သတင်း

တရားဥပဒေအထက်တွင် တိုင်းဒေသကြီးအစိုးရ ရှိ/မရှိ အဆုံးအဖြတ် ၂၉ ရက်နေ့မှာ သိရမည်

သပိတ်စခန်းဖွင့်လှစ်မှုဖြင့် 5.8.2017 ရက်နေ့ မနက်မိုးမလင်းခင် အကြမ်းဖက်ဝင်အစီးခံရပြီး အိုးဘိုထောင်မှာ ထောင်ကြီးချုပ်သားဘဝဖြင့် အမှုရင်ဆိုင်နေရသော သံဃာတော်(၆)ပါးနှင့် ကိုကျော်မျိုးရွှေတို့တွင် သံဃာတော်(၆)ပါးအမှုကို စွဲချက်တင်ရန် သင့်/မသင့် 29.11.2017 ရက်နေ့မှာ အမိန့်ချမည် ဖြစ်သည်။ တရားလိုပြသက်သေအားလုံးကို စစ်ဆေးရာတွင် စွဲဆိုထားသော ၅၀၅(ခ)။ မငြိစွန်းကြောင်း တွေ့ရှိရပါသည်။

၎င်းတို့အနက် ဦးဇင်းပေါက်(ခ)ဦးအရိယဝံသမှာ ခရိုင်သာသနာရေးမှူးဦးတင်မောင်အေး တိုင်တန်းထားသည့် သပိတ်ခေါင်းဆောင်စာရင်းတွင် မပါဝင်သောကြောင့်၎င်း၊ ၄င်းတို့တင်ပြထားသော ဓာတ်ပုံမှတ်တမ်းတွင် တက်တူးများထိုးထားသော ရဟန်းအတုဓာတ်ပုံနှင့် တစ်ခြားစီဖြစ်နေသည့်အပြင် ဦးဇင်းပေါက်ကိုယ်ခန္ဓာမှာ တက်တူးလုံးဝမရှိကြောင်း တရားရုံးမှာ အင်္ကျီချွတ်၍ ပြသနိုင်ခဲ့သောကြောင့် လည်းကောင်း၊ သံချပ်တိုင်ခြင်း၊ အင်တာဗျူးခြင်း၊ သပိတ်စခန်းကြီးကြပ်ခြင်း၊ ဗီနိုင်းကိုင်ဆောင်ခြင်း လုံးဝမရှိသည့်အပြင် သက်သေတင်ပြထားသော ဗီစီဒီထဲမှာလည်း မပါဝင်သောကြောင့်လည်းကောင်း၊ အွန်လိုင်းစာမျက်နှာမှာ ဖန်တီးထားသော သတင်းအတုပါ ရဟန်းအတုနှင့် မှားယွင်း ဖမ်းဆီးထားကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် စွဲချက်တင်ရန် မသင့်ကြောင်း ပေါ်လွင်ထင်ရှားနေပါသည်။ အခြားသံဃာများသည်လည်း ၅၀၅(ခ)နှင့် မငြိစွန်းကြောင်း တရားလိုတိုင်တန်းချက်နှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်အရ ထင်ရှားနေပါသည်။ ထို့အပြင် ၅၀၅(ခ)နှင့် တရားစွဲဆိုသင့်သည့် လုပ်ထုံးလုပ်နည်းများနှင့် လွဲချော်လျက်ရှိသောကြောင့် တရားစွဲဆိုမှု ပျက်ပြယ်ကြောင်းလည်း ထင်ရှားပါသည်။

၅၀၅(ခ)နှင့် စွဲဆိုမည်ဆိုလျှင် တိုင်းဒေသကြီးအစိုးရအဖွဲ့ကသော်လည်းကောင်း၊ ကိုယ်စားလှယ် လွှဲစာဖြင့်သော်လည်းကောင်း စွဲဆိုရပါမည်။ (၁၉၇၉ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာ၄၁ပါ မခင်ရှီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အမှု။)

