ဂျာနယ်သတင်းအင်တာဗျူး

ဒီအစိုးရလက်ထက်မှာ အမျိုးသားရေးအကျပ်အတည်း အတွေ့ဆုံးကာလပေါ့ (ဆရာတော်ဦးဝီရသူနှင့် တွေ့ဆုံခြင်း)

မြန်မာ့ဥဒါန်းဂျာနယ်ကနေ ဆရာတော်ဦးဝီရသူနဲ့ ဆက်သွယ်မေးမြန်းပြီး လတ်တလောဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် ဆရာတော်ရဲ့ သုံးသပ်ချက်နဲ့အတူ အပတ်စဉ်ဖော်ပြပေးနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ဆရာတော်ရဲ့ လှုပ်ရှားမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သတင်းအချက်အလက်တွေနဲ့အတူ သတင်းတွေအပေါ် ဆရာတော်ဦးဝီရသူရဲ့ သုံးသပ်ချက်တွေနဲ့အတူ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

မေး – ပထမဆုံးအနေနဲ့ ဒီမိုကရေစီအစိုးရကောင်းမှုတော်ဆိုတဲ့ ဗီနိုင်းတွေ သဟာယစာဖတ်ဝိုင်းအနီးမှာ ချိတ်ဆွဲတာတွေ့ရပါတယ်ဘုရား။
အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းကြောင့် ချိတ်ဆွဲဖြစ်တယ်ဆိုတာလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ – လွတ်လပ်စွာဟောပြောခွင့်တို့၊ လွတ်လပ်စွာရေးသားခွင့်တို့၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်တို့၊ လွတ်လပ်စွာ ချီတက်လမ်းလျှောက်ခွင့်တို့ လူ့အခွင့်အရေးကြွေးကြော်ပြီးတက်လာတဲ့ ဒီအစိုးရလက်ထက်ကျမှပဲ ၀ီရသူတို့တရားပွဲအပိတ်ခံရ၊ မဘသအဖွဲ့ကြီးလည်းအဖျက်ခံရ၊ အတုမရှိဂျာနယ်၊ အောင်ဇေယျတုဂျာနယ်တို့လည်း အပိတ်ခံရ၊ ဒီကုသိုလ်ကောင်းမှုက နည်းတဲ့ကုသိုလ်ကောင်းမှုမဟုတ်ဘူး။
အရပ်သားဒီမိုကရေစီအစိုးရပဲ ပြုလုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှုပဲ၊ အရပ်သားတစ်ပိုင်း စစ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရတောင် ဒီလိုကုသိုလ်ကောင်းမှုမျိုး မဆည်းပူးနိုင်ခဲ့ဘူးလေ။ ဒါကြောင့် သူတို့ရဲ့ကုသိုလ်ကောင်းမှုကို ရင်ထဲမှာ အသည်းထဲမှာ မှတ်ကျောက်တင်တဲ့အနေနဲ့ အဲဒါလေးကို အမှတ်တရ ချိတ်ဆွဲထားလိုက်တာပေါ့လေ။

မေး – အရှင်ဘုရားရဲ့ ဖေ့ဘွတ်ခ်အကောင့်ကိုပိတ်ဖို့ဆိုပြီး လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုတွေ တွေ့ရပါတယ်ဘုရား။
တစ်ဖက်မှာလည်း We Love Wira Thu ဆိုပြီး အရှင်ဘုရားကို ထောက်ခံတဲ့လက်မှတ်တွေ ကောက်တယ်ပေါ့ဘုရား။ တစ်ဖက်နဲ့တစ်ဖက် အပြစ်တွေတင်နေတာ၊ ဓမ္မာသောက ဖြစ်နေတာတွေကို ဘယ်လိုပြေငြိမ်းအောင် လုပ်ကြမလဲဘုရား။

ဖြေ – အဓိကကတော့ အဝေဖန်ခံနိုင်ဖို့ပဲ။ သူတို့တတွေက ဒီမိုကရေစီလို့လည်း ပြောထားသေးတယ်။ ကွဲလွဲမှုကိုလည်း လက်မခံဘူး။
အပြုသဘောနဲ့ထောက်ပြလည်း မကြိုက်ဘူး၊ ဝေဖန်တာတွေကိုလည်း လက်မခံဘူး။
အမျိုးသားရေးဆရာတော်တွေက ဆဲတာတောင်ခံနိုင်တယ်၊ ခြိမ်းခြောက်တာတောင်ခံနိုင်တယ်။
အဲတော့ ဓမ္မာသောကမဖြစ်အောင် ဒီမိုကရေစီအင်အားစုအားလုံးက အဝေဖန်ခံနိုင်ဖို့လိုတယ်။ ဒါပါပဲ။

