြမ်းဝေဖန်ပေးရသည့်အလုပ်ကား လွယ်ကူလှသည်မဟုတ်ပါ။ ကိုယ့်ရည်းစားမင်္ဂလာပွဲမှာ ပရိသတ်ကို သီဆိုဖျော်ဖြေဧည့်ခံပေးနေရသည့် အဆိုတော်အလား ခံစားရပါသည်။ သို့သော် စာရေးသူမှာ အာမိသနှင့်ပတ်သက်လာလျှင် အစွန်းမထွက်အောင် စောင့်ထိန်းမည်ဟု သန္နိဋ္ဌာန်ချထားသဖြင့် သံဃာများအား ခွဲခြမ်းဝေဖန်ပေးသည့်အခါ မိမိကိုယ်တိုင် အလှူကြီးပေးသလို စေတနာထား၍ ခွဲဝေပေးနိုင်ခဲ့ပေသည်။ နောက်နှစ်များ၌မူလည်း စာရေးသူကိုပင် ကထိန်ခွဲဝေခွင့်ပေးကြသဖြင့် ကထိန်ခံနာယကဆရာတော်အား ပဒေသာပင်တစ်ခုကို စိတ်တိုင်းကျ ယူခွင့်ပေးလိုက်ပါသည်။ ထိုသို့ပေးသည်ကိုလည်း မည်သူကမျှ အပြစ်မတင် အပြစ်မမြင်ကြပေ။ စာရေးသူသာ ကံဆိုးသဖြင့် စာရေးသူကဲ့သို့ ဝေဖန်ပေးသူမျိုးနှင့် မကြုံခဲ့ရခြင်း ဖြစ်ပါသည်။

