သတင်း

ဒီမိုကရေစီ(အပိုင်း-၂) သခင်ဘသောင်း

အခန်း ၃။

ဒီမိုကရေစီစနစ်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေ ရေးဆွဲပြီးရင်နောက် အရေးကြီးဆုံးအလုပ်ကတော့ ရွေးကောက်ပွဲတွေ ကျင်းပခြင်းပါပဲ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲတွေမှာ သူတို့ရဲ့ ကိုယ်စားလှဝ်တွေကို ဆန္ဒမဲတွေနဲ့ ရွေးချယ်ကြပါတယ်။ ဒီ ကိုယ်စားလှယ်တွေကမှတဆင့် သူတို့အားလုံး လိုက်နာရမယ့် တခြားဥပဒေတွေကို ရေးဆွဲပြဋ္ဌာန်းကြရပါတယ်။ ဒါကြောင့် ဒီကိုယ်စားလှယ်တွေ ပြုလုပ်တဲ့ ဥပဒေတွေဟာ သူတို့ကိုယ်တိုင်ပြုလုပ်တဲ့ ဥပဒေတွေလိုပါပဲ။ ပြည်သူတွေအားလုံးကလည်း ဒီဥပဒေတွေကို လိုလိုချင်ချင် လိုက်နာကြပါတယ်။ ဒါပေမယ့် ဥပဒေပြုတဲ့အဖွဲ့ဟာ ဥပဒေတွေကို အရမ်းကာရော မသတ်မှတ်နိုင်ပါဘူး။ နိုင်ငံသားတွေရဲ့ မွေးရာပါခွင့်အရေးတွေ အခြေခံရပိုင်ခွင့်တွေကို ထိခိုက်နစ်နာနိုင်တဲ့ ဥပဒေတွေကို မရေးဆွဲ မသတ်မှတ်နုင်ပါဘူး။ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံကိုအုပ်ချုပ်မဲ့ သမ္မတကို ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ခန့်ထားကြပါတယ်။ ဒါကြောင့် နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ပြည်သူတွေကသာပိုင်တာပါ။ ဘယ်အဖွဲ့အစည်းကမှ နောက်ကနေ ကြိုးကိုင်လို့ မရပါဘူး။ ဒီမိုကရေစီစနစ် စစ်မစစ်ဆိုတာကို အစိုးရအဖွဲ့ဟာ ပြည်သူတွေရဲ့ အခိုင်းခံလိုမျိုး ကျင့်ကြံမကျင့်ကြံဆိုတာနဲ့ တိုင်းတာနိုင်ပါတယ်။ သမ္မတဆိုတာ မိမိကိုမိမိ ရှင်ဘုရင်လို၊ အာဏာရှင်လိုမျိုး မမှတ်ယူရပါဘူး။

မိမိတို့ရဲ့အာဏာကို တခြားသူတပါးကို လွှဲအပ်တဲ့ ရွေးကောက်ပွဲတွေဟာ သာမန်ပြည်သူတွေအတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ မိမိတို့ရဲ့ ဆန္ဒမဲတွေကိုလည်း ကိုယ်ကြိုက်နှစ်သက်တဲ့သူကိုသာ လွတ်လွတ်လပ်လပ် ပေးဖို့လည်းလိုပါတယ်။ အဂတိလိုက်စားပြီး မဲပေးတာဟာ ကိုယ့်ဘဝကို ကိုယ်ရောင်းစားတာနဲ့တူပါတယ်။ စက်ဆုတ်ရွံရှာစရာကောင်းပါတယ်။ အာဏာရှင်နိုင်ငံတွေမှာတော့ ပြည်သူတွေဟာ ဆန္ဒမဲကို ကိုယ်ပေးချင်တဲ့လူကို မပေးနိုင်ပါဘူး။ ခိုင်းစေရာကိုသာ မလုပ်ချင်လုပ်ချင်နဲ့ လိုက်ပြီးလုပ်ကြရပါတယ်။ ဒါကြောင့် အာဏာရှင်နိုင်ငံက လူတွေဟာ လူဖြစ်ရကျိုးမနပ်ဘူးလို့ ဆိုနိုင်ပါတယ်။ ငရဲကျသလိုနဲ့ တူပါတယ်။ ဒီမိုကရေစီမရှိတဲ့ နိုင်ငံတွေဟာ လောကငရဲနဲ့ တူပါတယ်။ အာဏာဟာ လူတွေကို ဖျက်ဆီးတတ်တဲ့ သဘောရှိပါတယ်။ အာဏာဟာ သေးငယ်ရင် နည်းနည်းဖျက်ဆီး တတ်ပြီး အာဏာကြီးရင်တော့ အများကြီး ဖျက်ဆီးတတ်ပါတယ်။ အကြွင်းမဲ့ အာဏာကတော့ အကြွင်းမဲ့ ဖျက်ဆီးခြင်းကို ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ အာဏာအမြဲမပေးမိဖို့နဲ့ အကြွင်းမဲ့အာဏာ မပေးမိဖို့လိုပါတယ်။

