ဂျာနယ်သတင်းအင်တာဗျူး

တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကို မုန်းရမယ်ဆိုတဲ့ခံယူချက်ကြီးကလည်း အမျိုးသားရေးအမြင် မဟုတ်ပါဘူး(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – စဥ့်ကိုင်မှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံဆုတောင်းပွဲတစ်ခုမှာ ကိုရင်ကလေးတွေက အောက်ကထိုင်နေရပြီး ဘာသာခြား ဘာသာရေးခေါင်းဆောင်တွေက ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ဓာတ်ပုံကို တွေ့ပါတယ်ဘုရား။ အဲဒီ ဓာတ်ပုံနဲ့ပတ်သက်ပြီး အရှင်ဘုရားရဲ့ သဘောထားကို သိချင်ပါတယ်ဘုရား။

ဖြေ – စလုပ်ကတည်းကိုက ဘာသာရေးကို အကြောင်းပြပြီးနိုင်ငံရေးအသုံးချတာပေါ့။ အဲဒီတော့ စေတနာမမှန်ဘူး။ စေတနာမမှန်တော့ လုပ်ရပ်လည်း မမှန်ဘူးပေါ့။ တကယ်ဆိုရင် ဘယ်သူမှ ရောက်မလာခင်ကတည်းကိုက ကိုရင်လေးငါးဆယ်က အရင်ရောက်နှင့်နေတာလေ။
ကိုရင်တွေက အရင်ရောက်နှင့်နေပါလျက်နဲ့ ကိုရင်တွေကို အဲဒီလို ပစ်စလတ်ခတ်နေရာထားပြီး နောက်မှရောက်လာတဲ့ အခြားဘာသာတွေကို
ကုလားထိုင်ပေါ်တင်ထားကတည်းကိုက သူတို့တတွေဟာ ဘာသာ သာသနာအပေါ်မှာ အလေးအနက်မရှိဘူးဆိုတာ သိသာတာပေါ့။
ပြီးတော့ အခြားအခြားသော နောက်ကွယ်က ရည်ရွယ်ချက်တွေလည်း ရှိနိုင်တာပေါ့နော့။
ဘာနဲ့ဥပမာတူသလဲဆိုတော့ ဘုရားက အောက်၊ မျောက်က အထက်ပုံစံမျိုးဖြစ်သွားတာပေါ့။
အတော်ကြီးကို ရက်စက်လွန်းပါတယ်ကွာ။

မေး- မန်းမဘသ အဲဒီစဥ့်ကိုင်ကိစ္စနဲ့ပတ်သက်ပြီး တိုင်းသံဃာနာယကကို တိုင်ကြားထားတာတွေ့ပါတယ်ဘုရား။
တစ်ဖက်ကရော ဘယ်လိုလုပ်ပေးမယ်လို့ အရှင်ဘုရားတို့ မျှော်လင့်ပါသလဲဘုရား။

ဖြေ – မန်းမဘသ လုပ်ဖို့အစီအစဉ်ကတော့ သုံးခုရှိတာပေါ့။ အဲဒီထဲကမှ အခြေအနေကိုကြည့်ပြီးတော့ ဒီတစ်ခုကို ရွေးခြယ်လိုက်တာပေါ့။
သူတို့က ထေရ်ကြီးဝါကြီးဆရာတော်တွေကြွလာတဲ့အချိန်မှာ အခမ်းအနားစတယ်၊ ဆရာတော်ကြီးက ဒီလိုမျိုးအခြေအနေဟာ မသင့်တော်ဘူးမိန့်လို့ ကိုရင်လေးတွေကို ဘေးခုံတွေမှာ ပြောင်းရွေ့ထိုင်ခိုင်းတယ်။ ခုံ မလောက်တဲ့အတွက် တချို့ကိုရင်လေးတွေက ကားပေါ်ပြောင်းပြီး ထိုင်ကြတယ်လို့ ကြားရတာပေါ့နော့။ အဲဒါက တစ်ချက်။
နောက်တစ်ချက်ကတော့ ဒီလိုဖြစ်သွားတဲ့အပေါ်မှာ သူတို့ အဖွဲ့ချုပ်အနေနဲ့ပြန်လည်တောင်းပန်မယ်ဆိုတဲ့ သတင်းစကားလည်း ကြားရတယ်လေ။ ဒီအချက်တွေကို ထောက်ဆပြီး ခု ဓမ္မစက်နဲ့ ဆုံးမအရေးယူဖို့ နည်းလမ်းကိုပဲ ရွေးချယ်လိုက်တာပေါ့။

