သတင်း

ဒီမိုကရေစီအရေးတစ်ခုတည်းနဲ့တော့ တို့နိုင်ငံကြီးကို တည်ဆောက်လို့ မရဘူး။ အမျိုးဘာသာသာသနာကို ပစ်ပယ်ပြီး နိုင်ငံရေးလုပ်လို့ မဖြစ်ဘူး(၁)

ဒီတစ်ပတ်မှာတော့ ဆရာတော်ဦးဝီရသူရဲ့ အမျိုးသားနိုင်ငံရေးရှုမြင်ချက်များအဖြစ် စစ်အစိုးရလက်ထက် နိုင်ငံရေးအခြေအနေတွေနဲ့ ဒီကနေ့ အရပ်သားဒိမိုကရေစီအစိုးရလက်ထက်က နိုင်ငံရေးအခြေအနေကို ချိန်ထိုးသုံးသပ်နိုင်ဖို့အတွက် ကြိုးစားမေးမြန်းဖြစ်ခဲ့ပါတယ်။

ဆရာတော်ရဲ့ဖြတ်သန်းမှုတွေထဲက အရေးပါတဲ့ စစ်အစိုးရလက်ထက်မှာ အမျိုးသားရေးတရားဟောခဲ့တာ၊ အမျိုးပျောက်မှာစိုးကြောက်စရာလို စာအုပ်တွေကို ထုတ်ဝေဖြန့်ချိခဲ့တာတွေကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။ အမျိုးသားရေးလှုပ်ရှားမှုနဲ့ ခေတ်ပြိုင်နိုင်ငံရေးသမိုင်းထဲက ဆရာတော်ဦးဝီရသူရဲ့အသံကို အမျိုးသားရေးညီအစ်ကိုမောင်နှမများ ကြားနိုင်စေဖို့အထူးရည်ရွယ်ပါကြောင်း။

မေး- ပထမဆုံးမေးခွန်းအဖြစ် အရှင်ဘုရားကို ထောက်ခံအားပေးသူတွေနဲ့ ကန့်ကွက်ပြစ်တင်ကြတဲ့သူတွေကြားမှာ ဘယ်လိုနေထိုင်သလဲဆိုတာလေး သိချင်ပါတယ်ဘုရား။ ထောက်ခံသူတွေကြောင့် မဖြစ်မနေဆက်လုပ်ရမယ်ဆိုပြီး စိတ်တင်းပြီးလုပ်နေတာလား။ နောက် ကန့်ကွက်သူတွေကြောင့် ဆက်မလုပ်တော့ဘူးလို့ တွေဝေသွားတာတွေရော ရှိခဲ့ဖူးလားဆိုတာလေး မိန့်ပေးပါဦးဘုရား။

ဖြေ- နှစ်ခုစလုံးမဟုတ်ပါဘူး။ ကန့်ကွက်တဲ့သူကတော့ ရှိနေမှာပဲလေ။ ကန့်ကွက်တဲ့သူရှိနေတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျတာမျိုးလည်း မရှိပါဘူး။
တစ်ချို့ကျတော့ ကန့်ကွက်ရုံတင်မကဘူး လုပ်ကြံတဲ့အဆင့်အထိကို ရှိတာကိုး။ အဲဒီအတွက် စိတ်ဓာတ်ကျတာမျိုး တစ်ခါမှ မကြုံပါဘူး။
ထောက်ခံအားပေးတဲ့ ပရိသတ်ကျတော့ စိတ်ခွန်အားတော့ ရတာပေါ့။ ဒါပေမယ့် သူတို့တွေ ထောက်ခံအားပေးတဲ့အတွက်ကြောင့် အလုပ်မှာတော့
အထောက်အပံ့ဖြစ်တယ်။ ဒီအလုပ်ကို ဒါတွေကိုထောက်ခံပါစေဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တာမဟုတ်ဘူးလေ။ အဓိကကတော့ ကိုယ်လုပ်တဲ့အလုပ်က
အများအကျိုးနဲ့ အမျိုးဘာသာ သာသနာအကျိုး ဒီဟာတွေအတွက် ကောင်းလို့လုပ်နေတာပေါ့နော့။