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ပြည်သူပြည်သားတွေဟာ မိမိတို့သဘောမကျတော့တဲ့သူတွေ ဒါမှမဟုတ် အာဏာကို အလွဲသုံးစား လုပ်တဲ့သူတွေကို ဆန္ဒမဲလက်နက်နဲ့ပြန်ပြီးဖြုတ်ချ ဖယ်ရှားနိုင်တဲ့အတွက် တော်လှန်ပုန်ကန်ဖို့ မလိုပါဘူး။ အစိုးရမကောင်းရင်တော့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တာဝန်ပဲဖြစ်ပါတယ်။ မဲဆန္ဒရှင် ပြည်သူတွေဟာ ပေါ့လျော့ပြီး ယုတ်မာတတ်တဲ့ သူကိုမဲပေးမိပြီး အဲဒီလူတွေ အစိုးရဖြစ်လာရင် မိမိကိုယ်ကိုသာ အပြစ်တင်ဖို့ပဲရှိပါတယ်။ ဒါကြောင့် မဲဆန္ဒရှင် သာမန်ပြည်သူတွေဟာ မပေါ့လျော့ဖို့နဲ့ တတ်သိနားလည်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီမိုကရေစီစနစ် ပျက်စီးပြီး အာဏာရှင်စနစ်ကို ပြန်ရောက်သွားရင် မိမိတို့ရဲ့ဘဝ ဆုံးရှုံးခြင်းပဲလို့ ဆိုချင်ပါတယ်။
ဒီမိုကရေစီစနစ်ရဲ့ အသက်ဖြစ်တဲ့ ရွေးကောက်ပွဲတွေကို သန့်ရှင်းပြီး တရားမျှတအောင် လုပ်ထားကြရပါမယ်။ မဲပေးပွဲတွေမှာ လက်နက်အားကိုးပြီး ခြောက်လှန့်မဲမတောင်းရပါဘူး။ ပိုက်ဆံ တန်စိုးလက်ဆောင်တွေ သုံးပြီးလည်း မဲရအောင် မလုပ်ရပါဘူး။ ရွေးကောက်ပွဲတွေနဲ့ မဲရေတွက်တဲ့ နေရာတွေမှာ ဘယ်သူမှမယုံမကြည်မဖြစ်ရလေအောင် လ်ုပဆောင်ထားကြရပါမယ်။

