သတင်းအင်တာဗျူး

ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲ(အပိုင်း-၂ နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – အစိုးရအပြောင်းအလဲ ကာလလေးမှာပဲ အရင်တုန်းက အမျိုးသားရေးတရား ဟောတဲ့ ဆရာတော်တွေ တချို့ မဟောတော့ဘူး။ တချို့လည်း လမ်းကြောင်းလေးတွေပြောင်းသွားတာမျိုးရှိတယ်။ တချို့လည်း အမျိုးသားရေးကနေ ပရဟိတဘက်လှည့်သွားတာလည်းရှိတယ်ပေါ့ဘုရား။ ဒီအပေါ်မှာလည်း တချို့က အားမလိုအားမရဖြစ်ကြတယ်ပေါ့ဘုရား။ အဲဒါတွေအပေါ်မှာရော အရှင်ဘုရားအနေနဲ့ ဘယ်လိုများ သုံးသပ်လို့ရနိုင်မလဲဘုရား။

ဖြေ – ဒါကတော့ ခံယူချက်ပေါ်မှာ မူတည်တာပေါ့။ ခံယူချက်မဲ့ အမျိုးသားရေးသမားဆိုရင်တော့ ရာသီအလိုက် အရောင်ပြောင်းသွားမှာပဲလေ။ ဆရာတော်သံဃာတော်တွေဆိုပြီးတော့လည်း အတင်း မြှင့်ပြီး တွက်ထားလို့ မရနိုင်ဘူး။ အခု မဟန ၄၇ ပါးထဲမှာပဲ မဘသဗဟိုဦးဆောင်ထဲမှာပါတဲ့ ဆရာတော်တစ်ပါးရှိတယ်။

မဘသဖွဲ့တုန်းကလည်း သူပါတယ်။ မဘသ ဗဟိုဦးဆောင်ဆရာတော်တွေ အထူးအစည်းအဝေးပွဲကျင်းပတုန်းကလည်း သူတက်တယ်။ အခု မဟန ရွေးချယ်တဲ့အထဲမှာ သူပါသွားတယ်ဆိုတော့ သူ့လေသံက ပြောင်းသွားတယ်။ မဘသဗဟိုဦးဆောင်ဆရာတော်တောင်မှ မဟနထဲရောက်သွားလို့ လေသံပြောင်းသွားသေးရင် သာမန်ရဟန်းတော်တစ်ပါး၊ သာမန်အမျိုးသားတစ်ယောက်၊ သာမန်အရပ်သားတစ်ယောက်ဆိုရင် ဘယ်လိုနေမလဲ၊ ဒါလေးပဲ တွက်ကြည့်လိုက်ပေါ့။

သာသနာကို ကာကွယ်ဖို့ တာဝန်အရှိဆုံးဆိုတဲ့ ဘုန်းကြီးကိုယ်တိုင်ကိုက သာသနာကို မကာကွယ်ဘဲ လေသံပြောင်းပြီး သာသနာကို ပြန်နှိပ်ကွပ်တယ်ဆိုမှတော့ အဲဒီ ဘုန်းကြီးတွေရဲ့ အောက်မှာရှိတဲ့ ဒကာ ဒကာမတွေ ပြောစရာမလိုတော့ဘူးလေ။ သာသနာပေါ် ဘယ်လောက် မြတ်နိုးသလဲ။ သာသနာတော်အပေါ် ဘယ်လောက်ပေးဆပ်နိုင်မလဲ။

သာသနာနဲ့ ပတ်သက်ရင် ကိုယ့်ခံယူချက်က ဘယ်လောက်ရှိသလဲဆိုတာအပေါ်မှာ မူတည်တယ်လေ။ ဆန်ပြာတဲ့အခါ စပါးခွံလေးတွေ လွင့်သွားတာကို မကြည့်ဘဲနဲ့ ဆန်ကောထဲမှာ ကျန်နေတဲ့ဆန်သားတွေဟာ တကယ်တန်ဖိုးရှိပြီး အနှစ်သာရပြည့်တဲ့ ဆန်ဖြစ်အောင်ပဲ ကြိုးစားရမှာလေ။ လွင့်သွားတာတွေကို နှမျောမနေနဲ့။ ကိုယ်ကိုယ်တိုင်ကိုက အနှစ်သာရရှိအောင် နေရမယ်။

