သတင်း

ဘူဒိုဇာအစိုးရနှင့် ချိန်းစောအစိုးရ

မန္တလေး ကံကြီးကုန်းဇီးအုပ် အရေးအခင်းတုန်းက အဖြစ်အပျက်လေးကို ပြန်သတိရမိပါတယ်။ အခုဖြစ်ပွားနေတဲ့ လှည်းကူးအရေးအခင်းနဲ့ ပုံစံတူနေလို့ပါ။ ကံကြီးကုန်းဇီးအုပ်မှာ နိုင်ငံတော်ပိုင်မြေကို အကွက်ရိုက်ပြီး ရောင်းစားကြတယ်။

နေစရာမရှိတဲ့သူတွေက ဈေးပေါပေါနှင့်ဝယ်ကြတယ်။ ရွာသူကြီးက သက်သေလက်မှတ်ထိုးပေးတယ်။ တကယ့် တရားဝင်မြေအရောင်းအဝယ် စာချုပ်တွေ ပိုင်ထားတဲ့ ပြည်သူတွေက ဘူဒိုဇာနဲ့အထိုးခံလိုက်ရတယ်။ အိမ်ပေါင်း ရှစ်ထောင်ကျော် ပြည်သူတွေ အတိဒုက္ခရောက်ရတယ်။ ယာယီနေထိုင်ဖို့နေစရာတွေလည်းမပေး ပစ္စည်းပစ္စယတွေထားစရာနေရာလည်းမပေးဘဲ ဖျက်ပြီးကားပေါ် တင်ကာ သယ်ယူသွားကြတာပါ။

အဲ့ဒီအရေးအခင်းမှာ ပြည်သူမှားတယ်ဆိုပြီး ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှ ပြည်သူ့ဘက်မှ မရပ်တည်ခဲ့ပါဘူး။ စာရေးသူက NLD ပါတီဝင်အချို့ကိုပြောပါတယ်။ ပင်နီလေးဝတ်ပြီး ဦးဇင်းနားမှာပဲ လာရပ်ပေးပါ ဦးဇင်းပဲဒိုင်ခံရှင်းပါ့မယ် ခင်ဗျားတို့ တစ်ခွန်းမှ ဝင်ပြောစရာ မလိုပါဘူး။

ဒါပေမဲ့ ပါတီဆိုက်မဟုတ်လို့ ပင်နီမဝတ်ရဲဘူးလို့ ဆိုပါတယ်။ အရပ်ဝတ်နှင့် လူအုပ်ထဲမှာပဲ စောင့်ကြည့်နေတာတွေ့ရပါတယ်။
၈၈ အဖွဲ့နှင့် အခြားကျောင်းသားအဖွဲ့လေးငါးဦးကတော့ မြို့တော်ဝန်နှင့် ပြည်သူတွေ ထိပ်တိုက်တွေ့တဲ့ပွဲမှာ ကြားဝင်ဖြေရှင်းတာရှိပါတယ်။ ပြီးဆုံးသည်အထိတော့ ပါမလာပါဘူး။

စာရေးသူက
၁။ အခင်းဖြစ်တဲ့နေရာသွားပြီးအားပေးတယ်
၂။ ပြည်သူတွေဆူပူအုံကြွမဖြစ်အောင် မေတ္တာရပ်ခံတယ်
၃။ တာဝန်ရှိသူတွေနဲ့ဆွေးနွေးပြီး ခေတ္တရပ်ထားဖို့ တောင်းပန်တယ်။
၎။ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး နစ်နာတဲ့ပြည်သူတွေအပေါ် စဉ်းစားဖို့တောင်းဆိုတယ်။
၅။ ပြည်သူ့မျက်ရည်နှင့် ခြေဆေးလိုသူတရားဟောပြီး ခွေဖြန့်တယ်။
၆။ ပီနံအိတ်တွေနှင့်ထည့်ထားတဲ့ အရောင်းအဝယ်စာချုပ်တွေကို စုစည်းပြီး အစိုးရဆီစာတင်ပေးတယ်။
၇။ အဆင်သင့်အနေအထားနှင့် ပြင်ဆင်စရာတွေ ပြင်ဆင်ထားတယ်။
ဒီလိုနဲ့ပဲ ဒီကနေ့အထိ ကံကြီးကုန်းဇီးအုပ်ရွာသူရွာသားတွေဟာ ဘေးကင်းလုံခြုံချမ်းသာစွာ နေထိုင်နိုင်ကြတယ်။
ဘူဒိုဇာအစိုးရဟာ နိုင်ငံတကာဖိအားကိုကြောက်တယ်။
ပြည်သူလူထုဆူပူအုံကြွမှုကိုကြောက်တယ်။
ရဟန်းသံဃာတွေပါဝင်လာရင် အလေးထားစဉ်းစားတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ရဲမြင့်ရော မြို့တော်ဝန်အောင်မောင်းပါ ပြည်သူတွေကို မောင်းမထုတ်တော့ဘဲ စီမံကိန်းကို အခြားနေရာရွှေ့ပစ်လိုက်ပါတယ်။