မေး – အမျိုးသားရေးလုပ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ စိတ်ပျက်ရတာတွေရှိလားဘုရား။
ဥပမာ-ငုံးဥပြုတ်သည်ပြဿနာတို့၊ အစိုးရဖြုတ်ချရေး ဆန္ဒပြပွဲတို့၊ မဘသနာမည်ပြောင်းခံရတာတွေတို့ပေါ့ဘုရား။

ဖြေ – ဒီအခက်အခဲတွေ အမြဲတမ်းကြုံနေရတာဆိုတော့ စိတ်ပျက်ပြီး လက်မှိုင်ချကာ တွေဝေနေတာမျိုးတွေတော့ မကြုံမိပါဘူး။
တစ်မျိုးနဲ့ တစ်မျိုးကတော့ စိတ်မကောင်းစရာတွေ ကြုံရတာပေါ့နော်။ ဥပမာဆိုကြပါစို့- သပိတ်စခန်းကို ဒီမိုကရေစီအစိုးရက အကြမ်းဖက်ဝင်စီးတဲ့အခါကျတော့လည်း အစိုးရကို အံ့သြသလို သံဃာလေးတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတာပေါ့။ နောက် မဘသအဖွဲ့ကြီးကို ဖျက်ဆီးမယ်ဆိုတော့လည်း ဖျက်ဆီးဖို့ အမိန့်ပေးတဲ့သူက သူမဟုတ်သလိုနေ၊ ကြားထဲက လူမိုက်ကြီးတစ်ယောက်က အတင်းအဓမ္မသံဃာတော်ကြီးတွေကို အသုံးချ။ အဲဒီလိုမျိုးလုပ်တော့လည်း စိတ်ထဲမှာတစ်မျိုးပေါ့နော်။
နိုင်ငံရေးလှည့်ကွက်တွေမှန်း သိလို့သာ မဟနနဲ့ မဘသ အတိုက်အခံမဖြစ်တာပေါ့နော်။ ပြောရရင် ဒီအစိုးရလက်ထဲမှာ အမျိုးသားရေး အကျပ်အတည်း အတွေ့ဆုံးကာလပေါ့နော့်။ ဒါပေမယ့် စိတ်ဓာတ်ကျတာ စိတ်ပျက်တာတော့ မရှိပါဘူး။

မေး – မျိုးချစ်အင်အားစုတွေအားလုံးကို အရှင်ဘုရားအနေနဲ့ဆိုရင် ဘာတွေလုပ်စေချင်လဲဘုရား။ ဘာတွေကော မလုပ်စေချင်တာလဲဘုရား။ ဘာလမ်းညွှန်ချင်တာများ ရှိမလဲဘုရား။

ဖြေ – မလုပ်စေချင်တာ အရင်ပြောမယ်ဆိုရင် ၆၆(ဃ)နဲ့ အထူးသဖြင့် ဥပဒေနဲ့ မလွတ်ကင်းတဲ့အရေးအသားတွေ မလုပ်စေချင်ဘူး။
ဥပဒေဘောင်အပြင်ဘက် ဆောင်ရွက်ချက်တွေ လှုပ်ရှားမှုတွေ မလုပ်စေချင်ဘူး။ ဥပဒေဘောင်ထဲမှာ ရှိနေပါလျက်နဲ့ နိုင့်ထက်စီးနင်း အနိုင်ကျင့်ခံရတာကို တော်လှန်တာမျိုးကိုတော့ ရဲရဲလုပ်စေချင်တယ်။

မေး – အစိုးရသစ် တာဝန်ယူပြီးချိန်မှာ အောင်မြင်မှုကို လက်ဆုပ်လက်ကိုင်ပြဖို့ အခုချိန်ထိတော့ ခက်ခဲနေတုန်းပဲ ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။
တစ်ခုခုဖြစ်ရင် ဖွဲ့စည်းပုံနဲ့ အရင်အစိုးရအပေါ်မှာလွှဲချတာ၊ နောက် အခက်အခဲကြုံရင် မဘသတွေ၊ မျိုးချစ်တွေလုပ်တာဆိုတဲ့ စွပ်စွဲချက်တွေကို အာဏာရပါတီကို ထောက်ခံသူတွေက ပြောလေ့ရှိနေတာကို တွေ့ရပါတယ်ဘုရား။ အဲဒါတွေဟာ အမှန်တရားနဲ့ ဘယ်လောက်များ နီးစပ်မလဲဘုရား။