မေး- အရှင်ဘုရားကို စစ်အစိုးရက အရေးမယူခင်ပေါ့ဘုရား၊ အမျိုးသားရေးတရားတွေ ဟောစကာလတုန်းက မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့
ကဗျာတွေကို တရားပွဲတွေမှာ ရွတ်ခဲ့တယ်လို့သိရပါတယ်ဘုရား။ အဲဒီအချိန်တုန်းက အရှင်ဘုရားအဖမ်းခံရတာတောင်မှ အဲဒီကဗျာတွေ ရွတ်လို့တို့ ဘာတို့ ကြားရတယ်ပေါ့ဘုရား။
တပည့်တော်တို့က အဲဒီအချိန်တုန်းက ကဗျာ့နန်းတော်တို့၊ ကဗျာဘဏ်တိုက်တို့၊ ချစ်သမီးဝိသာခါတို့ဆိုတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့စာအုပ်တွေဖြန့်ချိပေးတဲ့အချိန်ပေါ့ဘုရား။
အရှင်ဘုရားကြောင့်ပဲ ကဗျာစာအုပ်တွေ ပိုရောင်းခဲ့ရတယ်လို့ ပြောလို့ရပါတယ်။ အရှင်ဘုရားနဲ့ ဆရာတော်ကြီးနဲ့ ဒီအချိန်မှာရော အဆက်အသွယ်တစ်စုံတစ်ရာ ရှိတာမျိုး ရှိပါသလားဘုရား။

ဖြေ- ဆရာတော်ကြီးရဲ့ ညီမှတစ်ဆင့်တော့ နှစ်ကြိမ်၊ သုံးကြိမ် သင်္ကန်းပရိက္ခာရာတွေ ဆရာတော်ကြီးစွန့်တာကိုတော့ ရဖူးတာပေါ့နော်။
ဆရာတော်ကြီးက စာအုပ်တွေ ဖတ်ချင်တယ်ဆိုလို့ သူ့ညီကနေတစ်ဆင့် လှူလိုက်တာတွေလည်း ရှိတာပေါ့။ ဒါပေမယ့် ဆရာတော်ကြီးကိုတော့
လူကိုယ်တိုင် ဖူးခွင့်မရသေးပါဘူး။

မေး- တော်တော်လေးကို တင်းကြပ်တဲ့ ထောက်လှမ်းရေးခေတ်၊ စစ်အစိုးရခေတ်မှာ အရှင်ဘုရားအနေနဲ့ အမျိုးသားရေးတရားတွေကို ဘာကြောင့်ဟောခဲ့တာလဲ။

ဖြေ- အဓိကကတော့ စစ်အစိုးရသက်တမ်းကြီးက တော်တော်ကြာတာကိုး။ အတိုက်အခံကလည်းပဲ စစ်အစိုးရကို မဖြိုနိုင်ဘူးလေ။
ဒီမိုကရေစီဆိုတာကလည်း ဘယ်ဆီနေမှန်းမသိရဘူးလေ။ ဒီကြားထဲမှာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ပေါင်းပြီးတော့ ဘာသာခြားတွေက အတင်းနေရာယူပြီး
အမျိုး ဘာသာ သာသနာကို ဖျက်ဆီးနေတာ၊ စော်ကားနေတာတွေ တွေ့လာရတာပေါ့။ အဲတော့ ဒီမိုကရေစီမရရင်တော့နေ၊ သာသနာတော့ အကွယ်မခံနိုင်ဘူး၊
လူမျိုးတော့ အပျောက်မခံနိုင်ဘူးဆိုတဲ့စိတ်နဲ့ ဒီဘက်လမ်းကို ရွေးလိုက်တာပေါ့။