မေး – မနှစ်ကတုန်းက ကာကွယ်ရေးဦးစီးချုပ်က အရှင်ဘုရားရှိတဲ့ မစိုးရိမ်တိုက်သစ်မှာ ဆွမ်းကပ်တာနဲ့ပတ်သက်ပြီး
NLDဘက်က တော်တော်အရာရောက်တဲ့ ပုဂ္ဂိုလ်ကြီးက အပြင်းအထန်ပဲ ဝေဖန်ဖူးပါတယ်ဘုရား။ အခုလည်း လူရွှင်တော် သရုပ်ဆောင်တစ်ယောက်က အရှင်ဘုရားကို ဆွမ်းကပ်တဲ့ပုံ၊ အရှင်ဘုရားနဲ့တွဲပြီး ဓာတ်ပုံတင်တာအပေါ်မှာ တစ်ဖက်က သူ့ကိုတော်တော်လေးဝေဖန်ကြတာတွေလည်း တွေ့ရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုအမြင်ရှိပါသလဲဘုရား။
ဖြေ – အဲဒါကိုမေးချင်တာပေါ့နော်။ မိမိမကြည်ညိုနိုင်တဲ့ ရဟန်းတစ်ပါးကို သူတစ်ပါးကြည်ညိုတာအပြစ်လား။

မိမိမသဒ္ဓါလို့ မလှူဘဲထားတဲ့ ရဟန်းသံဃာကို သူတစ်ပါးက လှူခွင့်မရှိဘူးလား။ ဒီမိုကရေစီခေတ်မှာ အစိုးရကို မထောက်ခံတဲ့ သံဃာကို ဆွမ်းမကပ်ရဘူးလို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေရှိသလား။ သူတို့ကို အဲဒီလိုပဲ မေးခွန်းထုတ်ချင်တာပေါ့နော်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဒီမိုကရေစီကြီးက တစ်ဖက်စောင်းနင်း ဒီမိုကရေစီကြီးဖြစ်နေတာကိုး။

စောစောကပြောတဲ့ ကာချုပ်ကြီး မစိုးရိမ်တိုက်သစ်ကို ဆွမ်းလာကပ်တော့ အာဏာရပါတီ ထိပ်တန်းခေါင်းဆောင်ကြီးက ပြင်းပြင်းထန်ထန်ဝေဖန်ထိုးနှက်တယ်။ ဓမ္မရဝေတောရကျောင်းတိုက်မှာ ဆရာတော်သံဃာတော်တွေ အများကြီးရှိနေတဲ့အချိန် သိမ်ရေစက်ချပွဲကို အတိုင်ပင်ခံပုဂ္ဂိုလ်လာတဲ့အခါကျတော့ ၀ိုင်းပြီးတော့ ချီးကျူးထောမနာပြုကြတယ်လေ။

ကုသိုလ်ကောင်းမှုပြုတာချင်းအတူတူတောင်မှ တစ်ဖက်ကို တအားကြီး ချီးကျူးပြီး တစ်ဖက်ကို ဘာဖြစ်လို့ ထိုးနှက်တိုက်ခိုက်ရတာလဲ။ ဒီမိုကရေစီခေတ်မှာ အစိုးရကို မထောက်ခံတဲ့ ဆရာတော်တွေကို ဆွမ်းကပ်ခွင့်မပေးတော့ဘူးလားလို့ မေးချင်တာပေါ့နော်။

မေး – နိုင်ငံရေးပါတီသစ်တွေပေါ်လာတဲ့ကိစ္စပေါ့ဘုရား။ နိုင်ငံရေးပါတီအသစ်တွေပေါ်လာပြီးတော့ အဲဒီပါတီတွေက အမျိုးသားရေးသမားတွေရဲ့ အင်အားကို လိုချင်လာတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မဲကို လိုချင်တဲ့အတွက် အမျိုးသားရေးနဲ့ပတ်သက်တာတွေ ပြောဆိုလုပ်ကိုင်လာပြီးတော့ အမျိုးသားရေးကို အသုံးချလာနိုင်စရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိပါတယ်ဘုရား။ အဲဒီအပေါ်ဘယ်လိုမြင်ပါသလဲ။ ဘာများပြောချင်ပါသလဲဘုရား။

