သတင်း

ဒီမိုကရေစီလို့ပြောရင် ယုံမှာတောင်မဟုတ်ဘူး(၇)

ဆရာမောင်သွေးချွန်တို့ ဦးဆောင်ဖွဲ့စည်းထားတဲ့ မျိုးချစ်ညီညွတ်ရေးပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

သြဂုတ်လ ၂ရက်နေ့မှာ လျှောက်ထားခဲ့တာဖြစ်ပြီး နိုင်ဘာလ ၂၄ရက်နေ့မှာ ငြင်းပယ်စာရောက်ရှိလာတာပါ။

ပါတီတည်ထောင်မည့်ဦးဆောင်သူများကို လဝက၊ စသုံးလုံး၊ စီအိုင်ဒီ၊ အက်စ်ဘီတို့မှ အသေးစိတ်စစ်ဆေးခဲ့ ရာမှာ အပြစ်တစ်စုံတရာမတွေ့ရဘဲ သမိုင်းကြောင်းကောင်းတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ဥပဒေပညာရှင်များ၊ စာပေပညာရှင်များ၊ မျိုးချစ်ခေါင်းဆောင်များက ဦးဆောင်တည်ထောင်တာကြောင့် ခွင့်မပြုတဲ့သဘောသက်ရောက်နေပါတယ်။

မျိုးချစ်ညီညွတ်ရေးပါတီကို ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားအများစုက စိတ်ဝင်စားမှု အပြည့်ရှိတာကြောင့် အကြောက်ပိုပြီး ခွင့်မပြုတဲ့သဘောပါပဲ။

ရွေးကောက်ပွဲကော်မရှင်ရဲ့ အကြောင်းပြချက်ထဲမှာ ပါတီခေါင်းဆောင်တွေထဲက အချို့ပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါပြဋ္ဌာန်းချက်များနှင့် မညီညွတ်လို့ဆိုတာ ပါပါတယ်။
သူတို့သတ်မှတ်ထားတဲ့ ခေါင်းဆောင်အရေအတွက်က ၁၅ဦးပါ။ မျိုးချစ်ညီညွတ်ရေးပါတီက ၂၁ဦးတောင် တင်ပြထားတာပါ။ ဒီလိုလုပ်လာနိုင်လို့ မန္တလေးသပိတ်စခန်းမှာ ပါဝင်ပတ်သက်သူနှစ်ဦးကို ထုတ်ပယ်ပြီး ကျန်၁၉ဦးနှင့် ပြန်တင်ပြထားတာပါ။

ရွေးကောက်ပွဲကော်မရှင်ဟာ တိကျသေချာတဲ့ အကြောင်းပြချက်မပေးဘဲ ရောချထားတာတွေ့ရပါတယ်။ ဒါဟာ လုပ်ပိုင်ခွင့်မူဘောင်ထဲကနေ ညစ်ပတ်လိုက်တဲ့ နိုင်ငံရေးအနိုင်ကျင့်မှုတစ်မျိုးပါပဲ။

သူတို့သာလိပ်ပြာလုံရိုးမှန်ရင် ဘယ်သူဘယ်ဝါကတော့ ဘယ်ဥပဒေနဲ့မညီဘူးဆိုပြီး နာမည်နှင့်တကွ ထုတ်ပြရမှာပါ။ အဲဒီထက် စေတနာပါရင်တော့ တွေ့ဆုံဆွေးနွေးပြီး ဘယ်သူတွေအစား လူသစ်ဘယ်နှစ်ဦး ထပ်ရွေးပေးပါဆိုတာမျိုး လာရမှာပါ။
ခုဟာက အတိုက်အခံကာလတစ်လျှောက်လုံး တောင်းဆိုလာခဲ့တဲ့ ပွင့်လင်းမြင်သာမှုဆိုတာကို အာဏာရလာတဲ့အခါကျ ကျင့်သုံးစရာမလိုတော့ဘူးဆိုတဲ့ ပုံစံမျိုး ချိုးသွားတာ အတော်ထင်ရှားပါတယ်။

ကိုယ့်တုန်းက ချန်ပီယံကို အလဲထိုးအနိုင်ယူခဲ့သလို သူများကလည်း ကိုယ့်ကို အလဲထိုးအနိုင်ယူတော့မှာပဲဆိုတဲ့ လိပ်ပြာမလုံတဲ့အတွေးတွေကြောင့် ပြိုင်ဘက်ပေါ်မှာ ကြောက်နေတဲ့ သဘောပါပဲ။ ဒါကြောင့် စင်ပေါ်တက်မလာအောင် စင်အောက်မှာပဲ အဓမ္မနည်းနဲ့ အပြတ်ရှင်းနေတာ ဖြစ်မှာပါ။ ချန်ပီယံစစ်မှန်ရင် စိန်ခေါ်သူကို ယှဉ်ပြိုင်ခွင့်ပေးရမှာပါ။

ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေ ကျင်းပနေပါပြီ။ ဘာရည်ရွယ်ချက်နဲ့ ကျင်းပတယ်ဆိုတာ မသိရပေမယ့် ပြည်သူ့ဆန္ဒနဲ့ တက်လာတဲ့ လက်ရှိအုပ်ချုပ်ရေးမှူးတွေ နစ်နာသွားပါပြီ။ ရွေးချယ်ခံရတာက ၂နှစ်ပဲရှိသေးတယ်။ အသစ်ပြန်လည် ရွေးချယ်ပွဲတွေ ပြုလုပ်ခိုင်းလိုက်တော့ ကျန်ရှိနေသေးတဲ့ သက်တမ်းသုံးနှစ် အလကားဖြစ်ပြီပေါ့။

