သတင်း

ဦးဝင်းတင်စကားနဲ့ ပြောရရင်တော့ ဒီအစိုးရကို ငါမယုံဘူး ဒါပဲ(အပိုင်း-၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- တစ်လောကပဲ မုံရွာက ဆရာတော်ဦးပညာစက္ကာဘိဝံက အရှင်ဘုရားအကြောင်း ရေးထားတဲ့အထဲမှာပါတဲ့ အစိုးရပထမပြန် စာမေးပွဲတွေမှာ ငယ်ရွယ်ပြီးဆိုးသွမ်းတဲ့ ကိုရင်ဦးဇင်းတွေကို စောင့်ကြည့်ကြပ်မတ်ဖို့အတွက် အရှင်ဘုရားဦးစီးလို့ ဝိသောဓနီအဖွဲ့ဖွဲ့ပြီးလှည့်လည် စောင့်ကြည့်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ခုကော လုပ်သေးလားဘုရား၊ ဘာရည်ရွယ်ချက်ကြောင့် လုပ်ခဲ့တာလဲဘုရား။

ဖြေ- နံပါတ်တစ်အချက်က အဲဒီခေတ်(၂၀၀၀ခုနှစ်ဝန်းကျင်)က တော်တော်ဆိုးတယ်။ ဆယ်တန်းကျောင်းသားတွေ ပုံစံမျိုးကြီးချိုးပြီးတော့ တော်တော်စည်းကမ်းပျက်ကြတာပေါ့နော်။ ဆယ်တန်းကျောင်းသားတွေက ကားပေါ်က စာရွက်တွေကျဲချတယ်ဆိုရင် သူတို့ကလည်းပဲ အဲဒီလိုစာရွက်လေးတွေအဆင်သင့်လုပ်လာပြီး ကျဲချပေါ့၊ ဆယ်တန်းကျောင်းသားတွေက အုပ်လိုက်ကြီး ဆိုင်ကယ်နဲ့ တောင်အော်မြောက်အော်အော်သလို သူတို့ကလည်း ကားခေါင်မိုးပေါ်က တောင်အော်မြောက်အော်အော်ပေါ့နော်။

ကျောင်းသားတွေက အုပ်လိုက်ကြီး သီချင်းဆိုသလို သူတို့ကလည်း ကားပေါ်မှာ လက်ခုပ်တွေတီးပြီး သီချင်းတွေဆိုပေါ့နော်။
ဒါတင် မကတော့ဘဲနဲ့ လမ်းသွားလမ်းလာ ဆိုင်ကယ်တို့ စက်ဘီးတို့တွေ့လို့ရှိရင် တွေ့ကရာနဲ့ ပေါက်ကြတာပေါ့လေ။
အဲဒီမှာ ကွမ်းယာတဲ့ထုံးထုပ်နဲ့ပေါက်လိုက်လို့ အမျိုးသမီးတစ်ဦး မျက်စိကွယ်သွားတယ်ပေါ့။ မျက်စိကွယ်သွားတော့ ဒါကြီးက ပစ်ထားလို့မကောင်းတော့ဘူးလေ။ အဲဒီအချိန်မှာ ဦးဇင်းတို့ဦးစီးပြီးတော့ ဆရာတော်ကြီးကိုလျှောက်တဲ့အခါ ဆရာတော်ကြီးတွေက ဦးဇင်းကို တာဝန်ပေးတယ်ပေါ့။ အဲဒါနဲ့ ဦးဇင်းတို့တတွေ လုပ်လိုက်ကြတာ။ စစ်ဦးဘီလူးဆိုတဲ့ ပုံစံမျိုးတော့ သက်ရောက်သွားတာပေါ့။ ဒါပေမယ့် အဲဒီတုန်းက အမုန်းခံခဲ့ရတာတွေဟာ ဒီကနေ့ နှစ်ဦးနှစ်ဘက်လုံး ကောင်းသွားတာပေါ့။
သာသနာကို အထင်အမြင်သေးခံရတဲ့ ပုံစံမျိုးလည်း မဖြစ်တော့ဘူး။ လမ်းသွားလမ်းလာတွေလည်း ဘေးအန္တရာယ်မတွေ့တော့ဘဲနဲ့ ပြည်သူလူထုလည်းအခုချိန်ထိ စိတ်ချမ်းသာသွားတာပေါ့။ အဲဒီ အကျိုးကျေးဇူးတော့ ခံစားရတာပေါ့။

