သတင်း

တစ်မျိုးကမ္ဘာ

သာသနာရေးကတစ်မျိုး၊ မဟနကတစ်မျိုး၊ အစိုးရကတစ်မျိုး၊  ခုတစ်မျိုး တော်ကြာတစ်မျိုး  အရင်တစ်မျိုး နောက်တစ်မျိုး  ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မလိုတစ်မျိုး လိုတစ်မျိုး တစ်မျိုးသရုပ် စုံလို့ပါပဲ။

မဟနဆရာတော်ကြီးက တညီတညွတ်တည်းဖြစ်သွားအောင် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်နဲ့ပဲသုံးပါ။ မဘသအမည်ပါ မသုံးပါနဲ့လို့မိန့်တယ်။

၎င်းစကားအရ သံဃာနှင့်လူရောထားတဲ့ အဖွဲ့ချင်းအတူတူ ဖောင်ဒေးရှင်းက ကင်းလွတ်ခွင့်ရတယ်။ မဘသက ကင်းလွတ်ခွင့်မရှိဘူး။

တစ်ခါ မဟန ဆရာတော်ကြီးက မဘသဟာ တရားဥပဒေမဲ့အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုတယ်။ တကယ်တော့ မဘသက တရားဥပဒေနှင့်အညီ ဖွဲ့စည်းထားတာ။

မဟန ထုတ်ပြန်ထားတဲ့ ၂၀/၉၀ ကသာ တရားဥပဒေနှင့်မညီတာ။ မဟနဆရာတော်ကြီးက ၂၀/၉၀ကို တရားဥပဒေလို့ ယူဆထားပုံရတယ်။

တကယ်တော့ ၂၀/၉၀ ဟာ အမိန့်အာဏာတစ်ခုသာဖြစ်တယ်၊ ပြဋ္ဌာန်းဥပဒေမဟုတ်ပါ။ ခြေဥကိုမကျော်နိုင်သလို ပြဋ္ဌာန်းဥပဒေအဆင့်လည်းမရှိပါဘူး။ ဒါကြောင့် တစ်မျိုးကမ္ဘာလို့ အငြှိုးလာဖို့ အမိုးဗလာ နာမည်တပ်လိုက်ရပါကြောင်း။

ဝီရသူ(မစိုးရိမ်)
28.7.2017
PM 12:41

==========================================================

 

“နိုင်ငံအတွင်း သံဃာ့ဂိုဏ်းကိုးဂိုဏ်းပါဝင်သည့် သံဃာ့အဖွဲ့အစည်းတစ်ခုသာရှိဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်”

ရဲနိုင်၊ နေပြည်တော်
ဘာသာရေးအမည်ခံ အဖွဲ့အစည်းများနှင့် ဂိုဏ်းဂဏများသည် ဥပဒေအရ ဖွဲ့စည်းခွင့်မရှိသည့် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံတော်အတွင်း သံဃာ့ဂိုဏ်းကိုးဂိုဏ်းပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီး တစ်ခုတည်းသာရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်စွဲဖြင့် ထုတ်ပြန်သည်။
မျက်မှောက်ကာလတွင် သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့ရောထွေးပါဝင်သော ဘာသာရေးအဖွဲ့ ဖွဲ့စည်းခြင်းသည် သံဃာစည်းလုံးညီညွတ်ရေးကို ထိခိုက်စေပြီး သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ ကြီးကြပ်မှုကို ရှုပ်ထွေးစေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့ကြောင့် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းကို ဆန့်ကျင်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူခြင်းမရှိဘဲ သံဃာတော်များနှင့်ဖြစ်စေ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ ဖွဲ့စည်းထားသော ဘာသာရေးအမည်ခံ အဖွဲ့အစည်းများ ဖွဲ့စည်းခွင့်မရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၁၉၈၀ ပြည့်နှစ် မေလ ၂၅ ရက်တွင် ကျင်းပခဲ့သော ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက တညီတညွတ်တည်း အတည်ပြုပြဋ္ဌာန်းခဲ့သည့် သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်း အပိုဒ်(၄)အရ မြန်မာနိုင်ငံ၌ ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ တည်ရှိသည်။ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းအပိုဒ်(၇)အရ သံဃာ့အဖွဲ့အစည်းအတွင်း ထေရဝါဒသံဃာ့ဂိုဏ်းကိုးဂိုဏ်းကိုသာ တည်ထောင်ထားရှိခွင့်ပြုခဲ့သည်။ အဆိုပါဂိုဏ်းများသည် သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဓမ္မာနုဓမ္မမဟာ ဒွါရနိကာယဂိုဏ်း၊ ဓမ္မာဝိနယာနုလောမမူလဒွါရနိကာယဂိုဏ်း၊ အနောက်ချောင်းဒွါရဂိုဏ်း၊ ဝေဠုဝန်နိကာ ယဂိုဏ်း၊ စတုဘုမ္မိကမဟာသတိပဋ္ဌာန်းငှက်တွင်းဂိုဏ်း၊ ဂဏဝိမုတ်ကူးတို့ဂိုဏ်း၊ ဓမ္မယုတ္တိနိကာယမဟာရင်ဂိုဏ်း တို့ဖြစ်သည်။
သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အပိုဒ်(၄)(၅)(၈) အရလည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ(၃)(၅)(၈)(၉) အရလည်းကောင်း၊ ညွှန်ကြားလွှာ အမှတ်(၈၁)တို့အရလည်းကောင်း ဂိုဏ်းသစ်နှင့်ပ အဖွဲ့အစည်းသစ်များ ဖွဲ့စည်းခွင့်မရှိကြောင်း တားမြစ်ထားသည်။
သို့ဖြစ်ပါ၍ သံဃာ့အဖွဲ့အစည်းအခြေခံစည်းမျဉ်းကို ဆန့်ကျင်ပြီး သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ကြီးကြပ်မှုကို ခံယူခြင်းမရှိဘဲ သံဃာတော်များဖြင့်ဖြစ်စေ၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များဖြင့်ဖြစ်စေ၊ အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖွဲ့စည်းထားသည့် ဘာသာရေးအမည်ခံ အဖွဲ့အစည်းများနှင့် ဂိုဏ်းဂဏများသည် ဥပဒေအရ ဖွဲ့စည်းခွင့်မရှိသည့် အဖွဲ့အစည်းသာဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွင်း သံဃာ့ဂိုဏ်းကိုးဂိုဏ်း ပါဝင်သည့် သံဃာ့အဖွဲ့အစည်းကြီး တစ်ခုတည်းသာ တည်ရှိပါကြောင်း အများပြည်သူ သိရှိနိုင်စေရန် ရှင်းလင်းဖော်ပြအပ်ပါသည်ဟု ပါရှိသည်။
(၁၃၇၉၊ ဝါခေါင်လဆန်း ၄ ရက် (ကြာသပတေး၊ ဇူလိုင် ၂၇၊ ၂၀၁၇ ရက်နေ့ထုတ် 7 Day Daily နေ့စဉ်သတင်းစာမှ)