မေး- စဥ့်ကိုင်ကိစ္စနဲ့ တစ်ဆက်တည်းမေးချင်တာက သံဃာတော်တွေမဲပေးခွင့်ပေါ့ဘုရား။ အောင်ဇေယျတုဂျာနယ်မှာ သံဃာတော်များမဲပေးခွင့်နဲ့ပတ်သက်ပြီး ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ဖူးပါတယ်ဘုရား။
တစ်ဖက်ကဘာသာရေးခေါင်းဆောင်တွေက မဲပေးခွင့်ရှိနေပြီး သံဃာတော်တွေ မဲပေးခွင့်မရှိဘူးပေါ့ဘုရား။ သံဃာအင်အားကလည်း မဲလိုချင်တဲ့သူတွေ အာရုံစိုက်ပြီး အရေးထားရမယ့်
အရေအတွက်ရှိနေတယ်ပေါ့ဘုရား။ မဲပေးခွင့်မရတာကြောင့် အလေးမထားတာလား၊ နောက်ပြီးတော့ သံဃာတော်တွေ မဲပေးခွင့်ရအောင်ကော
အရှင်ဘုရားတို့အနေနဲ့ လှုပ်ရှားဖို့ ရှိမလားဘုရား။

ဖြေ – နံပါတ်တစ်ကတော့ မဲပေးခွင့်မရတာကြောင့် အလေးမထားတာတော့ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတော်တော်များများရဲ့ စိတ်ထဲမှာတော့ ဘာသာတရားကို
စည်းရုံးရေးတစ်ရပ်အနေနဲ့ပဲ လေးစားသယောင်လုပ်ပြလေ့ရှိတာကို တွေ့ရတယ်လေ။ မြန်မာပြည်သူတွေဟာ စစ်သားငါးသိန်းနှင့် သံဃာငါးသိန်းကို အလကားကျွေးထားရတယ်ဆိုတဲ့ အတွေးအခေါ်တွေဟာ နိုင်ငံရေးသမားတော်တော်များများမှာ ရှိကြတယ်။ သူတို့ကိုမထောက်ခံတော့ သူတို့လက်ထက်မှာ ဒီလိုလုပ်ပစ်လိုက်တာပေါ့ကွာ။
မဲပေးခွင့်ရတာ မရတာနဲ့တော့ မဆိုင်ပါဘူး။
နောက်တစ်ခုကတော့ ဦးဇင်းတို့နဲ့ တခြားတခြားသော ဘာသာရေးခေါင်းဆောင်တွေ မတူတဲ့အချက်ရှိတယ်လေ။
အဲဒါဘာလဲဆိုတော့ တခြားသော ဘာသာရေးခေါင်းဆောင်တွေက သူတို့ထိုက်တန်တဲ့ လစာတွေဘာတွေနဲ့ ရပ်တည်နေကြတာကိုး။
ဦးဇင်းတို့မှာကျတော့ အဲဒီလို လစာရယ်လို့မဟုတ်ဘဲ ပြည်သူလူထုရဲ့ ပစ္စည်းလေးပါးပေါ်မှာ မှီခိုနေရတာ။
ပြည်သူလူထုဆိုတာက အနီလည်းရှိတယ်၊ အစိမ်းလည်းရှိတယ်၊ အ၀ါလည်းရှိတယ်။ အခြားအခြားသော အရောင်တွေလည်း ရှိနိုင်တယ်လေ။
အဲတော့ သံဃာတွေက နီလိုက်ရင် အခြားအရောင်တွေကို ပစ်ပယ်ရာရောက်တာပေါ့။ သံဃာတွေက စိမ်းလိုက်ရင်လည်း အခြားသော အရောင်တွေ ထိခိုက်နိုင်သွားတာပဲ။
ဒါကြောင့်မို့ မဲပေးခွင့်ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့မျက်နှာကိုပဲ ကြည့်ရမှာဖြစ်တဲ့အတွက် ညီညွတ်ရေးပျက်ပြားနိုင်တဲ့နည်းလမ်းကို မရွေးချယ်ဘူးပေါ့။

မေး- နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သခင်ဘသောင်းရဲ့ ဒီမိုကရေစီ ဆိုတဲ့စာအုပ်ထဲကစာတွေကို ပြန်တင်ပေးနေတာတွေ့ရပါတယ်ဘုရား။
အဲဒါဘယ်လိုရည်ရွယ်ချက်ကြောင့်ဖြစ်မလဲဘုရား။

ဖြေ – ပုံလေးတစ်ပုံကို သဘောကျတာပေါ့နော်။ ဒီမိုကရေစီဆိုတာ ပြည်သူက အစိုးရကို နွားလို ခိုင်းရတဲ့ စနစ်လို့ရေးထားတဲ့ ကာတွန်းပုံလေးပေါ့။ ဒီမိုကရေစီ ဒီမိုကရေစီလို့ နိုင်ငံရေးသမားတွေ ပြောနေကြပေမယ့် သူတို့တတွေ လိုချင်တာလောက်လေးပဲ ကွက်ပြီး ပြောသွားကြတာလေ။
သူတို့တတွေ ပေးဆပ်ရမှာ၊ တာဝန်ယူရမှာ၊ တာဝန်ခံရမှာတို့ကျတော့ နည်းနည်းလေးမှ မပါဘူးပေါ့နော့.။
ဒါကြောင့်မို့ ဒီမိုကရေစီသဘောတရားကို ဦးဇင်းရဲ့ ပရိသတ်တွေ သိအောင်လို့၊ ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးသမားတွေ လိမ်တာညာတာ ပြည်သူတွေ မခံရအောင်လို့ ရည်ရွယ်တာပေါ့နော့။