အဲဒီအချိန်တုန်းက သာသနာတော်ကို အထိအခိုက် မခံလိုတဲ့ ဆန္ဒကကြီးမားနေလို့ ကြမ်းကြမ်းတမ်းတမ်း၊ ပြောမှားဆိုမှားရှိခဲ့တာတွေကိုလည်း စာဖြေသံဃာတော်တွေကို ဒီနေရာကနေပဲ ကာယကံ၊ ၀စီကံနဲ့ ပြစ်မှားမိတာရှိရင် ခွင့်လွှတ်ပါလို့ အနူးအညွတ်တောင်းပန်ပါတယ်လို့ လျှောက်ထားပါရစေ။

မေး – သံဃာတော်တွေနဲ့ မီဒီယာတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အမြင်မကြည်လင်ကြတာတွေရှိတယ်ပေါ့ဘုရား။ နှစ်ဖက်ပြေလည်အောင် ဘာလုပ်သင့်လဲဘုရား။

ဖြေ – သံဃာတော်တွေကတော့ မေတ္တာကရုဏာတွေ အပြည့်အ၀ရှိပြီးသားလေ။ သံဃာတော်တွေက သူ့ကို မစော်ကားဘူးဆိုရင်တော့ ဘာအကြောင်းမှ ဝေဖန်စရာမရှိဘူးပေါ့။ သတင်းအမှန်ကို အမှန်အတိုင်းရေးတယ်၊ ဘက်မလိုက်ဘူး၊ မျှမျှတတရေးတယ်ဆိုရင် သံဃာတော်တွေက အပြစ်ပြောကြမှာမဟုတ်ပါဘူး။ မီဒီယာတွေ ဘက်မလိုက်ဖို့၊ မီဒီယာတွေ မဏ္ဍိုင်ပီသဖို့ပဲ လိုတာပါ။ မီဒီယာတွေက ဘက်မလိုက်ဘူး၊ မဏ္ဍိုင်ပီသမယ်ဆိုရင် သံဃာတော်တွေအားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြမှာပါ။

မေး – နောက်တစ်ခုကတော့ အရှင်ဘုရားရဲ့ ဘ၀ဖြတ်သန်းမှုနဲ့ပတ်သက်ပြီး သိချင်ပါတယ်ဘုရား။ အမျိုးသားနိုင်ငံရေးလို့ ပြောပြော၊ နိုင်ငံရေးလို့ပဲပြောပြော နိုင်ငံရေးကို ဘယ်အသက်အရွယ်လောက်စပြီး အရှင်ဘုရား စိတ်ဝင်စားခဲ့တာပါလဲဘုရား။

ဖြေ – ၈၈၈၈လုံးအရေးအခင်းကတည်းကပါ။ ထဲထဲဝင်ဝင် လုပ်ချင်စိတ်တွေ ကြီးမားလာတာကတော့ ထောင်ကျမှပါနော်။ ထောင်ကျမှ ဦးဇင်းနိုင်ငံရေးကို နဖူးတွေ့ ဒူးတွေ့တွေ့တာပေါ့။ ဟိုအရင်တုန်းကတော့ အမျိုးသားရေး သက်သက်ပဲလေ။
နိုင်ငံရေးမှာ ပရိသတ်တစ်ဦးအနေနဲ့ပဲ ရှိခဲ့တာပါ။ နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းတွေ ဖတ်မှတ်လေ့လာရုံနဲ့ အတိုက်အခံအသိုင်းအ၀ိုင်း သို့မဟုတ် နိုင်ငံရေးသမားတွေကို ထောက်ခံအားပေးတဲ့စိတ် အမှန်တရားကို မြတ်နိုးတဲ့စိတ်၊ နိုင်ငံရေးသမားတွေကို အထင်ကြီးလေးစားတဲ့စိတ်ပဲ နဂိုတုန်းကရှိခဲ့တာပေါ့နော်။ ဒါပေမယ့် နိုင်ငံရေးကို စောက်ချလုပ်ဖို့ စိတ်မကူးခဲ့ပါဘူး။
နိုင်ငံရေးလောကကို ခြေစုံပစ်ဝင်ဖို့ စတင်ပေါ်ပေါက်လာတာကတော့ အိုးဘိုရောက်မှပါ။ အဲဒါ ပြောမယ်ဆိုရင်တော့ ရင်နာစရာဖြစ်နေတာပေါ့နော်။