ဒါ့အပြင် ရွေးကောက်ပွဲတွေမှာ ပြည်သူတွေဟာ ကိုယ်မကြိုက်တဲ့ ကိုယ်စားလှယ်တွေကို လွတ်လွတ်လပ်လပ် အပြစ်တင်ပြောဆိုခွင့် ရှိရပါမယ်။ ကြိုက်တဲ့လူကိုလည်း လွတ်လွတ်လပ်လပ် ထောက်ခံပြောခွင့်ရှိပြီး မဲပေးချင်တဲ့လူကို မဲပေးခွင့်ရှိရပါမယ်။ အလုပ်ရှင် သူဌေးတွေကလည်း ကိုယ့်ရဲ့ဝန်ထမ်းတွေ အလုပ်သမားတွေကို ဘယ်သူ့ကို မဲပေးရမယ်။ မပေးရင် အလုပ်ဖြုတ်ပစ်မယ်ဆိုပြီး ခြောက်လှန့်ပြီး မဲမပေးခိုင်းရပါဘူး။ ဒါပေမယ့် မဲပေးအောင်လို့တော့ မေတ္တာရပ်ခံပိုင်ခွင့်ရှိပါတယ်။ ကိုယ်မဲပေးချင်တဲ့လူကို မဲပေးနိုင်ရုံတင်မကပဲ ကိုယ်တိုင်လည်း ရွေးကောက်ပွဲတွေမှာဝင်ပြီး အရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ အာဏာရှင်နိုင်ငံတွေမှာတော့ ကိုယ်မဲပေးချင်တဲ့လူကို မဲမပေးနိုင်ပဲ အာဏာရှင်တစ်ယောက် ဒါမှမဟုတ် အာဏာရှင်တစ်စုကိုသာ ဟန်ပြမဲပေးကြရပါတယ်။ ဒါကြောင့် ဒီမိုကရေစီမရှိတဲ့နိုင်ငံတွေမှာ လူဖြစ်ရတဲ့သူတွေဟာ လူဖြစ်ရကျိုးမနပ်ဘူးလို့ ဆိုနိုင်ပါတယ်။

အခန်း ၄။

လမ်း(၇)သွယ်

လူ့လောကမှာ ချမ်းသာတဲ့လူတွေထက်စာရင် ဆင်းရဲတဲ့လူတွေက ပိုပြီးများတာကို တွေ့ရပါမယ်။ ဒီမိုကရေစီဝါဒဟာ ဆင်းရဲတဲ့လူတွေကို ချမ်းသာအောင်၊ ဆင်းရဲတွင်းက လွတ်ကင်းအောင် အလိုအလျောက်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီမိုကရေစီဝါဒကတော့ ဆင်းရဲတွင်းကနေ လွတ်ကင်းအောင်တော့ လမ်းပြပေးနိုင်တဲ့ဝါဒဖြစ်ပါတယ်။ ဒီမိုကရေစီက လူတွေအတွက် လမ်း ၇ သွယ်ကို ညွှန်ပြပေးထားပါတယ်။ အဲဒီ လမ်း၇သွယ်ကတော့