မေး- စစ်အုပ်ချုပ်ရေးကာလကပဲ -အမျိုးပျောက်မှာ စိုးကြောက်စရာ-တို့၊ ကိုယ်တော့်ကရုဏာ-တို့ ဆိုတဲ့စာအုပ်တွေလည်း ဖတ်ဖူးပါတယ်။ ခိုးပြီးဖြန့်ချိကြ၊ ခိုးပြီးဖတ်ရတဲ့ အချိန်ပေါ့ဘုရား။
အမျိုးပျောက်မှာ စိုးကြောက်စရာစာအုပ်ကို သမိုင်းသင်ခန်းစာအမည်နဲ့ တလောကပဲ အရှင်ဘုရားရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပြန်တွေ့ရပါတယ်။ ဒီစာအုပ်တွေနဲ့ အရှင်ဘုရားနဲ့ ဆက်စပ်မှုရှိနေမလားလို့ပေါ့ဘုရား။
ရှိခဲ့လို့ ပြောလို့ရရင် ပြောပြပေးပါဦးဘုရား။

ဖြေ- အမျိုးပျောက်မှာစိုးကြောက်စရာ စာအုပ်ကတော့ လက်ဆင့်ကမ်းလာခဲ့တာတော့ မနည်းတော့ဘူးပေါ့လေ။ မူလစပြီး ရေးခဲ့တဲ့သူကတော့ ဦးဇင်းထောင်ကထွက်လာမှ အဆက်အသွယ်ရတာပါ။
မူလစပြီးရေးခဲ့တဲ့သူက ပြောရရင်တော့ ဟိုးမဆလခေတ်က ၀န်ကြီးလိုအဆင့်မျိုး၊ ညွန်ချုပ်လိုအဆင့်မျိုး၊ ဗိုလ်မှူးကြီးလိုအဆင့်မျိုးတွေ ၀ိုင်းပြီးရေးကြတာပေါ့။ အရပ်သားထဲက အမျိုးသားရေးပညာရှင်တွေလည်း ပါပါတယ်။
အဲဒါကို ၀ံသာနုစာစဉ်ဆိုပြီးတော့ ထုတ်တာပေါ့လေ။ အဲဒါလေးကတော့ လက်နှိပ်စက်မူလေးပေါ့။ ပုံနှိပ်မူတော့ မဟုတ်ပါဘူး။ အဲဒါကို ပိဋကတစ်ပုံဆောင်ဆရာတော်တစ်ပါးက ဆက်ဖြန့်ချိတာပေါ့။
အဲဒါကို လက်နှိပ်စက်နဲ့ရိုက်ပြီးတော့ဘဲ ဗလာစာအုပ်ဆိုဒ်မျိုးနဲ့ သံဃာတွင်းမှာပဲ ပြန့်အောင်ဖြန့်တာပေါ့လေ။ အဲဒါကိုပဲ စစ်လားဆေးလာမေးလားမြန်းလားလုပ်လာတော့
ပိဋကတစ်ပုံဆောင်ဆရာတော်က ခြေရာဖျောက်သွားတာပေါ့။ အဲဒီအချိန်မှာ ကမ္ဘာအေးက ကထိကရဟန်းပျိုတစ်ပါးက လက်ဆင့်ကမ်းပြီး ဆက်လုပ်ပါတယ်။
လက်ဆင့်ကမ်းဆက်လုပ်တဲ့အခါကျမှ -အမျိုးပျောက်မှာ စိုးကြောက်စရာ-ဆိုတဲ့ ခေါင်းစဉ်နဲ့ထွက်လာတာပါ။ အဲဒီဆရာတော်လည်း ဒီထောက်လှမ်းရေးတို့ ဘာတို့ကြောင့်ပဲ ကမ္ဘာအေးကနေ ပြောင်းသွားရတာပေါ့။
အဲဒီအချိန်မှာ စာအုပ်ထုတ်ဝေမယ့်သူမရှိ၊ လူတွေကလည်း အာသာငမ်းငမ်းဖြစ်နေတဲ့အချိန်မှာ ဦးဇင်းက ယူပြီးတော့ ထုတ်လိုက်တာပေါ့။ ဦးဇင်းယူပြီးထုတ်လိုက်ချိန်မှာ ဦးဇင်းရော ပုံနှိပ်တိုက်နဲ့ ဆက်သွယ်ပေးတဲ့ ဦးဇင်းသူငယ်ချင်းလူပျံတော်ရော ပုံနှိပ်တိုက်ရော အကုန်လုံး အဖမ်းခံလိုက်ရတာပေါ့။

