သတင်း

ဒီမိုကရေစီ(အပိုင်း-၅ နိဂုံး) သခင်ဘသောင်း

၆။ နောင်ရေး မျှော်လင့်ချက်ရှိခြင်းလမ်း

ဒီမိုကရေစီက အချိန်ကာလကိုလိုက်ပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်တာကို အားပေးပါတယ်။ ကြီးပွားတိုးတက်အောင်ကြံစည်သူတွေ ကြိုးစားသူတွေကိုလည်း အားပေးပါတယ်။ ဒီမိုကရေစီစနစ်မှာ သာမန်တိုင်းသူပြည်သားတွေကို ဘာမှမသိတဲ့ နို့စို့ကလေးတွေလို အရူးအပေါတွေလို သဘောမထားပါဘူး။ လူတိုင်းကို ကိုယ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပိုင်ပိုင်နိုင်နိုင်ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေကို ဖန်တီးပေးပါတယ်။ ဒါကြောင့် ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားတဲ့သူတွေ အတွက် အခွင့်အရေးတွေများပါတယ်။ အချောင်သမားတွေ ဘာမှမလုပ်ဘဲ ကြီးပွားချင်တဲ့လူတွေ အကြံသမားကပ်ဖားတွေအတွက်တော့ နေစရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံကို ဘယ်သူတစ်တစ်ဦးတစ်ယောက်ကမှ မပိုင်ဘဲ နိုင်ငံသားတိုင်းက ပိုင်တဲ့အတွက် နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြပါတယ်။

နိုင်ငံသားတိုင်း မိမိတို့ဘဝအတွက် အသက်ဖြစ်တဲ့ နိုင်ငံရေးကိုစိတ်ဝင်စားပြီး ပါဝင်ဆောင်ရွက်ဖို့လိုပါတယ်။ နိုင်ငံရေးဆိုတာ အခြားသူတွေရဲ့ အရေး အစိုးရတစ်ခုတည်းရဲ့အရေးလို့ မမြင်ဘဲ မိမိတို့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုလို သဘောထားရမှာဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေကို စိတ်ဝင်စားမှုမရှိခဲ့ရင် ဒီမိုကရေစီစနစ်ပျောက်ပြီး အာဏာရှင်စနစ်ပြန်ပြီး ခေါင်းထောင်လာတတ်ပါတယ်။ နိုင်ငံရေးနယ်ပယ်ကနေ ယုတ်မာသူတွေ ကောက်ကျစ်သူတွေ အခွင့်အရေးသမားတွေ ပပျောက်သွားဖို့အတွက် အကောင်းဆုံးနည်းတစ်ခုကတော့ နိုင်ငံရေးကိစ္စတွေကို ပြည်သူပြည်သားတိုင်း စိတ်ဝင်စားပြီး ပါဝင်ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ သေရေးရှင်ရေးလောက် အရေးကြီးတဲ့ နိုင်ငံရေးကို နိုင်ငံသားတိုင်းက စိတ်ဝင်စားကြတဲ့အတွက် လူရှုပ်လူပွေတွေ မဲရဖို့လမ်း အာဏာရဖို့လမ်း မရှိတော့ပါဘူး။ ဒါ့ကြောင့် ဒီလိုလူတွေ နိုင်ငံရေးလောကမှာ လူတွင်ကျယ်ဘဝကနေပြီး အလိုလိုပျော်ကွယ် သွားပါလိမ့်မယ်။ ပါဝင်ဆောင်ရွက်တဲ့ နေရာမှာလည်း ဘယ်အတွက်ပဲဖြစ်ဖြစ် အကြမ်းမဖက်ပဲ အနုနည်းနဲ့ ဆောင်ရွက်ကြဖို့ပဲဖြစ်ပါတယ်။ လူမိုက်တွေရဲ့ နည်းဖြစ်တဲ့ အကြမ်းဖက်တဲ့နည်းလမ်းကို မသုံးမိဖို့လိုပါတယ်။ ဒီမိုကရေစီဝါဒဟာ အကြမ်းဖက်တဲ့နည်းလမ်းကို ရှုံ့ချပါတယ်။ ဒီမိုကရေစီကို အလိုရှိတဲ့သူတွေဟာ နိုင်ငံရေးကို မိမိတို့၏ ကိုယ်ရေးကိုယ်တာလို သဘောထားပြီး နေ့စဉ်နှင့်အမျှ စိတ်ဝင်စားပြီး နေကြရပါမယ်။ မိမိတို့ကိုယ်တိုင် စိတ်ဝင်စားရုံတင်မကပဲ သူတစ်ပါးကိုလဲ စိတ်ဝင်စားလာအောင်လို့ လုပ်ရပါမယ်။