အုပ်ချုပ်ရေးမှူးတွေရဲ့ သက်တမ်းဟာ ငါးနှစ်ဖြစ်တယ်ဆိုတဲ့ အုပ်ချုပ်ရေးမှူးဥပဒေကို ရိုက်ချိုးပစ်လိုက်တာပါပဲ။
ရွေးချယ်ပွဲအသစ်တွေ ကျင်းပပြန်တော့လည်း ပါတီပိုင်းက စွက်ဖက်လိုက်၊ အာဏာပိုင်ပိုင်းက စွက်ဖက်လိုက်၊ လွှတ်တော်ကိုယ်စားလှယ်ပိုင်းက စွက်ဖက်လိုက်နဲ့ အဂတိတွေ မိုးပျံနေတော့တာပါပဲ။

ရပ်ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ပုံစနစ်က ဒီမိုကရေစီနည်းလမ်းကျပါလျက် အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းက တရားမျှတပါလျက် ဒီစည်းကမ်းတွေကို မလိုက်နာဘဲ ဝင်ရောက်စွက်ဖက်တာကြောင့် တရားဥပဒေစိုးမိုးရေးနတ်သမီးရဲ့ သားသမီးတွေလက်ထဲမှာ တရားဥပဒေစိုးမိုးရေးအိပ်မက်ဟာ တစ်စစီကျိုးပဲ့ပျက်ပြယ်သွားရတာပါ။
ဆယ်အိမ်ခေါင်း(၁၀၀)ဦးထဲမှာမှ ရာအိမ်မှူးတစ်ဦးကိုပဲ ရွေးချယ်ရပါတယ်။ အိမ်ခြေအရေအတွက်အလိုက် ဝင်ရောက်ရွေးချယ်ခံကြရတဲ့ ရာအိမ်မှူးများစွာထဲကမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရွေးချယ်ရတာပါ။ ချမှတ်ထားတဲ့ နည်းလမ်းက ဘယ်လောက်ဒီမိုကရေစီဆန်လဲဆိုတာ သိသာပါတယ်။

ပါတီပိုင်းက မစွက်ဖက်ရ၊ အာဏာပိုင်အပိုင်းက မစွက်ဖက်ရ၊ လွှတ်တော်ကိုယ်စားလှယ်ပိုင်းက မစွက်ဖက်ရဟု စည်းကမ်းတွေထုတ်ထားတာလည်း အတော်ကောင်းတာပါပဲ။
ဒါပေမဲ့ ဆယ်အိမ်ခေါင်းရွေးချယ်ဖို့ ကြီးကြပ်ရေးမှူးငါးဦး စတင်ရွေးချယ်တဲ့နေရာမှာတင် ဌာနသုံးခုလုံးက ဝင်ရောက်စွက်ဖက်ပါတော့တယ်။

ကြီးကြပ်ရေးကော်မတီဝင်ငါးဦးရွေးချယ်ရာမှာ သက်ဆိုင်ရာ ရပ်/ကျေးအမှုဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ စိတ်ကြိုက်ရွေးချယ်ထားသူဖြစ်ရမည်။ (ပါတီဝင်မဟုတ်သော်လည်း ပါတီကိုအားပေးသူဖြစ်ရမည်)ဟု ဗန်းမော်မြို့နယ် NLDက ရပ်/ကျေး NLDထံ ထုတ်ပြန်ပေးပို့သော မြို့နယ် NLD အတွင်းရေးမှူးလက်မှတ်ပါ အမိန့်စာကို တွေ့ရှိလိုက်ရပါတယ်။

ဒါကိုကြည့်ရင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ကျင်းပစရာတောင် မလိုဘဲ NLD ပါတီဝင်(သို့မဟုတ်) NLD ပါတီကိုထောက်ခံသူများကို ရွေးချယ်ပေးလိုက်ရုံပဲ ရှိတော့တာပါ။

အရင်အစိုးရလက်ထက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရွေးချယ်ခဲ့တုန်းက ဘာသံမှမကြားခဲ့ရပါဘူး။ အခုကျမှ ကျော်မကောင်း ကြားမကောင်း ဝန်ကြီးချုပ်ကအစ မောင်းထုတ်ခံရတဲ့ဘဝမျိုး၊ ဆယ်အိမ်ခေါင်းရွေးချယ်ပွဲထိတောင် မစောင့်လိုက်ရဘဲ ကြီးကြပ်ရေးမှူးကော်မတီဝင် ငါးဦး ရွေးချယ်ပွဲမှာတင် တုတ်တပြတ် ဓားတပြတ် လုံးထွေးသတ်ပုတ်ကုန်ကြတာကြောင့် ပွဲပျက်သွားတာတွေလည်း အများကြီးပါ။

ဒီမိုကရေစီဆိုတဲ့ နိုင်ငံရေးစနစ်ဟာ အင်မတန်ကောင်းမွန်ပါတယ်။ လူ့အခွင့်အရေးတို့ တရားဥပဒေစိုးမိုးရေးတို့ ဆိုတာတွေဟာ ဒီမိုကရေစီဆိုင်းဘုတ်အောက်မှာ ရှိရမည့် ရတနာတွေပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမည်ပေးထားတဲ့ ဒီမိုကရေစီပါတီကြီးကမှ တရားဥပဒေစိုးမိုးရေးကို အလေးမထားဘူး စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် မြန်မာပြည်ရဲ့ အနာဂတ်ကို ဘယ်လိုမှ တွေးလို့မရနိုင်တော့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်မှန်သမျှ ဒီမိုကရေစီသဘောတရားကို နားလည်နိုင်အောင် သင်ယူဆည်းပူးကြပါ။ ဒါ့အပြင် ဒီမိုကရေစီသဘောတရားအတိုင်း လိုက်နာကျင့်သုံးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

ဝီရသူ(မစိုးရိမ်)