သတင်း

ဇွဲကပင် မဘသ အောင်ပွဲ ၂

ကရင်ပြည်နယ် မဘသ အခမ်းအနားကို မဲဘောင်ကျောင်းတိုက်မှာ ဆက်လက်ကျင်းပပါတယ်။ မွန်းလွဲ ၁း၀၀ နာရီမှာ အခမ်းအနားစတင်ဖို့ ကြေညာထားသော်လည်း မြို့နယ်အသီးသီးမှ ပရိသတ်များ ကြိုတင်ရောက်နေမှုကြောင့် နေရာအခက်အခဲနှင့် အချိန်ကြာညောင်းမှာစိုးတာကြောင့် မွန်းတည့် ၁၂း၀၀ နာရီမှာ စတင်ကြပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စံပြသာသနာပြုကျောင်းတိုက် မြေပုံဆရာတော်ကြီး ဘဒ္ဒန္တကောသလ္လမထေရ်က ပထဝီဘာသာရေးသမိုင်းကို ဟောပြောသွားပါတယ်။ မော်လမြိုင်မြို့ မြစေတီရဲကျောင်းဆရာတော်ကြီးက ကရင်ပြည်နယ်ရဲ့ အထင်ကရ ဆရာတော်ကြီးများဖြစ်တဲ့ မြိုင်ကြီးငူဆရာတော် ဇွဲကပင်ဆရာတော်ကြီးတို့ရဲ့ အရိပ်အာဝါသအောက်မှာ စည်းစည်းလုံးလုံးနှင့် ငြိမ်းချမ်းဖြောင့်တန်းစွာ လျှောက်လှမ်းဖို့ သြဝါဒပေးပါတယ်။

စာရေးသူကတော့ အိမ်ရှင်အခွင့်အရေးဆုံးရှုံးနေရတဲ့အကြောင်းတွေ ဟောကြားပြီး သွေးစက်ချ၍ လမ်းပြမည် ကဗျာလေးကို ပို့ချခဲ့ပါတယ်။ ၄င်းနောက် ရှေ့နေကြီးဦးအေးပိုင်၊ ဆရာမောင်သွေးချွန်တို့က ဆက်လက်ဟောပြောကြပါတယ်။ ဆရာမောင်သွေးချွန်အပြီးမှာတော့ လှိုင်းဘွဲ့မ.ဘ.သ ဥက္ကဋ္ဌဆရာတော်ကြီးက အားနှင့်မာန်နှင့် တက်တက်ကြွကြွ မိန့်ကြားခဲ့ပါတယ်။ ပရိသတ်အနှစ်ခြိုက်ဆုံးမိန့်ခွန်းဆုကို ရရှိသွားခဲ့ပါတယ်။(သီးခြားဖော်ပြပါမယ်။)

အဲဒီနောက်ပိုင်းတော့ မိတ္ထီလာ၊ ဝါးခယ်မ စသည်ဖြင့် အနယ်နယ်အရပ်ရပ်မှ ကြွရောက်လာသော သံဃာတော်များက အနည်းငယ်စီ တင်ပြကြပါတယ်။ နိဂုံးချုပ်သြဝါဒကိုတော့ ဇွဲကပင်ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ထုံးစံအတိုင်း သံဃာတွေရော လူထုပါ တဝါးဝါး တဟားဟားနှင့် ပွဲကျသွားသလို လက်ခုပ်တဖြောင်းဖြောင်းနှင့် သြဘာပေးတာကိုလည်း တွေ့ရပါတယ်။(သီးခြားဖော်ပြပါမယ်။)

ကြေညာချက်ဖတ်အပြီးမှာတော့ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ ဇွဲကပင်မဘသ အောင်ပွဲသို့ တက်ရောက်ကြတဲ့ သံဃာတော်များက ၁၇၀၀၊ သီလရှင်ဆရာလေးများက ၁၀၀၊ လူပရိသတ်က ၂၃၀၀၀၊ စုစုပေါင်း ရဟန်းရှင်လူ ပြည်သူပရိသတ် ၂၄၈၀၀ တက်ရောက်ကြောင်း ကြေညာပါတယ်။

သို့သော် အခမ်းအနားနောက်ကျမှ တက်ရောက်လာသူများနှင့် အခမ်းအနားတက်ရောက်ကြောင်း လက်မှတ်မထိုးလိုက်ရတဲ့ ပရိသတ်များလည်း ကျန်နေပါသေးတယ်။
ဇွဲကပင်မဘသ ထာဝရအောင်ရမည်။

ဝီရသူ(မစိုးရိမ်)
13.6.2017
PM 9:05