၁။ လူတိုင်းလူတိုင်းကို လေးစားခြင်းလမ်း

၂။ လူတိုင်းအခွင့်အရေး တူညီခြင်းလမ်း

၃။ လူတိုင်း၏ရပိုင်ခွင့်များလမ်း

၎။ လွတ်လပ်မှုရှိခြင်းလမ်း

၅။ အများသဘောကျ အုပ်ချုပ်ခြင်းလမ်း

၆။ နောင်ရေးမျှော်လင့်ချက်ရှိခြင်းလမ်း

၇။ လူအချင်းချင်း အမှီသဟဲပြုရခြင်းလမ်းတို့ဖြစ်ပါတယ်။

၁။ လူတိုင်းလူတိုင်းကို လေးစားခြင်းလမ်း

လူသားအားလုံးရဲ့ဘဝတွေကို လေးစားတာဟာ ဒီမိုကရေစီဝါဒရဲ့ ရေသောက်မြစ်ပဲဖြစ်ပါတယ်။ လောကမှာ အဖိုးမတန်တဲ့ အသုံးမကျတဲ့လူရယ်လို့ မရှိပါဘူး။ ဒါကြောင့် လူတိုင်းလူတိုင်း မိမိကိုယ်ကို ရိုသေလေးစားကြရပါမယ်။ ပြီးတော့ သူများတွေကိုလည်း မိမိကိုယ်မိမိ လေးစားတန်ဖိုးထားတဲ့အတိုင်း လေးစားတန်ဖိုးထားရပါမယ်။ မိမိကိုယ်မိမိ လေးစားရမှန်းမသိတဲ့သူကို ဘယ်သူကမှလာပြီး တန်ဖိုးထားလေးစားမှာ မဟုတ်ပါဘူး။ မိမိကို သူတစ်ပါးလေးစားစေချင်ရင် ကိုယ်ကိုတိုင်ကလည်း သူတစ်ပါးကို လေးလေးစားစား ဆက်ဆံရပါမယ်။ ဒီမိုကရေစီမဟုတ်တဲ့ အာဏာရှင်ဝါဒကတော့ လူတိုင်းလူတိုင်းကို ရိုသေလေးစားရမယ်လို့ သဘောမထားပါဘူး။ လူတစုကိုသာ ရိုသေလေးစားရမယ်လို့ ဆိုပါတယ်။ အဲဒီလူတစုကသာ ချုပ်ချယ်လွှမ်းမိုးနေပြီး တစ်ခြားလူအများက လူစာရင်းမဝင်ဘဲ နေကြရပါတယ်။ လူတစုကောင်းစားဖို့အတွက် လူအများက လူရာမဝင်ဖြစ်နေတာတွေ ဘယ်သူတွေ ဘာဖြစ်နေနေ ငါကောင်းစားရင်ပြီးရောဆိုတဲ့ သဘောထားတွေကို ဒီမိုကရေစီစနစ်က လက်မခံပါဘူး။ အဲဒီတော့ ငါနှင့်ငါသာနှိုင်းစရာ ငါသာလျှင် အတော်ဆုံးဆိုတဲ့ လူစားမျိုးတွေကတော့ လူတိုင်းလူတိုင်းကို လေးစားတန်ဖိုးထားတဲ့ ဒီမိုကရေစီစနစ်ကို သဘောကျလိမ့်မှာ မဟုတ်တာသေချာပါတယ်။ ဒီမိုကရေစီစနစ်က လူတိုင်းလူတိုင်းကို မျှတတဲ့ အခွင့်အရေးလည်း ပေးတဲ့အတွက် လူတိုင်း အစွမ်းအစရှိရင် ရှိသလောက် တိုးတက်ကြီးပွားနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ဆင်းရဲလို့ ပညာဆက်သင်ချင်လျှက်နဲ့ သင်ခွင့်မရတာမျိုးကို မဖြစ်ရလေအောင် စီစဉ်ထားကြပါတယ်။ ဒါကြောင့် ဆင်းရဲတဲ့ မိသားစုက ကလေးတွေတောင် အများနည်းတူ ပညာသင်ကြားခွင့်ရပြီး ကြီးပွားချမ်းသာလာနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူတွေကလည်း မိမိအပြင် အခြားသူတွေ ကြီးပွားတိုးတက်အောင် ကူညီအားပေးကြပါတယ်။ အများကောင်းစားမှ ငါတို့လည်းကောင်းစားနိုင်မယ်လို့ ယုံကြည်ယူဆကြပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာ ကိုယ့်ရဲ့ အသက်စည်းစိမ် လုံခြုံဖို့အတွက် မစိုးရိမ်မကြောင့်ကျရပါဘူး။ ညကြီးအချိန်မတော် ရဲက အကြောင်းမဲ့လာပြီး ဖမ်းမှာလည်း မပူရပါဘူး။ လူကို တိတ်တိတ်လေး လာဖမ်းသွားပြီး လူမသိ သူမသိ အပြစ်ပေးမှာကိုလည်း မကြောက်ရပါဘူး။ ဖမ်းချင်သလိုဖမ်း စစ်ချင်သလိုစစ် အပြစ်ပေးချင်သလိုပေးတာဟာ ဒီမိုကရေစီစနစ်ရဲ့ သဘောမဟုတ်ပါဘူး။ ကောင်းတဲ့အလုပ်ပင် ဖြစ်အုံးတော့ အတင်းအကြပ်လုပ်ခိုင်းတဲ့နည်းကို ဒီမိုကရေစီက လက်မခံပါဘူး။ အတင်းအကြပ်လုပ်အားပေးခိုင်းတာမျိုး သဘောမကျပါဘူး။

