ဆောင်းပါး

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၉)

ကမ္ဘာကျော်ဆရာတော်၏ ကမ္ဘာမကျော်သော အတွေးအခေါ်များ (၂၉)

“ပုဗ္ဗဘာသီ ကျင့်ဝတ်”

မြတ်စွာဘုရား၏ ဂုဏ်တော်အနန္တတွင် ပြောဆိုဆက်ဆံရေးနှင့် ပတ်သက်သည့် ဂုဏ်တော်လေးများလည်း ပါဝင်ပေသည်။ ၎င်းကို ဝစီသမာစာရ(နှုတ်ကျင့်ဝတ်)ဟု ခေါ်ဆို၏။ မြတ်စွာဘုရား၏ ဂုဏ်တော် ကျေးဇူးတော်များအနက် လူမှုဆက်ဆံရေးနှင့်ပတ်သက်သည့် ဂုဏ်တော်အသေးအဖွဲလေးများ ဖြစ်ပါသည်။ ၎င်းတို့မှာ ပဋိသန္တာရကုသလော- စေ့စပ်ခြင်း၌ လိမ္မာသူ၊ သခိလော- ပြေပြစ်သူ၊ သုခသမ္ဘာသော- နားချမ်းသာစွာပြောတတ်သူ၊ သမ္မောဒကော- ဝမ်းမြောက်ဖွယ်ကို ပြောတတ်သူ၊ ဥတ္တာနမုခေါ- မျက်နှာပန်းပွင့်သူ(ပန်းပွင့်ကဲ့သို့ မျက်နှာတင့်တယ်သူ)၊ ပုဗ္ဗဘာသီ- ရှေးဦးစွာပြောဆိုတတ်သူ၊ ဧဟိသွာဂတဝါဒီ- ဖိတ်ခေါ်ကြိုဆိုသူ၊ ပိယဝါဒီ- ချစ်ဖွယ်ကိုဆိုတတ်သူ၊ မိဟိတပုဗ္ဗင်္ဂမော- အပြုံးကိုရှေ့ထားသူ စသည်တို့ ဖြစ်ပါသည်။ ထိုအမူအရာများသည် အသေးအဖွဲလေးများဖြစ်သော်လည်း ပြောဆိုဆက်ဆံသည့်အရာ၌ လွန်စွာအရေးပါလှပေသည်။ ၎င်းကို စာရေးသူနားလည်ထားသည့်အလျောက် အနည်းငယ်မျှသာ ပြန်လည်ဝေမျှလိုပါသည်။

‘ဧဟိသွာဂတဝါဒီ- သင်သည်လာခဲ့လော့၊ သင်၏လာခြင်းသည် ကောင်းသောလာခြင်းပေတည်းဟု ပြောဆိုလေ့ရှိ၏’ဆိုသည်မှာ မြတ်စွာဘုရားက လူတွေကို အမြဲဖိတ်ခေါ်လေ့ရှိသည်၊ ဖိတ်ထားသဖြင့် ရောက်လာကြလျှင်လည်း လာခြင်းကောင်းသည် ကောင်းသောလာခြင်းဖြစ်သည် မင်္ဂလာရှိသောနေ့ရက်ဖြစ်သည်ဟု အသိအမှတ်ပြုခြင်းပင် ဖြစ်ပါသည်။

‘ပုဗ္ဗဘာသီ- အထူးသဖြင့် ရှေးဦးစွာပြောဆိုခြင်း အလေ့ရှိ၏’ ဆိုသည်မှာ မိမိက စတင်၍ နှုတ်ဆက်ခြင်း မိမိက ဦးဆောင်စကားစမြည်ပြောဆိုခြင်းကို ဆိုပါသည်။

‘မိဟိတပုဗ္ဗင်္ဂမော- ပြုံးခြင်းလျှင် ရှေ့သွားရှိ၏’ဆိုသည်မှာ လူမြင်သည်နှင့် အလျင်ပြုံးတတ်ခြင်းကို ဆိုပါသည်။

ကျယ်ပြောလှသော လူမှုဆက်ဆံရေးကို အသာထား၍ ယခုပြဆိုလိုက်သည့် ဝစီသမာစာရ(နှုတ်အကျင့်)သုံးပါးနှင့်ပင် လူ့ဘောင်လောက၌ အတော်အတန် ခရီးပေါက်နိုင်မည် ဖြစ်ပေသည်။