ဖြေ – အမေရိကန်ရွေးကောက်ပွဲဆိုရင် သမ္မတရွေးချယ်တဲ့အဖွဲ့က သပ်သပ်ရှိတာပေါ့။ ဆိုကြပါစို့- ပြည်သူလူထုက ရွေးချယ်တဲ့မဲက သာနေဦးတော့ သမ္မတရွေးချယ်ရေးမဲက ပြောင်းပြန်ဖြစ်နေရင် သမ္မတရွေးချယ်တဲ့ မဲကို အတည်ပြုရတာပေါ့။
အခုလည်း အဲဒီအတိုင်းပေါ့နော့။ ဆိုကြပါစို့၊ အမျိုးသားရေး အင်အားစုတွေက မဲကို ဆုပ်ကိုင်ထားတယ်။

ဘယ်သူ့ ဘယ်သူကိုပေးမယ်ဆိုတာတော့ မပြောဘူး။ ဒါပေမယ့် နီးကပ်မှ ပုံအောမယ်။ ပုံအောထိုက်တဲ့ အရည်အချင်းတွေကို သတ်မှတ်ထားတယ်။ အဲဒီ အရည်အချင်းနဲ့ ပြည့်စုံတဲ့သူ ဒါမှမဟုတ် အနီးစပ်ဆုံး ပြည့်ဝတဲ့သူကို ရှာဖွေရမယ်။ အဲဒါဆိုရင် ပါတီလေးတွေလည်းဖြစ်နိုင်တယ်၊ ပါတီကြီးလည်း ဖြစ်နိုင်တယ်။ တစ်သီးပုဂ္ဂလတွေလည်းဖြစ်နိုင်တယ်။

နိုင်ငံရဲ့ကံကြမ္မာကို ဖန်တီးနိုင်တဲ့ ဆန္ဒမဲတွေဟာ အမျိုးသားရေးအင်အားစုတွေရဲ့လက်ထဲမှာပဲ ရှိနေရမယ်။ အဲဒါဆိုရင် ဘယ်အမတ်မှ၊ ဘယ်အမတ်လောင်းမှ သစ္စာမဖောက်ရဲတော့ဘူးလေ။ ဒါကြောင့်မို့ အမျိုးသားရေးသမားတိုင်း တတိယအင်အားစုအနေနဲ့ မဲကို ဆုပ်ကိုင်ထားဖို့ပဲ လိုအပ်နေတာပေါ့။

မေး – နည်းနည်းတော့ ဝေးတော့ဝေးသေးတာပေါ့ဘုရား။ ဒါပေမယ့် အဲဒီ ရွေးကောက်ပွဲကာလမှာ မဲပေးတတ်အောင် အမျိုး ဘာသာသနာကို စောင့်ရှောက်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရပ်ကိုယ်ရွာကို တိုးတက်အောင်လုပ်ပေးနိုင်မယ့် တကယ့်လူမှန်ကို ရွေးချယ်နိုင်ဖို့ပဲဖြစ်ဖြစ်၊ ပြည်သူတွေ မဲပေးတတ်အောင်၊ အမျိုးသားရေးသမားတွေ မဲပေးတတ်အောင် ပြည်သူတွေအနေနဲ့ ဘာတွေ လေ့လာထားဖို့ လိုအပ်မလဲဘုရား။ အရှင်ဘုရားတို့ကရော ဘာတွေ သင်ကြားပေးဖို့ ရှိမလဲဘုရား။

ဖြေ – ဦးဇင်းတို့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ ငွေကုန်ကြေးကျ ခံပြီးတော့ကို မဲပေးတတ်အောင် လုပ်ခဲ့တာပေါ့နော်။
လုပ်တာကတော့ မန္တလေး ခုနစ်မြို့နယ်အတွင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအတွက်ပဲ လုပ်နိုင်ခဲ့တာပေါ့။ ခေါင်းစဉ်ကတော့ ခေါင်းခေါက်ပြီးမှ ရွေးချယ်ပါဆိုတဲ့ ခေါင်းစဉ်လေ။
ပြည်သူလူထုက လွှတ်တော်အမတ်လောင်းတွေကိုခေါင်းခေါက်ကြည့်ရမှာ။ ဘယ်အမတ်က ခံနိုင်ရည်ရှိသလဲဆိုတာကို။ အဲဒီလို ခေါက်ပြီးမှ ကိုယ်ကြိုက်တဲ့ခေါင်းကိုပဲ ကိုယ်ရွေးချယ်ရမှာလေ။ သောက်ရေးအိုးတစ်လုံးဝယ်ရင်တောင်မှ တစ်ဒေါင်ဒေါင်နဲ့ လက်အနာခံ ခေါက်ကြည့်ပြီး အသံကို နားထောင်၊ ရေစိမ်ကြည့်ပြီးမှ ရွေးချယ်ကြတာလေ။ အဲတော့ တိုင်းပြည်ရဲ့ကံကြမ္မာကိုဖန်တီးမယ့် ဒီအမတ်လောင်းတွေကို သူတို့ပြောစကားနားထောင်ပြီး မဲထည့်ရုံနဲ့တော့ မဖြစ်နိုင်ဘူးပေါ့။