ဖြေ – အဲဒါတွေပြောရမယ်ဆိုရင် ထောင်ထဲက အတွေ့အကြုံအရပြောရမှာပဲ။ ထောင်ထဲမှာ အတူနေခဲ့တော့ နိုင်ငံရေးသမားတွေရဲ့ အကြောင်းကို နောကြေလောက်အောင် သိခဲ့တာပေါ့။ သူတို့တတွေက အောင်မြင်ရင် သူများယိုထားတဲ့ ချီးပုံခွထိုင်ပြီး သူတို့ထောက်ခံတဲ့ ပါတီကို တံဆိပ်ကပ်တာပေါ့။ မအောင်မြင်ရင် ကိုယ်လုပ်ထားလည်း သူများကို လွှဲချတာပဲ။
အဲတော့ လွှဲချတာနဲ့ တံဆိပ်ကပ်တဲ့နေရာမှာတော့ ဒီအင်အားစုဟာ အကျွမ်းကျင်ဆုံးပဲ ။ အဲဒီအတိုက်အခံတုန်းက လုပ်ခဲ့တဲ့နည်းတွေကို အစိုးရဖြစ်လာချိန်မှာလည်း ဒီလိုပဲ အသုံးပြုနေတာကို တွေ့ရတာပေါ့။ အမှန်တရားနဲ့ နီးစပ်သလားဆိုတော့ အမှန်တရားနဲ့ မိုးနဲ့မြေကွာခြားနေတာပေါ့နော်။

မေး- ရခိုင်ခရီးစဉ်က ပြန်လာတာဆိုတော့ ရခိုင်ရဲ့ မြေပြင်အခြေအနေရယ်၊ နောက် ဒေသခံတိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်တွေက ဘယ်လိုရှိနေလဲဘုရား။

ဖြေ – ရခိုင်ရဲ့ မြေပြင်အခြေအနေကတော့ နေ့စဉ်သေနတ်ဖောက်သံကြားရမယ်၊ နေ့စဉ် ဖမ်းဆီးရမိတာတွေ ကြားရမယ်။

အဲဒါတွေကတော့ ဒေသခံပြည်သူတွေက ရိုးသလိုဖြစ်နေပြီ၊ သိပ်မတုန်လှုပ်တော့ဘူး။ သေနတ်သံကြားတယ်ဟေ့ဆိုရင် လုံခြုံရေးတွေက အဆင်သင့်ပြင်တယ်၊ ကင်းပုန်းဝပ်တဲ့သူက ၀ပ်တယ်။ ပြည်သူတွေက သတိဝီရယထားတယ် ဒီလောက်ပဲ။

ပြည်သူတွေရဲ့ အခြေအနေကတော့ ဘယ်ဌာနပဲဖြစ်ဖြစ် လုံခြုံရေးကို နံပါတ်တစ် တင်ပြကြတာပေါ့။ ရိက္ခာကို နံပါတ်နှစ်ပေါ့။ လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ စီးပွားရေး၊ ကြီးပွားရေးတွေကိုတော့ နံပါတ်သုံး တင်ပြကြတာပေါ့။
ဒီ ဟိန္ဒူဒုက္ခသည်စခန်းကတော့ စစ်တွေမှာလည်းရှိတယ်၊ မောင်တောမှာလည်းရှိတယ်။ ဒီပွဲမှာ အထိနာဆုံးကတော့ ဟိန္ဒူတွေပဲ။ သူတို့ကတော့ နံပါတ်တစ် လုံခြုံရေးမရှိတဲ့အတွက် ရွာမပြန်ရဲကြတော့ဘူး။ နံပါတ်နှစ် ရွာလုံးကျွတ်မီးရှို့ခံရတဲ့အတွက်ကြောင့် ပြန်မယ်ဆိုရင်လည်း နေစရာမရှိဘူး။ နံပါတ်သုံးက အစိုးရက ဆောက်ပေးလို့ ပြန်နေမယ်ဆိုရင်လည်း သူတို့လုပ်စားနေတဲ့ သမ္မာအာဇီဝ လုပ်ငန်းအသီးသီးက လူသူမရှိတဲ့အခါကျတော့ လုပ်ငန်းတွေ ပျက်သွားပြီပေါ့နော်
ဆိုကြပါစို့- ဆံပင်ညှပ်စားတယ်၊ လူမရှိဘူး ဘယ်သူ့ကို သွားညှပ်မှာတုန်း။ အဲဒါမျိုးတွေ မရှိကြတော့ သူတို့ ဈေးကွက်လေးတွေ ပျက်သွားကြပြီပေါ့။
ဒီအချက်ကြောင့် ဟိန္ဒူဒုက္ခသည်တွေက ဒုက္ခသည်စခန်းမှာ တော်တော်ကြာကြာ သောင်တင်နေဦးမည့် သဘောရှိတာပေါ့နော်။