ထင်ကြေးအဖြစ် မစွပ်စွဲနိုင်ကြောင်းကိုလည်း ၁၉၇၀ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာ၆(အထူးအယူခံအဖွဲ့)လာ မောင်ဟန်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အမှုစီရင်ထုံးက သက်သေပြနေပါသည်။

ရဲတပ်ဖွဲ့သည် အရပ်ဝတ်များဖြင့် သပိတ်စခန်းကို အကြမ်းဖက်ဝင်စီးရာတွင် မည်သည့်အဖွဲ့ဖြစ်သည်ဟု တာဝန်ခံအသိပေးပြောဆိုမှုမရှိခြင်း၊ တာဝန်အရ ဝရမ်းပြ၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ သံဃာတော်များနှင့် အမျိုးသမီးများကို စည်ပင်သာယာက ခွေးလေခွေးလွင့်များကို ကားပေါ်ပစ်တင်သလို အင်အားဖြင့် အကြမ်းဖက် ထောင်းထုရိုက်နှက်၍ ကားပေါ်ပစ်တင်ခြင်း၊ တိုင်ကြားခံရသည့်စာရင်းထဲတွင် မပါဝင်သော သံဃာတော်များနှင့် အမျိုးသမီးများကိုပါ ထောင်းထုရိုက်နှက် ထိုးကြိတ်ကန်ကျောက်၍ လက်ထိပ်ခတ်ဖမ်းဆီးခြင်းတို့သည်လည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်မညီညွတ်ခဲ့ပါ။

ထို့အပြင် တရားလိုဦးတင်မောင်အေးကိုယ်တိုင်ကပင် သူ၏အဓိကထွက်ဆိုချက်၌ သပိတ်စခန်းဖွင့်လှစ်ပြီး ထိုင်သပိတ်ပြုလုပ်သူများသည် ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်သည်ဟူ၍ လည်းကောင်း၊ တရားလိုပြသက်သေ ဒုရဲမှူး ခင်မောင်ထွန်း၏ အဓိကထွက်ဆိုချက်တွင်လည်း သပိတ်စခန်းဖွင့်လှစ်ပြီး ထိုင်သပိတ်မှောက်သူများသည် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်ဟု၎င်း၊ အခင်းဖြစ်စဉ် တစ်ခုလုံးတွင် အစ အလယ် အဆုံး တာဝန်ယူခဲ့ရသည့် တရားလိုပြသက်သေ ဒုရဲအုပ် မျိုးမင်းဦး၏ အဓိကထွက်ဆိုချက်တွင်လည်း သပိတ်စခန်းဦးဆောင်သည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များမှာ သာသနာ၂၅၀၀ဗိမာန်ဝန်းအတွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်ဟု၎င်း၊ တရားလိုပြသက်သေ အမှတ်၇ ဦးမောင်မောင်ညွန့်ကလည်း သံဃာတော်နှင့်လူအချို့ အေးချမ်းစွာ ထိုင်လျက်အနေအထားမျိုး တွေ့ရှိရပါသည်ဟု၎င်း အသီးအသီး ထွက်ဆိုထားကြပါသည်။