ဒီမိုကရေစီဆိုတာ လူအများကို အကျိုးသင့် အကြောင်းသင့် ဆင်ခြင်သုံးသပ်တတ်အောင် သင်ပေးဖို့ အားပေးတဲ့ဝါဒသာ ဖြစ်ပါတယ်။ အကြောင်းကိစ္စတစ်ခုပေါ်လာရင်လည်း အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး လူတွေအားလုံး နားလည်သဘောပေါက်လာအောင် အကြိမ်ကြိမ်အခါခါ ပြောဆိုဆွေးနွေးဖို့လည်း အားပေးပါတယ်။ စေ တလုံးကိုသုံးပြီး အာဏာပြတဲ့ဝါဒမဟုတ်ပါဘူး။ ဖျောင်းဖျခြင်း နားချခြင်းတွေကို သုံးတဲ့ မေတ္တာရပ် ဝါဒသာလျှင်ဖြစ်ပါတယ်။

ဒါ့ပြင် လူတစ်ယောက်ကို အလုပ်ရှင်ကဖြစ်ဖြစ် အစိုးရကဖြစ်ဖြစ် အကြောင်းမရှိဘဲ အလုပ်ဖြုတ်ပစ်လို့ မရပါဘူး။ အလုပ်လက်မဲ့တွေ ဝင်ငွေမလုံလောက်တဲ့လူတွေကိုလဲ ကူညီစောင့်ရှောက်ပေးရပါမယ်။ အလုပ်လက်မဲ့တွေအတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေကို ဖန်တီးပေးရပါမယ်။ ဒါကြောင့် ဝမ်းရေးအတွက် ပြည်ပကိုသွားပြီး အလုပ်လုပ်စရာမလိုတော့ပါဘူး။

၂။ လူတိုင်းအခွင့်အရေး တူမျှခြင်းလမ်း

ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ အသက်ရှင်ရမှု လွတ်လပ်စွာနေရမှု ချမ်းသာသုခရွာဖွေမှုတွေဟာ လူတွေရဲ့ မွေးရာပါအခွင့်အရေး ရခိုင်ခွင့်တွေပဲ ဖြစ်ပါတယ်။ ဒီလိုရပိုင်ခွင့်တွေကို တခြားဘယ်သူကမှ ဖျက်ဆီးရုပ်သိမ်းပိုင်ခွင့် မရှိပါဘူး။ ဒီမိုကရေစီက လူတိုင်းလူတိုင်း တူညီတဲ့အခွင့်အရေးတွေ ရှိတယ်လို့ ယူဆပေမယ့်လို့ ကွပြားခြားနားတဲ့ အသိဉာဏ် စွမ်းရည်တွေရှိတာကိုလည်း အသိအမှတ်ပြုပါတယ်။ လူတန်းစားခွဲခြားပြီး ဆက်ဆံတာဟာ လူတိုင်းတူညီတဲ့ အခွင့်အရေးတွေ ရှိရမယ်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားနဲ့ ဆန့်ကျင်ပါတယ်။

ဒီမိုကရေစီသဘောတရားက လူတန်းစားတမျိုးက အခြားလူတန်းစားတမျိုးထက် အခွင့်အရေးပိုယူတာကို သဘောမတူပါဘူး။ ဒီမိုကရေစီနိုင်ငံတွေမှာ လူတိုင်း တစ်မဲစီ ပေးပိုင်ခွင့်ရှိပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ ညီမျှတဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဘယ်သူမှ နှစ်မဲ သုံးမဲ ပေးပိုင်ခွင့်မရှိပါဘူး။ မဲပေးရင်လည်း လွတ်လွတ်လပ်လပ် ကိုယ်ပေးချင်တဲ့လူကို ပေးနိုင်ပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲတွေကို လူတိုင်းက စိတ်ဝင်စားကြပါတယ်။ မဲပေးပွဲထက် ပိုပြီး အရေးကြီးတဲ့ အလုပ်မရှိပါဘူး။ မဲပေးတာဟာ ကိုယ့်မှာ လူ့တန်ဖိုးရှိတယ်ဆိုတာကိုပြတာပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာမဲပေးခွင့်မရှိတဲ့ နိုင်ငံဟာ ဒီမိုကရေစီမဟုတ်ပါဘူး။ အကျဉ်းထောင်ပဲ ဖြစ်ပါတယ်။