ဦးဇင်းရယ်၊ ဦးဇင်းအစ်ကိုဝမ်းကွဲရယ် ဒီနှစ်ယောက်ထဲကို မန္တလေးခရိုင်တရားရုံးမှာ ရုံးထုတ်တယ်ပေါ့နော်။ ဦးဇင်းကိုလည်း ကြိုပြောမထားဘူး၊ ဦးဇင်းအစ်ကိုကိုလည်း ကြိုပြောမထားဘူး။ ဦးဇင်းအစ်ကိုလည်း ဦးဇင်းရုံးထုတ်မယ်ဆိုတာ မသိဘူး။ ဦးဇင်းလည်း အစ်ကိုရုံးထုတ်မယ်ဆိုတာမသိဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း အတူမထုတ်ဘူး။

ရုံးထဲရောက်မှ တွေ့ကြတာပေါ့နော်။ တွေ့တော့လည်း လုံခြုံရေးက ၁၀၀ ကျော်ရှိနေပြီး အချုပ်သားက နှစ်ဦးထဲ ဖြစ်နေတာ၊
အဲတော့ ခေါင်းလေးငြိမ့်ပြီး အသိအမှတ်ပြုရုံကလွဲလို့ စကားနဲ့တောင် နုတ်ဆက်ခွင့် မရခဲ့ပါဘူးနော်။ ရှေ့နေငှားဖို့ဆိုတာ ဝေး၊ မိသားစု ခေါ်ဖို့ဆိုတာ ဝေး၊ ကိုယ်ရုံးထွက်ရမှာကိုတောင် ကိုယ်မသိရတဲ့ဘ၀။ အဲတော့ ဒီအချုပ်သားလေးနှစ်ဦးကို SBတွေ၊ ထောက်လှမ်းရေးတွေ၊ ရဲတွေ၊ သူတို့ရဲ့ စွမ်းအားရှင်တွေ အကုန်လုံးဝိုင်းပြီးတော့ စောင့်ကြပ်ထားကြတာပေါ့။ အဲဒီစောင့်ကြပ်ထားတဲ့ ကြားထဲမှာပဲ မဟုတ်မတရား စွပ်စွဲတဲ့သူက စွပ်စွဲ၊ မမှန်မကန် အပြန်အလှန် တိုးတိုးတိတ်တိတ်နဲ့ ခေါင်းချင်းရိုက်နေတဲ့ ဥပဒေအရာရှိတွေက တစ်မျိုးပေါ့နော်။

တရားသူကြီးကတော့ ခေါင်းကိုက်နေပုံရပါတယ်။ ပလာစတာလည်းကပ်ထားတယ်။ ပြီးတော့ စာအိတ်လည်း ဖောက်ဖတ်တယ်ဆိုတော့ သူ့စိတ်ဆန္ဒတော့ ပါပုံမရပါဘူး။ ဒါပေမယ့် ဦးဇင်းမှာ ဘာအတွေးပေါ်လိုက်လဲဆိုတော့ ဒီလိုပုံစုံမျိုးနဲ့ အနိုင်ကျင့်နေခဲ့ကြတာ နှစ်ပေါင်းများစွာ ငါမသိခဲ့ဘူး။

နိုင်ငံရေးသမားတွေးဟာ ငါ့လိုပဲ အနိုင်ကျင့်ခံခဲ့ရတာ။ တရားရုံးဟာ တရားရုံးနဲ့မတူတော့ဘဲနဲ့ လူသတ်ကုန်းကြီးနဲ့ တူနေတာပေါ့။ အဲဒီအချိန်ကစပြီးတော့ ငါ ထောင်က ထွက်လာရင် စစ်အစိုးရကိုတော်လှန်မယ်၊ နိုင်ငံရေးလုပ်မယ်ဆိုတဲ့ ခံယူချက်က ပထမဦးဆုံး ရုံးချိန်းမှာ စတင်ပေါ်ပေါက်ခဲ့တာပေါ့။ အဲဒါက ဦးဇင်းကို နိုင်ငံရေးလုပ်ဖို့အတွက် တွန်းအားပေးလိုက်တဲ့ အတွေ့အကြုံလေးပါ။

မေး- လက်ရှိနိုင်ငံရေး အခင်းအကျင်းမှာရော ဘာတွေက မှားယွင်းနေတယ်လို့ အရှင်ဘုရားမြင်ရလဲဘုရား။