မေး – ဒီကနေ့ပဲ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရခိုင်အရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီမှာ ငွေတွေလှူတာတွေ့ရပါတယ်ဘုရား။
အစိုးရအနေနဲ့ ဒီငွေတွေကို ဘယ်လိုနေရာမှာ အဓိကထားပြီး အသုံးချသင့်သလဲဘုရား။

ဖြေ – နံပါတ်တစ်ကတော့ ဒီမောင်တောမြို့ကြီးကို စနစ်တကျ မြေပုံပြန်ဆွဲသင့်တာပေါ့။ အများသူငါ သွားလာနေတဲ့ ကားလမ်းတစ်လျှောက်မှာ
အရင်တုန်းက ဘင်္ဂါလီတွေ နေရာယူထားတယ်။ အခု အဲဒါကြီးတွေက မီးလောင်ပြင်ကြီးတွေ ဖြစ်နေပြီပေါ့။ သူတို့တတွေ နေရာယူထားစဉ် ကာလတုန်းက တစ်ယောက်စ နှစ်ယောက်စမပြောနဲ့ ကားတစ်စီးနှစ်စီးသွားရင်ကို ရင်တထိတ်ထိတ်နဲ့ ဖြတ်ကြရတာလေ။ အဲဒီလို နေရာမျိုးတွေမှာ တိုင်းရင်းသားတွေကို ထားရမှာပေါ့။
ပြီးတော့ အနည်းငယ်သော တိုင်းရင်းသားတွေကို များပြားလှတဲ့ ဘင်္ဂါလီတွေက ဒုက္ခမပေးနိုင်အောင် စနစ်တကျ သေနင်္ဂဗျူဟာအကွက်ချပြီးတော့ မြို့ကိုတည်ဆောက်သင့်တာပေါ့။

ရှေးခေတ်က မြို့ကို တည်ဆောက်တဲ့အခါ ကျူံးက ဘယ်လောက်၊ မြို့ရိုးက ဘယ်လောက် မျှော်စင်က ဘယ်လိုဆိုတဲ့ ပုံစံမျိုးတွေပေါ့။
အခုလည်းအဲဒီအတိုင်းပေါ့၊ တိုင်းရင်းသားတွေရဲ့ ရွာတွေမှာ မျှော်စင်တွေထားသင့်တယ်။ အခုလို ကင်းစခန်းတွေကို ဖြစ်သလိုထားသလိုမျိုး မဟုတ်ဘဲ မျှော်စင်တွေနဲ့ တည်ဆောက်သင့်တာပေါ့နော်။

အဲဒီလို အခိုင်အမာတည်ဆောက်ထားမယ်ဆိုရင်တော့ နောင်တစ်ကြိမ် ရဲကင်းတွေ ၀င်စီးဖို့လည်း မဖြစ်နိုင်တော့ဘူး။ ပြည်သူတွေကို ၀င်စီးဖို့လည်း မဖြစ်နိုင်တော့ဘူးလေ။
နောက်တစ်ခုကတော့ ရခိုင်ရွာတွေ တိုးချဲ့ဖို့၊ အခြားရွာသားတွေကို ရခိုင်ရွာတွေကို ပို့ဖို့၊ အဲဒီလို ကိစ္စတွေလည်း လုပ်သင့်တာပေါ့။ အထူးသဖြင့် ဦးစားပေးရမှာက အချုပ်အခြာအာဏာလုံခြုံရေးနဲ့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးပဲလေ။ ဒီအတွက် အသုံးပြုသင့်တာပေါ့နော်။

မေး- ဗုဒ္ဓဘာသာနဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေက ဘယ်လောက်အထိ အပ်စပ်မှုရှိမလဲဘုရား။ ဗုဒ္ဓဘာသာဟာ ဆုတောင်းဆုယူတဲ့ဘာသာမဟုတ်ဘူးဆိုတဲ့သွန်သင်ချက်တွေလည်း ရှိနေတာ့ ဆုတောင်းပွဲတွေနဲ့ ဗုဒ္ဓဘာသာနဲ့ ဘယ်လောက်အထိ အပ်စပ်မှုရှိမလဲဘုရား။

ဖြေ – တကယ်တမ်းပြောရင်တော့ နိုင်ငံရေးအရ ဆုတောင်းပွဲတွေ ကျင်းပနေကြတာပေါ့လေ။ ဗုဒ္ဓဘာသာတရားက ခွင့်ပြု ဆုံးမထားလို့ လုပ်နေကြတာမဟုတ်ဘူးလေ။