မေး- ၂၀၁၅ ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက တွေ့ရတာတစ်ခုက ဒီမိုကရေစီအင်အားစုတွေဟာ အမျိုးသားရေးလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ဆန့်ကျင်ရေးလို့ ထင်နေကြတယ်ပေါ့ဘုရား။
တစ်ဖက်မှာလည်းပဲ အမျိုးသားရေးလုပ်ကြသူတွေကလည်း အမျိုးသားရေးလုပ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို မုန်းရဆိုတဲ့သဘောမျိုး ထင်နေကြတာတွေတွေ့နေရတယ်ပေါ့ဘုရား။
ဒီအပေါ်မှာ အရှင်ဘုရားအနေနဲ့ကော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – နံပါတ်တစ်ပြောရရင် အမျိုးသားရေးသမားတွေက သူတို့ကိုဆန့်ကျင်တယ်ဆိုတဲ့ပုံစံမျိုး ယူဆတာက ဘယ်သူမဆို သူတို့ကို အမြဲတန်းထောက်ခံရမယ်ဆိုတဲ့ အယူရှိရာကနေ လာတာပါ။ အဲဒါကြောင့် သူတို့ကို မထောက်ခံတဲ့သူ မှန်သမျှ ဆန့်ကျင်တယ်ပဲ သူတို့က ထင်တာပေါ့။
တကယ်တမ်းကျတော့ လူတစ်ဦးတစ်ယောက်ကို ထာဝရကြီးထောက်ခံဖို့ကတော့ မဖြစ်နိုင်ဘူးလေ။ နောက် အဖွဲ့အစည်းတစ်ခုကိုလည်း
ထာဝရထောက်ခံရမယ်ဆိုတာကလည်း မဖြစ်နိုင်ဘူးပေါ့။ အမျိုးသားရေးသမားတွေကတော့ အမျိုးသားရေးမူနဲ့ကြည့်ပြီး အမျိုးသားရေးမူနဲ့ကိုက်ညီတာမှန်သမျှကို ထောက်ခံနေတာပဲလေ။ ဒါပေမယ့် အစိုးရကိုယ်တိုင်ကိုက အမျိုးသားရေးစိတ်အားနည်းတဲ့အတွက်ကြောင့်
အမျိုးသားရေးသမားတွေရဲ့ ဝေဖန်ထောက်ပြမှုကို အမြဲတမ်းခံနေရတဲ့အခါကျတော့ လူတွေက အမျိုးသားရေးဆိုတာ
အစိုးရကို ဆန့်ကျင်တဲ့သူတွေပဲလို့ မြင်ကုန်ကြတာပေါ့နော်။ တကယ်တော့ ပင်လုံပုံစံမျိုး ငြိမ်းချမ်းရေးကမ်းလှမ်းသလိုသာ
အမျိုးသားရေးသမားတွေကို ကမ်းလှမ်းလိုက်ပါ။ အဲဒါဆိုရင် အမျိုးသားရေးသမားတွေဆိုတာ အစိုးရကို ဆန့်ကျင်တဲ့သူတွေ မဟုတ်ဘူး။
အမျိုးသား အကျိုးစီးပွားကို ရှေးရှုတဲ့သူတွေဆိုတာ ပေါ်လွင်သွားမှာပေါ့နော်။
နောက်ပြီးတော့ ဦးဇင်းတို့ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်ပါတီကို မုန်းရမယ်ဆိုတဲ့ ခံယူချက်ကြီးကလည်း အမျိုးသားရေးအမြင်မဟုတ်ပါဘူး။ အမျိုးသားရေးအမြင်ဆိုတာက အမျိုးသားအကျိုးစီးပွားကို ရှေးရှုပြီးတော့ အမျိုးသားအကျိုးစီးပွားဖြစ်ထွန်းအောင် လုပ်ဆောင်နိုင်တဲ့သူမှန်သမျှကို ထောက်ခံနိုင်ရမယ်။
အမျိုးသား လုံခြုံရေးကို အလေးထားတဲ့သူမှန်သမျှကို ထောက်ခံနိုင်ရမယ်။ အမျိုးသား လုံခြုံရေးစည်းပေါက်အောင်လုပ်မယ့် အန္တရာယ်မှန်သမျှကို ကာကွယ်နိုင်ရမယ်။ အမျိုးသား လုံခြုံရေးစည်း ကျိုးပေါက်အောင်လုပ်ဆောင်နေသူမှန်သမျှကို
ဆန့်ကျင်ရမယ်၊ ကန့်ကွက်ရမယ်။ အဲဒါက အမျိုးသားရေးသမားတွေရဲ့ ဘယ်တော့မှ မတိမ်းစောင်းတဲ့ ထာဝရမူပေါ့ဗျာ။

