သတင်းအင်တာဗျူး

နိဗ္ဗာန်ရောက်ကြောင်းတရားမပျောက်ပျက်ဖို့အတွက် အမျိုးသားရေးတရားဟာ လိုအပ်တယ်(၃)

မေး – ဝီရသူချစ်သူများ လှုပ်ရှားမှုက ရန်ကုန်မှာ တစ်သောင်းကျော်၊ မန္တလေးမှာက သုံးသောင်းနီးပါး၊ ကရင် ပြည်နယ်မှာ လေးထောင့်ငါးရာကျော် ရရှိထားပြီလို့သိရပါတယ်။ မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာလည်း ကောက်နေတာ သိရပါတယ်။ လက်မှတ်တွေဟာ မျှော်လင့်ထားတဲ့ အရေအတွက်ရရင် ဘာလုပ်ဖို့ ရှိပါသလဲဘုရား။
ဖြေ – တစ်ယောက်စ နှစ်ယောက်စက မီဒီယာအားကိုးနဲ့ အသရေဖျက်နေတဲ့အချိန်မှာ အများစုက ထောက်ခံပါတယ်ဆိုတာလေးကို မြင်စေချင်တာပါ။
လူအများစု ထောက်ခံမှုရှိပြီး တစ်ယောက်စ နှစ်ယောက်စ ဆန့်ကျင်ကန့်ကွက်တာကိုတော့ တို့ဂေါတမမြတ်စွာဘုရားတောင် မလွန်ဆန်နိုင်ဘူးလေ။ တိတ္ထိတို့ဘာတို့ဆိုတာတွေကတော့ ဘာသာမတူလို့ ဘုရားကိုယှဉ်ပြိုင်တယ်ဆိုတာက နားလည်လို့ရတယ်ပေါ့နော်။ ဘုရားနဲ့ အမျိုးလည်းတော်တယ်၊ ဘုရားရဲ့ တပည့်သာဝကကြီးလည်းဖြစ်တယ်၊ ဒေဝဒတ်လိုပုဂ္ဂိုလ်တွေတောင်မှ ဘုရားကို ကဏ္ဋကောစလုပ်လာတာကိုး။ အဲတော့ တစ်ယောက်စနှစ်ယောက်စဟာ ဒေဝဒတ်အဆင့်ပဲရှိတယ်ဆိုတာကို ပြချင်တာအဓိကပါပဲ။