စာရေးသူ ပိဋကတ်စာပေများကို ဖတ်ရှုလေ့လာသည့်အခါ အဆိုပါ အချက်လေးများကိုတွေ့မြင်တိုင်း ဘုရားကို ကြည်ညိုနေမိပါသည်။ ထို့အတူ လူမှုဆက်ဆံရေးခေါင်းပါးသည့် ရဟန်းတော်များကို တွေ့မြင်ရသည့်အခါတိုင်း ပြုံးမိတတ်ပါသည်။ ‘ဘုရားသားတော်ဖြစ်နေပြီး ဘုရားလိုမဆက်ဆံတတ်ရှာဘူး’ဟု သနားမိသလို ‘စာတတ်ပေတတ် ကျမ်းဂန်တတ်တွေဖြစ်ပြီး ဒါလေးတောင် သတိမပြုမိဘူး’ဟု အားမလိုအားမရ ဖြစ်နေတတ်ပါသည်။

ရွှေလက်ထက်တော်၌ ဝေဒပါရဂူ ဗြဟ္မဏပညာရှင်များက ဘုရားထံ မဖြစ်မနေသွားရတော့မည့် အခြေအနေမျိုးရောက်လာလျှင် ၎င်းဂုဏ်တော်လေးများကို လက်ကိုင်ပြု၍ အကြောင်းပြကြပါသည်။ “အဲဒီလို မတားမြစ်ကြပါနှင့်၊ ဂေါတမဟာ သင်တို့ပြောသလို မဟုတ်ပါဘူး၊ သူဟာ အမျိုးဇာတ်အားဖြင့် မြင့်မြတ်သလို အကျင့်စရဏပိုင်းမှာလည်း အားကောင်းပါတယ်၊ ဆက်ဆံရေးမှာဆိုရင်လည်း ဧဟိသွာဂတဝါဒီ- လှိုက်လှိုက်လှဲလှဲ ကြိုဆိုတတ်ပါတယ်၊ ပိယဝါဒီ- ချစ်ဖွယ်စကားကိုသာ ပြောဆိုတတ်ပါတယ်၊ ပုဗ္ဗဘာသီ- ဦးအောင်နှုတ်ဆက်တတ်ပါတယ်၊ မိဟိတပုဗ္ဗင်္ဂမ- အပြုံးဖြင့် ကြိုဆိုပြီး အပြုံးဖြင့် ပြောဆိုတတ်သူဖြစ်ပါတယ်”ဟု မြတ်စွာဘုရား ဆက်ဆံရေးကောင်းကြောင်း အထူးတလည် အမှတ်ပေးလေ့ရှိကြပါသည်။ အသေးအဖွဲလေးများပင်ဖြစ်သော်လည်း ပညာရှင်တို့အကြားမှာ ရေပန်းစားစေသော ဆက်ဆံရေးများ ဖြစ်နေပေတော့၏။

စာရေးသူသည် ပင်ကိုယ်က အပေါင်းအသင်းခုံမင်တတ်သူ ဖြစ်သည့်အလျောက်   စာရေးသူ၏ အပြုံးများသည် သူငယ်ချင်းတွေအကြား ရေပန်းစားနေတတ်သလို စာရေးသူကိုယ်တိုင်လည်း မိဟိတပုဗ္ဗင်္ဂမ- မပြောခင်ပြုံးခြင်း၊ ပုဗ္ဗဘာသီ- အရင်ဦးဆုံး နှုတ်ဆက်ခြင်းဆိုသည့် မြတ်စွာဘုရား၏ အမူအရာလေးများကို ဖတ်ရှုကြည်ရသည့်အခါ တိုက်ဆိုင်စွာပင် ဂုဏ်ယူမိလျက်သား ဖြစ်နေတတ်ပေသည်။

စာရေးသူ အိုးဘိုတက္ကသိုလ်မှာနေရစဉ် ပုဒ်မ ၅(ည)ဖြင့် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားကြီးတစ်ဦးက စာရေးသူ၏ အပြုံးပန်းကို ချီးကျူးထောမနာပြုသည်နှင့် ကြုံခဲ့ရပါသည်။ စာရေးသူက တောင်ယာထဲသွား၍ ဂုဏ်တော်ပွားနေသည့်အချိန်၌ အဆိုပါ ၅(ည)နိုင်ကျဉ်း လမ်းလျှောက်လာသည်ကို ခပ်ဝေးဝေးမှ လှမ်းမြင်ရပါသည်။ ထိုအခါ စာရေးသူက ကို……. ဟု အားရပါးရ လှမ်းနှုတ်ဆက်ပါသည်။ နှုတ်မဆက်ခင် အလျင်ပြုံးပြပါသည်။ စာရေးသူပြုံးပြသည်ကို ကောင်းစွာမြင်ရပုံပေါ်ပါသည်။ ရှေ့သွားများ ပေါ်နေသည်မှာ ထင်ရှားသောကြောင့်တည်း။ အနီးရောက်လာသည့်အခါ ထို ၅(ည)က စာရေးသူကို လျှောက်ထားပါတော့၏။ “ဦးပဉ္စင်းကို သဘောကျတဲ့အချက်တစ်ခုရှိတယ်၊ ဦးပဉ္စင်းက ဘယ်သူ့တွေ့တွေ့ အရင်ဦးဆုံး ပြုံးပြတတ်တယ်၊ ဘယ်နေရာမှာတွေ့တွေ့ အရင်ဦးဆုံး နှုတ်ဆက်တတ်တယ်၊ အဝေးကြီးကနေလည်း လှမ်းနှုတ်ဆက်တာပဲ”။