ထို့အပြင် ၄င်းဒုရဲအုပ် မျိုးမင်းဦးထွက်ဆိုချက်တွင် ဆရာတော်ဦးစန္ဒာသီရိဦးဆောင်သော လူပုဂ္ဂိုလ်သုံးဦးတို့ကသာ ကြွေးကြော်သံများပါသည့် လက်ကမ်းစာစောင်များအား သာသနာ၂၅၀၀ဗိမာန်ဝင်းအတွင်းနှင့် ၈၄လမ်းတွင် သွားလာနေသူများအား ဖြန့်ဝေခဲ့ကြောင်း ပါဝင်ရာ ယခု အမှုရင်ဆိုင်နေရသော သံဃာတော်များနှင့် လုံးဝမပတ်သက်ကြောင်း ထင်ရှားပါသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄အရ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိခြင်း၊ သပိတ်စခန်းဖွင့်လှစ်ထားသော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များသည် ငြိမ်းချမ်းစွာစုဝေးခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကိုသာ ပြုလုပ်နေကြခြင်းထင်ရှားသဖြင့် ၅၀၅(ခ)နှင့်လုံးဝ မငြိစွန်းသော ပေါ်လွင်ထင်ရှားသည့်အပြင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)သည် ရဲအရေးပိုင်သော ပုဒ်မမဟုတ်သောကြောင့်၎င်း ဝရမ်းပါဘဲ ရဲတပ်ဖွဲ့က ဖမ်းဆီးခွင့်မရှိသောကြောင့်၎င်း၊ ရဲတပ်ဖွဲ့ဟု ထင်မြင်ယူဆစရာမရှိလောက်အောင် ယူနီဖောင်းဝတ်မလာခြင်း၊ လူလိုသူလို ဖမ်းဆီးမှုမပြုဘဲ သူပုန်စခန်းကို ဝင်စီးသည့်အလား ကျေးရွာသူကျေးရွာသားများကို လူဆိုးသူခိုးများက အကြမ်းဖက်ဝင်စီး ဓားပြတိုက်နေသည့် ပုံစံမျိုးကဲ့သို့ ကျူးလွန်သွားခြင်းသည် ရဲတပ်ဖွဲ့ကိုယ်တိုင် အပြစ်မဲ့သံဃာတော်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းဖြစ်ကြောင်း ပေါ်လွင်နေသည်ကို တွေ့ရပါသည်။

ထို့ကြောင့် တရားသူကြီးသည် ဥပဒေကြောင်းအရ လွတ်လွတ်လပ်လပ် တရားစီရင်ခွင့် ရရှိမည်ဆိုလျှင် အထူးသဖြင့် တိုင်းဒေသကြီးအစိုးရဖြစ်စေ ပြည်ထောင်စုဗဟိုအစိုးရဖြစ်စေ အစိုးရနှစ်ရပ်တွင် တစ်ရပ်ရပ်က ဖိအားပေးခြင်း လုံးဝမရှိလျှင် ထို့အတူ အာဏာရပါတီအကြီးအကဲများကသော်လည်းကောင်း မြို့နယ် ခရိုင် တိုင်းအဆင့်ရှိ အာဏာရပါတီဝင်ခေါင်းဆောင်များကလည်းကောင်း အာဏာရပါတီကိုယ်စားပြု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စသည်ဖြင့် မည်သည့်လွှတ်တော်ကိုယ်စားလှယ်မျှက တရားစီရင်ရေးကို ဝင်ရောက်မစွက်ဖက်လျှင်

၂၉ ရက်နေ့အဆုံးအဖြတ်သည် ရဟန်းရှင်လူပြည်သူများ မျှော်လင့်ထားသော အဆုံးအဖြတ်ကောင်းတစ်ရပ် ဖြစ်လာမည်မှာ သေချာပါသည်။

သို့မဟုတ်လျင်မူ တရားသူကြီးသည် အာဏာရပါတီကိုကြောက်ရ အစိုးရကိုကြောက်ရ လွှတ်တော်ကိုယ်စားလှယ်ကိုကြောက်ရ စသည်ဖြင့် အကြောက်တရားအရ ဘယာဂတိလိုက်မိပါမူ အပြစ်မဲ့သံဃာတော်များကို သေချာပေါက် ထောင်ချနိုင်ခွင့်ရှိသွားပြီဖြစ်ပါသည်။

အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးကြကုန်သော မျိုးချစ်ဇာနည် သူတော်ကောင်း သူမြတ်လောင်းအပေါင်းတို့ ၂၉ရက်နေ့ မနက် ၉နာရီ ချမ်းမြသာစည် တရားရုံးသို့ မင်္ဂလာသတင်းကောင်း လာရောက် နားဆင်ပါရန် ကြိုတင်အသိပေးနှိုးဆော်အပ်ပါသည်။

ဝီရသူ(မစိုးရိမ်)
27.11.2017
PM 8:53