မေး- ပါရမီပျိုးခင်းသွေးလှူရှင်အသင်းက သွေးလှူတာ ၁၆ ကြိမ်ထိရှိခဲ့ပြီး ၁၇ ကြိမ်မြောက်အဖြစ်လည်း ဇွန် လ ၂၆ ရက်မှာလှူကြဦးမယ်လို့လည်းသိရပါတယ်ဘုရား။ ပါရမီပျိုးခင်းအသင်းကို အရှင်ဘုရားတည်ထောင်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကို သိချင်ပါတယ်ဘုရား။
ဖြေ – ဟိုအရင်တုန်းက သွေး တော်တော်ရှားတယ်။ မော်စကိုကို သာသနာပြုမကြွခင်တုန်းကလေ။
စပြီးတည်ထောင်တာက ၂ဝဝ၁ ကပေါ့။ အဲဒီတုန်းက အခုထက်တောင် ပိုအောင်မြင်တာပေါ့။ သွေးလည်းရှားတယ်။ သွေးလှူအသင်းလည်းရှားတယ်။ ဦးဆောင်မည့်သူလည်း ရှားတယ်ပေါ့။ အဲဒီအခါမျိုးမှာ ဦးဇင်းက ဦးဆောင်လိုက်တဲ့အခါကျတော့ တစ်ပွဲတည်းကို သွေးအိတ်ပေါင်း လေးငါးရာရတဲ့ပွဲတွေလည်း ရှိတာပေါ့နော်။
ရည်ရွယ်ချက်ကတော့ ဆေးရုံမှာရှိတဲ့လူနာတွေ သွေးရှားနေတာဟာ သွေးလှူဒါန်းတဲ့သူမရှိလို့ ရှားနေတာ မဟုတ်ဘူး။ သွေးလှူဒါန်းမည့်သူနဲ့ လူနာရဲ့ကြားမှာ ဆက်သွယ်ချိတ်ဆက်ပေးမည့် အသင်းအဖွဲ့တွေ ရှားပါးတာကြောင့်ပါ။ အဲဒါကြောင့် လူနာတွေ သက်သာအောင်ဆိုပြီးတော့ လုပ်ပေးတာပါ။ ဒါ ရည်ရွယ်ချက်တစ်ခုပေါ့။
နောက်တစ်ခုက ကျောင်းထဲမှာလာပြီး သွေးအလှူခံတဲ့သူတွေကို ကြည့်လိုက်ရင် ရွာသူရွာသားတွေ များတယ်၊ ဆင်းရဲနွမ်းပါးသူတွေများတယ်။ ၂ဝဝ၁ တုန်းကကြုံခဲ့တာဆိုရင် အမေအိုကြီးတစ်ယောက် မစိုးရိမ်တိုက်သစ်ကို ဆေးရုံကခြေလျင်လာတယ်။ ဖိနပ်လည်းမပါဘူး။ သူတို့လူနာ သေရေးရှင်ရေးမို့လို့သာ သူစွန့်စားပြီး လာတာလေ။
အဲဒီလို ဆေးကုသစရိတ် မပြည့်စုံတဲ့အပြင် သွေးရှားနေတဲ့ တောသူတောင်သားတွေက အများကြီးလေ။ ဒီလိုသွေးတွေသာ အလွယ်တကူရနေမယ်ဆိုရင် သူတို့တတွေ ဒုက္ခမရောက်တော့ဘူးပေါ့။
လူနာလည်းသက်သာ လူနာရှင်လည်းမပင်ပန်းတော့ဘူးပေါ့ဗျာ။ အဲဒီဟာတွေကိုရည်ရွယ်ပြီး တည်ထောင်ခဲ့တာပါ။ အဲဒီသွေးလှူအသင်းနဲ့ပတ်သက်ပြီးကတော့ လှူမယ့်တမ်းမယ့်သူမရှိပါဘူး။ ဦးဇင်းဓမ္မပူဇာ ငွေကြေးထဲကနေပဲ စိုက်ပြီးတော့ အလုပ်လုပ်နေတာပါ။
မေး – အမျိုးသားရေးလှုပ်ရှားနေ ကြတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် သြဝါဒစကားလေး မိန့်ပေးပါဦးဘုရား။
ဖြေ – အမျိုးသားရေးသမားတွေကို ပြောချင်တယ်။
ရည်မှန်းချက်ဆိုတာရှိရမယ်။
ယုံကြည်ချက်ဆိုတာ ရှိရမယ်။
ခံယူချက်ဆိုတာ ရှိရမယ်။
ရပ်တည်ချက်ဆိုတာ ရှိရမယ်။
လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်။
ဒီစံငါးချက်နဲ့ပြည့်စုံအောင် အမြဲတန်းပြင်ဆင်နေပါ။ ဘာကြောင့်လဲဆိုရင် သူများဒီမိုကရေစီဆိုလို့သာ လိုက်စီတာ၊ သူများ လူ့အခွင့်အရေးဆိုလို့သာ လိုက်ရေးတာ တကယ်တမ်း စံငါးချက်နှင့် ပြည့်စုံတဲ့ နိုင်ငံရေးသမားဆိုတာ အင်မတန်ရှားတယ်။ ဒါကြောင့် အမျိုးသားရေးသမားတိုင်း စံငါးချက်နဲ့ ပြည့်စုံရမယ်ဆိုပြီး အမြဲမပြတ်နှလုံးသွင်း ကြိုးစားနေကြဖို့ပါပဲ။

ငြိမ်းချမ်းသာ
ဆက်သွယ်မေးမြန်းသည်