မှန်ပါသည်။ အိုးဘိုကျောင်းသားလောကမှာ စာရေးသူ၏အပြုံး နာမည်ကြီးခဲ့ပါသည်။ ဘုန်းကြီးခေါင်းဖြတ်သတ်မှုဖြင့် ကျလာသောအဖွဲ့ထဲမှ လူငယ်တစ်ဦးလည်း စာရေးသူ၏ အပြုံးဒဏ်ကို မခံနိုင်သဖြင့် ဒေါသအာဃာတများ အရည်ပျော်ကျသွားခဲ့ဖူးပေသည်။ ထိုသူသည် စာရေးသူက ပြုံးပြတိုင်း ပြန်မပြုံးသည့်အပြင် အံကြီးကြိတ်၍ နေတတ်ပါသည်။ နောင်အခါ အံမကြိတ်တော့ဘဲ မျက်နှာထားတင်းရုံသာ တင်းလာပါသည်။ ကြာသည့်အခါ ပြန်ပြုံးပြရုံတင်မကဘဲ တုန့်ပြန်နှုတ်ဆက်ခြင်း၊ သိလိုရာမေးခြင်းများပင် ပြုလုပ်လာပါတော့သည်။

စာရေးသူတို့ မန္တလေး အမျိုးသားရေးအဖွဲ့၌လည်း ထို့အတူပင်။ “ဦးဝီရသူဆီလာရတာ အပြုံးလေးမြင်ရတာနဲ့တင် တန်တယ်ဘုရား”ဟုလည်းကောင်း၊ “ဦးဝီရသူနှင့်တွေ့ရင် အမောကိုပြေသွားတာပဲ”ဟုလည်းကောင်း လျှောက်ထားကြသည်နှင့် မကြာခဏကြုံရတတ်ပါသည်။ စာရေးသူကလည်း မိမိထံရောက်လာသည်နှင့် “အရှင်……… အခြေအနေ”ဟု ဆီးကြိုမေးမြန်းတတ်ပါသည်။ စာရေးသူအကြောင်း သိသူများက ‘ကောင်းပါတယ်ဘုရား’ဟု အလိုက်အထိုက် ပြန်ဖြေတတ်သလို ‘အခြေအနေကတော့ ရေခဲပါပဲ’ဟု  အားရဝမ်းသာ ပြန်လျှောက်ထားသည်လည်း ရှိပါသည်။ အကြောင်းမသိသူများကမူ ‘ဘာအခြေအနေလဲ’ဟုလည်းကောင်း၊ ‘နိုင်ငံရေးအခြအနေကို ပြောတာလား ဘာသိချင်တာလဲ’ဟုလည်းကောင်း ပြန်လည်မေးမြန်းတတ်ကြပေသည်။ စာရေးသူက ၎င်းတို့ကို အသိအမှတ်ပြုသည့်အနေဖြင့် နှုတ်ဆက်ခြင်းသာ ဖြစ်ပါသည်။ သတင်းအချက်အလက်ကို သိလို၍ မဟုတ်ပါ။ ဘုရားသားတော်ပီသစွာ ဘုရာ့ကျင့်စဉ်များကို သေးသည်ငယ်သည်မဟူ ကျင့်သုံးတတ်ပါမူ ဒိဋ္ဌအကျိုး ခံစားရတတ်ကြောင်း ပြောလိုရင်း ဖြစ်ပါသည်။ ကြီးမားသည့် ကျင့်စဉ်များဆိုလျှင် ပြောစရာပင် လိုမည်မထင်ပေ။

ပုဗ္ဗဘာသီကျင့်ဝတ် ပြီးပါပြီ။

ဝီရသူ(မစိုးရိမ်)

18.8.2020