မေး- မဘသဆိုင်းဘုတ်ကိစ္စနဲ့ပတ်သက်ပြီး တပည့်တော်တွေးမိတာတစ်ခုရှိပါတယ်ဘုရား။ အဲဒါ ဘာလဲဆိုတော့ စစ်အစိုးရခေတ်တစ်လျှောက်လုံးမှာတောင်မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ ဆိုင်းဘုတ်တွေတွေ့ခဲ့ရဖူးတယ်ပေါ့ဘုရား။ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ဘူး၊ ခေါင်းဆောင်ပိုင်းတွေကိုလည်းပဲ ဖမ်းဆီးထားတယ်၊ တော်တော်လေး တင်းတင်းကျပ်ကျပ် ဖိနှိပ်ခဲ့တဲ့အခြေအနေပေါ့ဘုရား။ အဲဒီအချိန်မှာတောင်မှ ဒီချုပ် ဆိုင်းဘုတ်တွေကို သက်ဆိုင်ရာ မြို့နယ်ပါတီဝင်တွေက မဖြုတ်ခဲ့ပါဘူးဘုရား။
ခု မဘသ ဆိုင်းဘုတ်တွေကျမှ တော်တော်လေး ဖိအားပေးနေတဲ့အပေါ် အဲဒီအချိန် အဲဒီကာလနဲ့ ချိန်ထိုးပြီး ဘာများ သုံးသပ်ချင်ပါသလဲ။