ဒေါသအစွန်းထွက်သူအဖြစ် တင်စားခံရသည့် နာမ်စားများကို ကြားဖူးကြပေလိမ့်မည်။ “လူပုစိတ်တို၊ ခွေးပုရန်လို” “လူသာအရပ်ရှည်တာ စိတ်ကလက်တစ်ဆစ်” “သဘောတော့ကောင်းပါရဲ့ ဒေါသကကြီးလွန်းတယ်”  “ဒေါသအမျက် ချောင်းချောင်းထွက်” “ဒေါသအိုး” “အာဠာဝက” စသည်တို့ဖြစ်ပါသည်။ အဆိုပါစကားပုံများနှင့် မှတ်ချက်များက ဒေါသသရုပ်ကို ဖော်ကြူးနေကြပေသည်။ လူရှေ့သူရှေ့မရှောင် အော်ဟစ်ငေါက်ငန်းနေသူများ၊ စကားပြောလျှင် ချိုသာယဉ်ကျေးစွာမပြောဘဲ မြည်တွန်ဟိန်းဟောက်ပြောကြသူများ၊ တစ်အိမ်လုံး ထွက်ပြေးရသည်အထိ ဒေါသူပုန်ထကြသူများကိုလည်း မြင်ဖူးကြပေလိမ့်မည်။ ၎င်းတို့သည် လူချစ်လူခင်ပေါများကြလေသလော၊ လူကြည်ညို နတ်ကြည်ညိုခံရလေသလော၊ အဘယ်ကဲ့သို့ရှိလေမည်နည်း။ စာရေးသူသည် ထိုကဲ့သို့ ဒေါသကြီးသူအဖြစ် သတ်မှတ်ခံရမည်ကို အင်မတန် ရှက်ရွံ့တတ်ပါသည်။ အစည်းအဝေးများ၌လည်း မိမိအမြင်ကို တင်ပြသည့်အခါ ဒေါနှင့်မောနှင့် တင်ပြခြင်းမျိုး အလျဉ်းမရှိသလို ဒေါသရှေ့ထား စကားပြောခြင်းလည်း လုံးဝ မရှိပေ။ လူရှေ့သူရှေ့မှာဖြစ်စေ အစည်းအဝေးမှာဖြစ်စေ မိမိအား ဒေါသအလျောက်တိုက်ခိုက်လာလျှင်လည်း ဒေါသဖြင့် ပြန်လည်တုန့်ပြန်ခြင်းမျိုး လုံးဝ မလုပ်ဝံ့ပေ။ အတတ်နိုင်ဆုံး စိတ်ကိုထိန်းကာ အချိုသာဆုံး စကားလုံးကိုရွေး၍ အဆင်ပြေမည့်ပုံစံမျိုးကိုသာ အဖြစ်နိုင်ဆုံး တင်ပြတတ်ပါသည်။ ကိုယ်အမူအရာမပျက်အောင် စောင့်ထိန်းထားသလို မိမိကို အကဲခတ်နေသူများ မရိပ်မိအောင်လည်း အရွှန်းဖောက်၍ ပြောဆိုတတ်ပေသည်။ အစည်းအဝေးပြီးသွားသည့်အခါ၌လည်း လက်သည်တရားခံကို အလျင်ဦးဆုံး ဖုန်းဆက်ကာ အစည်းအဝေးမှာ ဘာမျှမဖြစ်ခဲ့သလို ဖော်ရွေပြတတ်ပါသည်။ “ကမ္ဘာကျော်ကြီးကတော့ အဆော်ခံလိုက်ရပြီ”ဟူသောစကားကိုသာ ကြားချင်ပါသည်။ “အတ္တကိုထိပါးလာတော့ ကမ္ဘာကျော်ကြီးလည်း ဘာမျှမထူးပါဘူးကွာ”ဟုလည်းကောင်း၊ “လူထဲကလူပဲ”ဟူ၍လည်းကောင်း၊ “သူလည်းလေ လောကီသားပေမို့”ဟူ၍လည်းကောင်း အထင်သေးစွာ အပြစ်တင်ခံရမည်ကို ကြောက်ရွံ့တတ်ပေသည်။ “ကမ္ဘာကျော်ကြီးလည်း အကောက်ကြံတတ်တာပဲ”ဟု အပြောခံရမည်ကို သေလောက်အောင်အထိ ကြောက်ရွံ့တတ်ပေသည်။ ထို့ကြောင့် သူတစ်ပါးအား လုံးဝ အကောက်မကြံပါ။ “မိမိသာ အကောက်ကြံခံမည်၊ မိမိကတော့ အကောက်မကြံနိုင်”ဟု ခံယူထားပါသည်။ အိုးဘိုကျောင်းဆင်းဖြစ်၍ အကောက်ကြံပုံကြံနည်း မြောက်များစွာ သိရှိထားသော်လည်း မည်သည့်အခါမျှ မည်သူ့ကိုမျှ အကောက်မကြံခဲ့ပေ။ လူသိမှာ လူမိမှာ ကြောက်သောကြောင့်တည်း။