၇။ လူတို့အချင်းချင်း အမှီသဟဲပြုရခြင်းလမ်း

လောကမှာ လူတွေဟာ အချင်းချင်း တစ်ဦးနဲ့တစ်ဦး အမှီသဟဲပြုပြီး နေကြရတယ်လို့ ဆိုပါတယ်။ လူတစ်ဦးချင်း တစ်ယောက်ချင်း နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လူတွေဟာ အပြန်အလှန် အမှီသဟဲပြုပြီး နေကြရတာဖြစ်တဲ့အတွက် ငါတကောကောပြီး လုပ်ချင်ရာမလုပ်နိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ ခံစားနိုင်တဲ့ လွတ်လပ်ခြင်းဆိုတာ စည်းမဲ့ကမ်းမဲ့ ဗရမ်းပတာလုပ်နိုင်တဲ့ လွတ်လပ်ခြင်းမျိုးမဟုတ်ပါဘူး။ တကိုယ်ကောင်းမကြံဘဲ သူတပါးရဲ့ အကျိုးကိုလည်း စာနာ ငဲ့ကွက်ကြရပါမယ်။ အများအကျိုးအတွက်ဆိုရင် နောင်လာနောင်သားတွေအတွက်ဆိုရင် မိမိတို့ရဲ့ အကျိုးစီးပွားကိုပါ စွန့်လွှတ်ပေးကြရပါမယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးစီးပွား စွန့်လွှတ်ပေးရခြင်းဟာ စွန့်လွှတ်ပေးရသူအတွက် ချက်ချင်း အကျိုးစီးပွားနစ်နာတယ်ဆိုတာ မှန်ပေမဲ့ ရေရှည်ကျရင်တော့ အများအတွက် အကျိုးများစေတာကို နားလည်သဘောပေါက်ကြရပါမယ်။

အခန်း ၅။

နိဂုံးချုပ်

ဒီမိုကရေစီဆိုတာကို လူတိုင်းကြားဖူးကြပေမဲ့ တကယ်တမ်းတော့ ဒီမိုကရေစီဝါဒရဲ့ အစစ်အမှန်သဘောတရားကို နားလည်သဘောပေါက်ပြီး ကျင့်ကြံနိုင်တဲ့လူတွေ များပြီလို့ မဆိုနိုင်သေးပါဘူး။ တစ်ချို့လူတွေဟာ ဒီမိုကရေစီဆိုတဲ့ နာမည်ကိုသုံးပြီး ဒီမိုကရေစီရဲ့ အနှစ်အရသာ သဘောနှင့် ဖီလာဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်ဆောင်နေကြတဲ့အတွက် ဒီမိုကရေစီဟာ နာမည်မပျက်သင့်ပဲ နာမည်ပျက်နေရပါတယ်။ ဒီမိုကရေစီသဘောနှင့် ပတ်သက်ပြီး မှတ်သားထားသင့်တဲ့ အရေးကြီးတဲ့အချက်တစ်ချို့အတွက်ကတော့

၁။ လူမှန်သမျှကို အယုတ်အလတ်အမြတ်မရွေး တန်ဖိုးထားတယ်။

၂။ လူမှန်သမျှကို တူညီတဲ့အခွင့်အရေး ရပိုင်ခွင့်ရှိတဲ့ ရှင်ဘုရင်တွေပဲလို့ ယူဆတယ်။

၃။ တိုင်းပြည်ကိုအာဏာရှင်တစ်ယောက် ဒါမှမဟုတ် အာဏာရှင်အဖွဲ့ တစ်ဖွဲ့တည်းက မပိုင်ပဲ နိုင်ငံသားတိုင်းကပိုင်တယ်။

၎။ အစိုးရဆိုတာ ကိုယ်လုပ်ချင်ရာကို တရားလက်လွတ်လုပ်နိုင်တဲ့ လူတွေမဟုတ်ဘူး။

၅။ နိုင်ငံသားတိုင်း ကိုယ်သဘောမကျတဲ့ အစိုးရ ဒါမှမဟုတ် ပါတီကို မဲမပေးဘဲ ဖြုတ်ချနိုင်ပါတယ်။

၆။ နိုင်ငံသားတွေရဲ့ မွေးရာပါအခွင့်အရေးတွေကို ဘယ်သူကမျှ ပိတ်ပင်တားဆီးပိုင်ခွင့် မရှိပါဘူး။