ဖြေ- န၀တလက်ထက်တုန်းကတော့ သူက စစ်အစိုးရဆိုတဲ့အတိုင်း အမိန့်အာဏာနဲ့ အုပ်ချုပ်တာပေါ့။ လိုအပ်ရင် လိုအပ်သလို အမိန့်အာဏာတွေနဲ့ပဲ အလုပ်လုပ်တာကိုး။
အဲတော့ NLDက အကျပ်အတည်းအများကြီးတွေ့ရတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ပါတီက ထုတ်ပယ်ခံရတဲ့အဆင့်အထိကို ရောက်တယ်လေ။
အဲဒါက တကယ်တမ်းကျတော့ သူ့ကိုထုတ်ချင်လို့တော့ မဟုတ်ဘူးပေါ့။ သူ့ကိုထုတ်လိုက်မှ ပါတီရပ်တည်ခွင့်ရမှာဆိုပြီး ဟန်ပြထုတ်လိုက်တာပါ။
အဲဒါလည်း နိုင်ငံရေးပရိယာယ်တစ်နည်းလို့ ပြောရမှာပေါ့နော့။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်လာချိန်ကျတော့ အဲဒီပါတီကို ဦးအောင်ရွှေကိုယ်တိုင်ကိုက ပြန်ပြီး ထိုးအပ်လိုက်တယ်လေ။
ပါတီရပ်တည်ရေးအတွက် အဲဒီလို ပရိယာယ်နဲ့လုပ်လိုက်တာကို မသိတဲ့တက်ကြွတဲ့ လူငယ်တွေက ဦးအောင်ရွှေကို ဆန္ဒပြတာတို့ ကန့်ကွက်တာတို့ လုပ်ခဲ့ကြသေးတယ်။
အခုလည်း ဦးအောင်ရွှေဆိုတဲ့ ဒကာကြီး အသက်ထင်ရှား ရှိပါသေးတယ်။ NLD အတွက် အင်မတန်ကျေးဇူးကြီးတဲ့ ဒကာကြီးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပါတီက ထုတ်ပယ်လိုက်တဲ့အဆင့်အထိ ဖိအားအမျိုးမျိုးရောက်ခဲ့သလို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီဆိုင်းဘုတ်တွေဖြုတ်ပြီး ပါတီကြီးပျက်သွားပြီဆိုတာ ကမ္ဘာကို ပြချင်တာပေါ့လေ။ တစ်ချို့ကလည်းပဲ မဖြုတ်ဘဲ ပေကပ်နေတာပေါ့။ တော်တော်များများကတော့ အစိုးရကို မလှိမ့်တစ်ပတ်လုပ်သွားတာများပါတယ်။
ဥပမာ-ဆိုင်းဘုတ်ထောင်ထားတဲ့ ရုံးနဲ့ ထောက်လှမ်းရေးနဲ့ ရပ်ကွက်လူကြီးတွေ ညှိပြီးတော့ ဆိုင်းဘုတ်လေးဖြုတ်နေတဲ့ပုံလေး ဓာတ်ပုံရိုက်၊ ပြီးတော့ အကုန်ပြန်သွားတဲ့အချိန် ဆိုင်းဘုတ်ပြန်တင်ပေါ့။ အဲဒီပုံစံမျိုးနဲ့ အစိုးရပိုင်သတင်းစာတွေထဲမှာ NLD ဆိုင်းဘုတ်တွေ ဘယ်မြို့နယ်ကဖြုတ်တယ်၊ ဘယ်မြို့နယ်ကဖြုတ်တယ်နဲ့ အမြဲတမ်း သတင်းတွေ ပါနေခဲ့တာပေါ့။
ဒါတွေကိုကြည့်လိုက်လို့ရှိရင် ငါတို့လက်ထက်တုန်းက ငါတို့မှာ ဒီလိုဖိအားမျိုးရှိတယ်၊ ဒီလိုခံစားရတယ်။ ဒီလိုအကြပ်အတည်မျိုးကြောင့် ဒီလိုဒုက္ခတွေရောက်တယ်ပေါ့။
ငါတို့အစိုးရဖြစ်တဲ့အခါကျတော့ ပြည်သူတွေ၊ သံဃာတွေ ဒီလိုမျိုးမဖြစ်အောင် ငါတို့တတွေ ဒါတွေကို စောင့်ထိန်းကြမယ်၊ ရှောင်ကြဉ်ကျမယ်ဆိုတဲ့စာနာမှုလေး လိုအပ်တာပေါ့။
အခုဟာက အဲဒီလိုမဟုတ်ဘူး။ ငါတို့တုန်းကလည်း ဒီလိုအလုပ်ခံရတာပဲ၊ ငါတို့လက်ထက်ကျတော့လည်း မင်းတို့ကို ဒီလိုဒုက္ခပေးမယ်ဆိုပြီးလုပ်လိုက်တော့ ကျူးလွန်သူကတစ်ခြား၊ ပြစ်ဒဏ်အပေးခံရသူက တစ်ခြားဖြစ်သွားတာပေါ့။
အဲဒါကြောင့် NLD အစိုးရအနေနဲ့ အရင်န၀တလက်ထက်တုန်းက မိမိပါတီ ရပ်တည်ရှင်သန်ရေးအတွက် အခက်အခဲကြားထဲကနေ စောင့်ထိန်းခဲ့တဲ့ ကျင့်ဝတ်ကလေးတွေကို
ပြန်တွေးပြီး မဘသအပေါ်စာနာဖို့ ပြောချင်တာပေါ့ကွာ။

(ဆက်လက်ဖော်ပြပါမည်။)