မေး – ဘာသာပေါင်းစုံဆုတောင်းပွဲကို ထိန်းကျောင်းဖို့နဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရကို
တိုက်တွန်းကြောင်း ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးက အရေးကြီးအဆိုတင်သွင်းဖို့ ကြိုးစားရာမှာ ပယ်ချခံခဲ့ရပါတယ်လို့
သတင်းတွေအရသိရပါတယ်ဘုရား။ အဲဒါနဲ့ပတ်သက်ပြီး ဘာများမိန့်ချင်ပါသလဲဘုရား။

ဖြေ – လွှတ်တော်က ပြည်သူလူထုအတွက် အလုပ်လုပ်နေသလား၊ တိုင်းပြည်အကျိုးစီးပွားနဲ့ အမျိုးသားလုံခြံရေးအတွက် ရပ်တည်နေတာလား။
ဒါမှမဟုတ် အစိုးရကို ကာကွယ်ဖို့နဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် ရပ်တည်နေတဲ့ လွှတ်တော်ကြီးလားလို့ ဦးဇင်းတို့ မေးခွန်းထုတ် စဉ်းစားနေတာကြာပါပြီ။
ဒီလိုမေးခွန်းထုတ်ခံရတဲ့ လွှတ်တော်ကြီးက ဒီလိုပယ်ချတယ်ဆိုတာ မထူးဆန်းဘူးလို့ပြောရမှာပေါ့။

မေး – ကြံခိုင်ရေးပါတီအမတ် ဦးသောင်းအေးပြောသလိုပဲ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ထိန်းကြောင်းဖို့ တကယ်ပဲ လိုအပ်သလားဘုရား။

ဖြေ – ဘာသာပေါင်းစုံ ဆုတောင်းပွဲ ထိန်းကျောင်းဖို့ လိုအပ်ရုံတင်မကဘူး လုံးဝကို မလုပ်သင့်တာ။
ဘာဖြစ်လို့လဲဆိုတော့ တစ်-သူတို့တစ်တွေက ရဟန်းသံဃာတွေရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို မလေးစားဘူး။
ရဟန်းသံဃာတွေရဲ့ ၀ိနည်းသိက္ခာပုဒ်ကျိုးပေါက်အောင် ၀ိနည်းသိက္ခာပုဒ်မရှိတဲ့ သာသနာပအယူဝါဒရှိတဲ့သူတွေနဲ့
တပြေးညီတန်းတူ ထိုင်ခိုင်းတယ်။ ဒါဟာ အိမ်ရှင်အခွင့်အရေးကို ဖဲ့ထုတ်ဖို့ ကြိုးစားနေတာလို့ ဦးဇင်းတို့က မြင်တာပေါ့နော်။
ပိုပြီိးဆိုးတာက ခု သံဃာငယ်တွေကို သူများတွေရဲ့အောက်မှာ ထိုင်ခိုင်းတဲ့အဆင့်ထိကိုရောက်သွားပြီလေ။
နောက် အကြီးအကဲတစ်ချို့ကလဲ ကိုယ့်ဘာသာရေးခေါင်းဆောင် ဆရာတော်သံဃာတော်တွေပုံစံမျိုး
အခမ်းအနားကို လာတဲ့ ဘာသာရေးခေါင်းဆောင်တွေကိုလည်း ရှိခိုးဦးချနေတာတွေ၊ လက်အုပ်ချီ အရိုအသေပြုနေတာတွေ
တွေ့ရတာပေါ့နော်။ ဘာသာခြားမှန်းသိလျက်နဲ့ အဲဒီလို ရှိခိုးတယ်ဆိုရင် သရဏဂုံပျက်သွားတာပေါ့နော့။
အခြားပုံစံမျိုးဆိုရင်တော့ ညှိုးနွမ်းရုံပဲ ညှိုးနွမ်းမှာလေ။
နောက်တစ်ခုက သူတို့တတွေက ရည်ရွယ်ချက်မမှန်ဘူး၊ စေတနာမမှန်ဘူး။ ဒါကြောင့် ဒါတွေကို ထိန်းချုပ်ရုံတင်မကဘဲ လုံးဝ ရပ်တန့်သွားအောင် တားမြစ်သင့်တယ်။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ ဆက်သွယ်မေးမြန်းသည်။