ကိုယ်ကိုယ်တိုင်ကိုက သူတို့မှာ ခံနိုင်ရည်ရှိမရှိ၊ အရည်အချင်းရှိမရှိ တစ်ဦးချင်း တစ်ယောက်ချင်းစီကို စိစစ်ပြီးတော့ ရွေးချယ်ရမှာလေ။ အဲဒီလို ရွေးချယ်တတ်အောင်ဆိုပြီးတော့ စီဒီခွေတွေကို တစ်အိမ်တက်ဆင်းနီးပါးကို ဝေခြမ်းခဲ့တာပါ။

အဲဒီလို ဝေခြမ်းခဲ့တဲ့အတွက်ကြောင့် ဘယ်ကိုယ်စားလှယ်ကို ရွေးချယ်သင့်တယ်၊ ဘယ်ကိုယ်စားလှယ်ကို မဲပေးသင့်တယ်ဆိုတာ ပြည်သူတွေက ဥာဏ်ပွင့်သွားတာပေါ့။ အဲဒါကြောင့် ဒီမန္တလေးမှာကျတော့ မဲက တစ်ဖက်စောင်းနင်းဖြစ်မသွားဘူးပေါ့။

တချို့ဆိုရင် နဂိုကတည်းကိုက ကြိုတင်ပြီးဖြန့်သင့်တယ်ပေါ့။ နီးမှ ကပ်ဖြန့်တဲ့အတွက်ကြောင့် အားမရဘူးဆိုတဲ့ အသံတွေတောင် ကြားရတယ်လေ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသားရေးသမားတိုင်း အမျိုးသားရေးသမားတိုင်းဟာ ကိုယ့်နယ်မှာ ဒီလိုပုံစံမျိုးတွေ လုပ်ပေးမယ်ဆိုရင် ကိုယ်စားလှယ်တိုင်း၊ ကိုယ်စားလှယ်တိုင်းဟာ အမှုမဲ့ အမှတ်မဲ့နေလို့မရတော့ဘူး။ ပါတီတိုင်း ပါတီတိုင်းဟာလည်း တွေ့ကရာလူကို ကိုယ်စားလှယ်အဖြစ် ရွေးချယ်လို့မရတော့ဘူး။ တကယ့်ဒေါင်ဒေါင်မြည် လက်ရွေးစင်တွေချည်းပဲ ဖြစ်သွားမှာပေါ့။ အဲဒီလက်ရွေးစင်တွေထဲကမှ တစ်ယောက်ကို ရွေးချယ်တယ်ဆိုတော့ အကောင်းဆုံး ရွေးချယ်ပြီးသွားဖြစ်သွားမှာပေါ့။

မေး- အမျိုးသားရေးသမားတွေအတွက် သြဝါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ- အရပ်သားဒီမိုကရေစီအစိုးရကြီးလက်ထက်မှာ ငြိမ်းချမ်းစွာ ထိုင်သပိတ်ဆင်နွှဲတဲ့ ဆရာတော်သံဃာတော်တွေကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ခွဲဆိုပြီး ရက်ရက်စက်စက် လုပ်ပြလိုက်တာကို အပြစ်မယူပါနဲ့။ ငါ့ကိုလည်း နောင်တစ်ချိန် ဒီလိုပဲ ရက်ရက်စက်စက် လုပ်ပြဦးမှာလို့ ကြိုတွေးထားပြီး ဒီလိုလုပ်လာတဲ့အခါ ငါဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ စိတ်ကူးတွေနဲ့ အသင့်ပြင်ဆင်ထားကြပါလို့ပဲ တိုက်တွန်းပါရစေ။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။