ဖ – မှားယွင်းနေတာတွေကတော့ အများကြီး။ အပိုင်းလေးတွေ ခွဲပြောရမှာပေါ့။ အာဏာတွေ ဆုပ်ကိုင်ထားတဲ့သူက တစ်ကွင်းလုံး ပတ်ကစားနေတယ်။ ဘယ်လောက်ကောင်းတဲ့ တိုက်စစ်မှူးပဲဖြစ်ဖြစ် တစ်ကွင်းလုံးပတ်ကစားနေရင် ဘယ်နည်းနဲ့မှ အနိုင်ဂိုးမသွင်းနိုင်တော့ဘူးလေ။ ဒါက အကြီးအကဲပိုင်းကိုပြောတာပေါ့နော်။ နောက် – ကျန်တဲ့ အစိုးရအကြီးအကဲအချို့ဆိုပြန်ရင်လည်း မောက်မာတာတွေ၊ ဘ၀မေ့တာတွေ၊ အပြောအဆိုမဆင်ခြင်တာတွေ၊ ကြွားလုံးဝါးလုံးတွေသန်တာတွေ၊
ဥပဒေမဲ့ အနိုင်ကျင့်တာတွေ၊ ဘောင်ထဲကနေ ညစ်ပတ်တာတွေ၊ မဏ္ဍိုင်တစ်ခုနဲ့ တစ်ခု ၀င်ရောက်စွက်ဖက်တာတွေ၊
နိုင်ငံရေးကို စီးပွားရေးအရ အသုံးချနေတဲ့ စီးပွားဖြစ်နိုင်ငံရေးလုပ်နေတာတွေ အများကြီးတွေ့တာပေါ့။ ဒါကြောင့် အဲဒါတွေ ပြုပြင်နိုင်မှဖြစ်မှာပါ။ အဲ့ဒါတွေကို မပြုပြင်နိုင်ဘူးဆိုရင်တော့ လာအိုမပြောနဲ့ ကမ္ဘောဒီးယားကိုတောင် အမီလိုက်နိုင်မှာမဟုတ်ဘူးလို့ ပြောရမှာပေါ့နော့။

မေး- အရှင်ဘုရားပြောသွားတဲ့ လွဲချော်နေတာတွေ၊ မှားယွင်းနေတာတွေ၊ လိုအပ်နေတာတွေကို အစိုးရပိုင်းကပြင်ဖို့ ပြည်သူတွေအနေနဲ့ကကော ဘယ်လိုနေရာက နေသင့်လဲဘုရား၊ ဘာတွေလုပ်သင့်လဲဘုရား။

ဖြေ – ပြည်သူတွေက တာဝန်ကျေပါတယ်။ ပြည်သူ့အသံကို နားမထောင်တဲ့သူတွေမှာပဲ တာဝန်ရှိတာ။ တချို့ဆိုရင်လည်း အိမ်တိုင်ရာရောက်ကို သိအောင်သွားပြောကြတာလေ၊ မယ်မင်းကြီးမက တုပ်တုပ်မှ မလှုပ်ဘဲနဲ့။ ပြည်သူတွေက ဘာလုပ်သင့်လဲ မမေးနဲ့။ ပြည်သူတွေက တာဝန်ကျေပြီးသား။ ပြည်သူ့အတွက် လုံးဝစိတ်မ၀င်စားတဲ့ အစိုးရမှာပဲ တာဝန်ရှိတယ်။

မေး – ဒီတစ်ပတ်အတွက် အမျိုးသားရေးညီအစ်ကိုမောင်နှမတွေကို သြ၀ါဒစကားမိန့်ကြားပေးပါဦးဘုရား။

ဖြေ – အမျိုးသားရေးသမားတွေကို ပြောချင်တာက မန္တလေးသပိတ်နဲ့ပတ်သက်ပြီးတော့ ရဟန်းပျိုလေးတွေနဲ့ ကျောင်းဆရာကိုကျော်မျိုးရွှေတို့ အမျိုး ဘာသာ သာသနာအတွက် ပေးဆပ်နေကြတယ်ပေါ့။ အဲဒီလိုပဲ ရန်ကုန်မှာ နောင်တော်ကြီး ဦးပေါမောက္ခတို့၊ ၀င်းကိုကိုလတ်တို့၊ နောင်တော်လေးတို့ တခြားအမျိုးသားရေးသမားတွေ ပေးဆပ်နေကြတယ်ပေါ့။ သူတို့တတွေရဲ့ ပေးဆပ်မှုကို အသိအမှတ်ပြုကြဖို့ပါ၊ သူတို့တတွေရဲ့ မိသားစုကို စာနာဖို့ပါ။ သူတို့တတွေကို ပြန်ကြည့်ကြဖို့ပါပဲ။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။