ဒီကနေ့ ကံကြီးကုန်းဇီးအုပ်ကို သွားရောက်စုံစမ်းနိုင်ပါတယ်။ မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ ရှိပါတယ်။ အဲဒီတုန်းက အိမ်ထောင်စုပေါင်း ရှစ်ထောင်ကျော်ထဲမှာ တရုတ်ကုလားတွေလည်း ပါပါတယ်။ စာရေးသူအတွက်တော့ ထမင်းကြော်တစ်ပွဲ ကြက်ဥကြော်တစ်လုံး ဟင်းချိုရည်တစ်ခွက်နှင့် နေ့ဆွမ်းပြီးခဲ့ရပါတယ်။

တက္ကစီငှားခ ငွေကုန်ပါတယ်။ တစ်နေကုန် တစ်ညလုံး အချိန်ပေးစောင့်ခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲကုန်ကျစရိတ် အိတ်စိုက်ရပါတယ်။ အစိုးရထံ စာတင်တဲ့ကုန်ကျစရိတ် အိတ်စိုက်ရပါတယ်။ ဘူဒိုဇာအစိုးရရဲ့ အမုန်းတရားကိုတော့ ချိုမြိန်စွာခံစားလိုက်ရပါတယ်။

ဒီကနေ့အထိ ကံကြီးကုန်းဇီးအုပ်ပြည်သူတွေရဲ့ ကျေးဇူးတင်စကား မကြားဖူးခဲ့ပါ။ ကံကြီးကုန်းဇီးအုပ်ပြည်သူတွေဟာ NLD ပါတီကို မဲပေးခဲ့ကြပါတယ်။ ဘူဒိုဇာအစိုးရကို စိတ်နာလို့ ဖြစ်နိုင်ပါတယ်။ စာရေးသူကလည်း ကိုယ်ကယ်ထားတယ်ဆိုပြီး ဘယ်ပါတီကိုမဲပေးပါ ဘယ်ပါတီကို မဲမပေးပါနဲ့လို့ တစ်ခွန်းတစ်ပါဒမျှ နှုတ်မဟခဲ့ပါဘူး။

လှည်းကူးအရေးအခင်းမှာလည်း ရောင်းမှားဝယ်မှားပါပဲ။ ဘယ်အဖွဲ့အစည်းမှ ပြည်သူတွေဘက်ကနေ ရပ်တည်တာ မတွေ့ခဲ့ရပါဘူး။ ပည်သူမှားတယ်ဆိုပြီး ဒီလိုပဲ ပစ်ထားကြမှာလား? ချိန်းစောအစိုးရ စဉ်းစားဖို့လိုပါတယ်။ ကျူးကျော်သူတွေကို ဒီလိုမောင်းထုတ်တာဟာ လူမဆန်ပါဘူး။

လူသားဆန်တဲ့အစိုးရဆိုရင် ဒီလိုမလုပ်ပါဘူး။ ဘူဒိုဇာအစိုးရတောင် ရပ်သွားပါတယ်။ အခုဟာက ပြည်သူ့အစိုးရပါ။ ပြည်သူကို မညှဉ်းဆဲသင့်ပါဘူး။ ပြည်သူကို အနိုင်မကျင့်သင့်ပါဘူး။ ပြည်သူအတွက် အဖြေတစ်ခုရအောင်လုပ်သင့်ပါတယ်။ နောက်နောင် ဒါမျိုးမကြုံကြိုက်အောင် ဒီလိုဖြစ်ရပ်ဆိုးမျိုး မခံစားရလေအောင် အစိုးရစီမံကိန်းနယ်မြေတွေမှာ ဆိုင်းဘုတ်ထောင်တာ ခြံစည်းရိုးခတ်တာ စတဲ့ အရံအတားတွေလည်း လုပ်ထားဖို့လိုပါတယ်။

ပည်သူတွေရဲ့ အိုးအိမ်ကိုဖျက်ဆီး ပြည်သူတွေကိုမောင်းထုတ် ပြည်သူတွေနေစရာ စားစရာမရှိအောင် လုပ်တာကိုပဲ ဥပဒေနှင့်အညီလို့ထင်နေရင် မှားလိမ့်မယ်။ အမှားကြီးကို မှားသွားမှာပါ။ ဒါကြောင့် အဖျက်ခံလိုက်ရတဲ့ ပြည်သူတွေအတွက် လူ့အခွင့်အရေးဆိုသူတွေ ပြည်သူ့ဘက်တော်သား အမည်ခံသူတွေ နိုင်ငံသားအခွင့်အရေး အမည်ခံသူတွေ ဒီမိုကရေစီ အော်ဟစ်သူတွေ အရပ်သားဒီမိုကရေစီ အစိုးရအမည်ခံထားသူတွေ စဉ်းစားဖို့လိုပါတယ်။

ဝီရသူ(မစိုးရိမ်)
13.6.2017
PM 4:50