ဆုတောင်းတယ်ဆိုတာကတော့ တစ်- ကုသိုလ်ကောင်းမှုလုပ်ရမယ်၊ နှစ် – သဒ္ဓါ၊သီလ၊ သုတ၊ စာဂ၊ ပညာ ဒီတရားတွေ ပြည့်စုံရမယ်။ သုံး-မိမိလိုချင်တဲ့အရာတွေကို ရှေးရှုပြီး ဆုတောင်းရမှာပေါ့လေ။
ဒါကတော့ ဗုဒ္ဓဘာသာတွေရဲ့ ဘုရားအဆုံးအမပေါ့။ ခုဟာက ငြိမ်းချမ်းဖို့ သာယာဖို့ ဆုတောင်းတာထက် သူတို့ရဲ့မယ်တော်ကြီးအပေါ် ကျရောက်နေတဲ့ ဖိအားတွေ လျော့ဖို့အတွက်
ပြယုဂ်တစ်ခုအနေနဲ့ အသုံးချနေကြတာလေ။ အဲဒီလို အသုံးချနေကြတော့ သံဃာတော်တွေကလည်း စိတ်မချမ်းမသာဖြစ်လာကြတာပေါ့။

နောက် ဒီလိုပွဲမျိုးက အသုံးချမှန်းသိလျက်နဲ့ အခွင့်အရေးလိုချင်လို့ အခွင့်အလမ်းတစ်ခုအနေနဲ့ ၀င်ပြီးတော့ နေရာယူတဲ့သူတွေလည်း ရှိတာပေါ့။ သူတို့တွေရဲ့အခွင့်အရေးလက်တစ်ဆုံးနှိုက်မှုကိုလည်း ခံရမှာသေချာတယ်လေ။ အဲတော့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကြီးက လူတစ်ဦးတစ်ယောက်အတွက် လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် တိုင်းပြည်အတွက် သိက္ခာကျတာပေါ့။

မေး – ဒီဆုတောင်းပွဲတွေမှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ ဘာသာခြားခေါင်းဆောင်တွေနဲ့ တန်းညှိတာခံရတယ်ပေါ့ဘုရား။ တစ်ဆက်တည်းမှာ ပွဲတွေ တောက်လျှောက်လုပ်နေတာကြောင့် မဟနရဲ့ သြဇာ ဘယ်လောက်ကျသွားနိုင်သလဲ။

ဖြေ – မဟနကတော့ သာသနာရေးဝန်ကြီးဌာကဆိုတော့ သာသနာရေးဝန်ကြီးအောက်မှာပဲ ရှိမယ်ထင်ပါတယ်။ လျော့ကျဖို့ဆိုတာထက် မကြာမတင်ကာလမှာပဲ မဟနဆိုတာ ပျောက်ကွယ်သွားမယ့်အခြေအနေရှိတာပေါ့ကွာ။

မေး – မဟနနေရာမှာ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးကနေ ကောင်စီဖွဲ့ပြီး သာသနာရေးကိစ္စတွေ ဆုံးဖြတ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေက တကယ်ဖြစ်လာဖို့ ရှိနေတဲ့သဘောမျိုးလားဘုရား။ အရှင်ဘုရား ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- သေချာတာပေါ့၊ ဒီလမ်းကိုခင်းပြီး ဒီအခွင့်အရေးတွေ ပေးနေတာ။

မေး – အမျိုးသားရေးညီအစ်ကို မောင်နှမတွေအတွက် သြ၀ါဒစကားလေး မိန့်ပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးနဲ့ နိုင်ငံရေးဆိုတာ မတူဘူး။ နိုင်ငံရေးဆိုတာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး အစိုးရမကောင်းကြောင်းပြောနေရင် ဖြစ်နိုင်တာမျိုး။
အမျိုးသားရေးဆိုတာ အများကြီးကို ပေးဆပ်ရတာ၊ အဲဒီ ပေးဆပ်တဲ့အထဲမှာ ကာယအားတွေပါတယ်၊ ဥာဏအားတွေပါတယ်၊ ဓနအားတွေပါတယ်၊ ဓမ္မအားတွေပါတယ်။
ဒီအားတွေနဲ့ နိုင်ငံအတွက် ပေးဆပ်နိုင်မှသာလျှင် အမျိုးသားရေးသမားကောင်းတစ်ယောက်ဖြစ်မှာပါ။ ဒါကြောင့် အမျိုးသားရေးသမားကောင်းတစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို အမျိုးသားရေးအတွက် ပေးဆပ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်။