၇။ တရားဥပဒေမှာ ဟိုလူတွေအတွက်တော့ ဥပဒေတမျိုး၊ ဒီလိုလူတွေအတွက်တော့ ဥပဒေတမျိုးရယ်လို့ ဥပဒေနှစ်မျိုးမရှိပါဘူး။ လူတွေအားလုံးအတွက် ဥပဒေဆိုတာ တမျိုးတည်းပဲရှိပါတယ်။ ငွေများ တရားနိုင်တယ်ဆိုတာ ဒီမိုကရေစီစနစ်မှာ မရှိပါဘူး။

၈။ ရွေးကောက်ပွဲတွေမှာ ဟိုလူကိုကြောက်ရ၊ ဒီလူကိုကြောက်ရနဲ့ မဲပေးစရာမလိုပဲ မိမိကြိုက်ရာကို မဲပေးနိုင်ပါတယ်။

၉။ တရားဥပဒေကို အစိုးရဆိုတဲ့လူတွေတောင် မလွန်ဆန်နိုင်ပါဘူး။

၁၀။ နိုင်ငံသားအချင်းချင်း ဆက်ဆံရာမှာပဲဖြစ်ဖြစ် အစိုးရပြည်သူတွေကို ဆက်ဆံရာမှာပဲဖြစ်ဖြစ် အကြမ်းဖက်တဲ့နည်းလမ်းကို မသုံးရပဲ ဥပဒေအတိုင်း အနုနည်းကိုသာ သုံးကြရပါတယ်။

၁၀။ ပြည်သူပြည်သားတွေထဲမှာ ချမ်းသာတဲ့သူက ထားစရာမရှိအောင် အရမ်းချမ်းသာပြီး ဆင်းရဲတဲ့သူက စားစရာမရှိအောင် အရမ်းဆင်းရဲနေတာမျိုး မရှိရပါဘူး။ အဲဒီလောက် ဆင်းရဲချမ်း၉သာ မကွာဟရပါဘူး။

၁၂။ ပြည်သူပြည်သားတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေနိုင်ရေးအတွက် အစိုးရဟာ ကာကွယ်စောင့်ရှောက်ပေးရပါမယ်။

ပြည်သူပြည်သားတွေဟာ မိမိတို့ရဲ့ စိတ်ချမ်းသာခြင်း ကိုယ်ချမ်းသာခြင်းတွေကို ဆောင်ကျဉ်းပေးနိုင်တဲ့ ဒီမိုကရေစီရဲ့ စစ်မှန်တဲ့သဘောကို မရေးမတွက်နိုင်အောင် နှလုံးသွင်းပြီး ဒီမိုကရေစီရဲ့ သဘောနှင့်အညီ နေထိုင်ကျင့်ကြံဖို့လည်း လိုပါတယ်။ ဒီမိုကရေစီကို လိုချင်ရင် ကိုယ့်ဘာသာကို လုပ်ဆောင်ကြရပါမယ်။ ဘယ်သူကမှလာပြီး ဒီမိုကရေစီဆိုတာကို ပေးကမ်းစွန့်ကြဲမှာမဟုတ်ပါဘူး။ ဒီမိုကရေစီဆိုတာ ပေးပါ သနားပါ ကယ်တင်ပါဆိုပြီး လက်ဝါးဖြန့်တောင်းလို့ရတဲ့အရာမျိုး မဟုတ်ပါဘူး။ ကိုယ်တိုင်ကျင့်သုံး ဆောင်ရွက်မှသာ အောင်မြင်နိုင်မှာပါ။ ဘယ်သူကိုမှ ကယ်တင်ရှင်လိုမျိုး စောင့်ဆိုင်းနေစရာမလိုပါဘူး။

လောကမှာ နေထိုင်ကြတဲ့ လူတိုင်းဟာ စိတ်သဘောထားကောင်းတဲ့လူတွေချည်း မဟုတ်တဲ့အတွက် ဒီမိုကရေစီစနစ်ရဲ့ အဖျက်သမားတွေကိုလည်း သတိထားကြရမှာဖြစ်ပါတယ်။ ငါကောင်းရင်ပြီးရော သူတပါးဘာဖြစ်ဖြစ်ဆိုတဲ့သူတွေဟာ ဒီမိုကရေစီစနစ်ရဲ့ မာရ်နတ်တွေပါပဲ။ အာဏာရှင်စနစ်ဆိုတာဟာ ဒီလိုလူတွေကြောင့် ဖြစ်လာတာပါ။ ဒီလိုလူတွေကြောင့်ပဲ သက်ဆိုးရှည်နေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ဝါဒသမားတွေရဲ့ ထောင်ချောက်တွင်း မရောက်စေဖို့အတွက် မိမိတို့ရဲ့ အသက်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သလိုမျိုး ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ဖို့လိုကြောင်း တိုက်တွန်းလိုက်ရပါတယ်။ ။