ဟိရီသြတ္တပ္ပနှင့် မသက်ဆိုင်သည့် အခြားအရှက်အကြောက်လေးများလည်း ရှိပေသေး၏။ “ဟာ အရှင်ဘုရား ဝလိုက်တာ”ဟု အချီးကျူးခံရမည်ကို ရှက်ပါသည်။ စာသင်သားဘဝမှာ စာမကျက်ဘဲ ‘စားပြီးအိပ် အိပ်ပြီးစား’ဟု ဆိုလိုရာရောက်သောကြောင့်တည်း။ “စားပြီးအိပ်နေ ဘိက္ခဝေ…..”စကားပုံလည်း ရှိနေရာ မိမိအား ထိုအစားမျိုးမှတ်ထင်သွားမည်ကို လွန်စွာကြောက်ရွံ့တတ်ပေသည်။ ထို့အတူပင် ‘ထီပေါက်လျှင် လူထွက်မည်’၊ ‘သူဌေးသမီးရလျှင် လူထွက်မည်’၊ ‘တိုက်တာစည်းစိမ်ရလျှင် လူထွက်မည်’ စသည့်ပုံစံမျိုးလည်း အပြောမခံရဲပါ။ အလွန်တရာရှက်ရွံ့တတ်ပါသည်။ စိတ်ထားပိုင်းဆိုင်ရာဆိုလျှင်လည်း ‘စိတ်ကောင်းမရှိဘူး’ ‘သဘောထားမကြီးဘူး’ ‘ကလေးဆန်တယ်’ ‘မိန်းမဆန်တယ်’ ‘မပြည့်ဝဘူး’ ‘သာမန်လူအရပ်သားတွေနှင့် ဘာမျှမထူးဘူး’ ‘အကျင့်ယုတ်တယ်’ ‘ကောက်ကျစ်တယ်’ ‘အတွင်းကောက်’ ‘ရုပ်ကလေးက သနားကမား စိတ်ဓာတ်က ရွံစရာကောင်း’ ‘လူနှင့်စိတ် တခြားစီ’ စသည်စသည်ဖြင့် ခန္တီမေတ္တာပိုင်းဆိုင်ရာ စရဏတရားများ ထိခိုက်ခံရမည်ကို အင်မတန်စိုးရွံ့တတ်ပါသည်။ ‘တစ်ယူသန်သည်’ ‘အတ္တဆန်သည်’ ‘မာနကြီးသည်’ ‘ဘဝင်မြင့်သည်’ ‘အောက်ခြေလွတ်သည်’ ‘ဘဝမေ့သည်’ စသည်အားဖြင့် သူတစ်ပါးတို့ ကဲ့ရဲ့ပြစ်တင်ရှုတ်ချလာမည့်အရေးကိုလည်း အမြဲတွေးကာ ကြောက်ရွံ့နေတတ်ပေသည်။ အချို့မှာ အဆိုပါအားနည်းချက်ကိုယူ၍ မိမိအပေါ် စော်ကားမော်ကားပြုတတ်ကြသလို မိမိကို ဆရာလုပ်ကြသည်လည်း ရှိပါသည်။ ဆရာလုပ်၍ မရသည့်အခါ လိုက်လံရန်လုပ်သည်အထိလည်း ခံခဲ့ရဖူးပေသည်။ ထိုအခါ ဘုရားအလောင်း ဘူရိဒတ်နဂါးမင်းကို စံနမူနာယူကာ မိမိကိုယ်ကိုယ် ဖြေသိမ့်တတ်ပေသည်။

တရားပွဲများ ကြွရသည့်အခါ ဆွမ်းဝိုင်းအချိုပွဲ လဘက်ရည်ပွဲများတည်သလို မုန့်ပဲသွားရည်စာ အခြောက်အခြမ်းများနှင့် အသုပ်မျိုးစုံတို့ဖြင့် တည်ခင်းဧည့်ခံကြသည်နှင့် ကြုံရလျှင် အလွန်အမင်း ရှက်တတ်ပါသည်။ ဝိနည်းဓိုရ်သည်ဟု အပြစ်တင်ခံရမည်ကိုလည်း ကြောက်ရ၊ ထေရ်ကြီးဝါကြီးများကိုလည်း အားနာနှင့် စကားရောဖောရောလိုက်ကာ ပျားရည်နှင့် သံပုရာရည်ကိုသာ ဖျော်သောက်လေ့ရှိပါသည်။ မကင်းရာမကင်းကြောင်းအဖြစ် ဂျင်းသုပ်လေးများကို အားပါးတရ စားပြရသည်လည်း ရှိပါသည်။

အခြားရှက်စရာတစ်ခုလည်း ရှိသေးသည်။ ၎င်းကား တက်တူးထိုးထားခြင်းဖြစ်၏။ မူလတန်းကျောင်းသားအရွယ်၌ တက်တူးထိုးခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းမိပါသည်။ တက်တူးထိုးကာစ တက်တူးပြချင်၍ လက်မောင်းဖော် ဘုရားရှိခိုးသည်ကို ကျောင်းသားကြီးတစ်ယောက်က စခဲ့ဖူးသည်ကို သတိရမိနေခြင်းကြောင့် ဖြစ်၏။ အရုပ်ကလေးတွေက အသေးလေးတွေဖြစ်သော်လည်း ခန္ဓာကိုယ်အလိုက် အသက်အရွယ်အလိုက် စကေးကျကြီးလာသဖြင့် အရုပ်ကြီးများ ဖြစ်လာခဲ့ပေသည်။ လူ့ဘဝ၌ ဂုဏ်ယူစရာအဖြစ် မှတ်ထင်မိခြင်း၊ ကိုယ်ပိုင်အတွေးအခေါ်မရှိသည့်အရွယ်ဖြစ်သဖြင့် သူများလုပ်တိုင်း လိုက်လုပ်မိခြင်းတို့ကြောင့် တစ်ရုပ်စ နှစ်ရုပ်စမှစ၍ လက်မောင်းနှစ်ဖက်လုံး စုံလင်သွားခြင်း ဖြစ်ပါသည်။ အဖေက မကြိုက်သော်လည်း ‘ဘာလို့ထိုးရတာလဲ’ဟု မေးသည်မှလွဲ၍ ရိုက်ခြင်း နှက်ခြင်း ဆူပူခြင်း မလုပ်ပါ။ အိမ်နီးချင်းများက မထိုးရဲကြပေ။ စာရေးသူက သူများမြှောက်ပေးသည်ကိုပင် သူရဲကောင်းကြီးအသွင် ထင်မှတ်ကာ အရုပ်ကလေးတစ်ပြပြဖြင့် ဂုဏ်ယူမဆုံး ဖြစ်ခဲ့ရလေသည်။ လူ့ဘဝ၌ အင်္ကျီလက်ရှည်ဝတ်ထားလျှင် တက်တူးထိုးထားမှန်း မသိကြသဖြင့် နေရထိုင်ရသည်မှာ အခက်အခဲမရှိပါ။ ကိုရင်ဝတ်သည့်နေ့မှစ၍ မစိုးရိမ်နာယကဘဝအထိ နေ့စဉ်နှင့်အမျှ နေရထိုင်ရသည်မှာ ပင်ပန်းလှပါသည်။ လက်မောင်းတစ်ဖက် အမြဲတန်းဖော်ထားရသောကြောင့် လူစိမ်းမြင်တိုင်း ရှက်နေတတ်ပေသည်။ မသိမသာ အကဲခတ်သူတွေ့လျှင် ရှက်တတ်သည်။ စူးစူးဝါးဝါးစိုက်ကြည့်သူတွေ့လျှင် ပို၍ရှက်တတ်သည်။  နှုတ်ကထုတ်ဖော်၍ မေးမြန်းစုံစမ်းလာလျှင် အရှက်ဆုံးဖြစ်သည်။ ရေချိုးလျှင်လည်း ရေကန်မှာ လူရှုပ်နေလျှင် မချိုးရဲပါ။ လူရှင်းသည့်အချိန်လေးတွေမှာ အပြေးသွား၍ ချိုးရပါသည်။ မြစ်ဆုံထောင်မှ ပြန်လာပြီးမကြာမီမှာပင် မြို့တော်စည်ပင်ဆေးရုံတက်၍ ခွဲစိတ်ပစ်ခဲ့ရပါသည်။ သို့သော် အချိန်မပေးနိုင်ခြင်း၊ ပုံမှန်ဆေးလိမ်းမှုမပြုနိုင်ခြင်းတို့ကြောင့် အရုပ်သာပျက်သော်လည်း အမာရွတ်က ကျန်နေခဲ့ပါသည်။ ထိုအမာရွတ်မြင်လျှင် တွေ့စမြင်စမှာပင် စူးစမ်းမေးမြန်းတတ်သည့် လူစိမ်းများ မကြာခဏတွေ့ရသောကြောင့် ကိုယ်ပတ်ကို ခြုံထည်အသွင် အမြဲဝတ်ထားရပေသည်။ ကိုယ်ပတ်ပါးပါးလေးခြုံထားခြင်းဖြစ်သော်လည်း ပူပြင်းသည့်ဒေသ ပူအိုက်သည့်ရာသီမျိုးကြုံရပြန်လျှင်လည်း အစူးအစမ်းခံရပြန်ပါသည်။ ထိုအခါ ၎င်းကိုယ်ပတ်ကို ခေါက်ကာ ပုခုံးပေါ်တင်ထားရပေသည်။ ဤကား ဟိရီသြတ္တပ္ပနှင့် မသက်ဆိုင်သည့် ရှက်ဖွယ်ရာအချို့ ဖြစ်လေသတည်း။

ရှက်စရာ အမူအရာများ ပြီးပါပြီ။

 ဝီရသူ(မစိုးရိမ်)

4.8.2020