သတင်း

ဗုဒ္ဓရုပ်ပွားတော်အား စော်ကားသူနှစ်ဦးကို အရေးယူထားပါပြီ

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရွှေမိုးတောင် ဘုရားဝန်းအတွင်းရှိ ဂြိုဟ်ပြေနာမ်ပြေ ဗုဒ္ဓဆင်းတုတော်များအား ခွထိုင်ခြင်း၊ လည်ပင်းဖက်ခြင်း၊ ခြေထောက်ဖြင့် တင်ထားခြင်း ခွထားခြင်း စသည်ဖြင့် သူတစ်ပါးကိုးကွယ်ရာ ဘာသာ သာသနာ အထိမ်းအမှတ် ရုပ်ပွားတော်များကို စော်ကားခဲ့တဲ့ အဖွဲ့ထဲမှ လူငယ်နှစ်ယောက်ကို ရွှေမိုးတောင် ဂေါပကဥက္ကဋ္ဌ ဦးဒီးဒုတ်(ခ) ဦးတင်မင်းထွေးက တရားလိုလုပ် တိုင်ကြားထားပါတယ်။

၎င်းလူငယ်နှစ်ဦးဟာ ရုပ်ပွားတော်ကို စော်ကားရုံနှင့် အားမရနိုင်သေးဘဲ ၄င်း၏ Aung Hkasha အကောင့်မှတစ်ဆင့် ဖေးဘုတ်ပေါ်တွင် 25.12.2017 ရက်နေ့မှာ တင်ထားကာ အများသိအောင် ပြသခြင်းဖြင့် ထပ်မံစော်ကားခဲ့ကြပြန်ပါသေးတယ်။
29.12.2017 ဂေါပကဥက္ကဋ္ဌ ဦးဒီးဒုတ်က ဝိုင်းမော် မြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားပြီး ရဲစခန်းက လိုက်လံဖမ်းဆီးရာတွင် တစ်ယောက်သာ ဖမ်းမိပြီး ကျန်တစ်ယောက်က တိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ဖမ်းမိတဲ့တစ်ယောက်ကို အာမခံနှင့် ပြန်လွှတ်ပေးပြီး ပြေးနေတဲ့တစ်ယောက်ကို ခေါ်ယူလာပေးဖို့ စခန်းမှူးက မှာလိုက်တာကြောင့် 30.12.2017 ရက်နေ့မှာပဲ နှစ်ယောက်လုံးကို အမှုဖွင့်အရေးယူထားပြီး အာမခံပေးထားပါတယ်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး မြစ်ကြီးနားမဘသ ဆရာတော်များက မြစ်ကြီးနားရဲစခန်းနှင့် ဝိုင်းမော်ရဲစခန်းတို့သို့ သွားရောက်စုံစမ်းပြီး အကျိုးအကြောင်း မေးမြန်းကာ ရွှေမိုးတောင်ဂေါပကနှင့်ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။ လက်ရှိမှာ ၂၉၅ သက်သက်ဖြင့် တရားစွဲထားတာဖြစ်လို့ အာမခံပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၉၅(က)မြောက် မမြောက်ကိုတော့ လေ့လာစုံစမ်းနေကြပါတယ်။

ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ပေါ့ဗျာ ကိုယ့်ဘုရားကိုယ် ကြည်ညိုကြတာချည်းပါပဲ။ ကိုယ့်ဘုရားကို ကိုယ်ကြည်ညိုသလို သူ့ဘုရားကို သူကြည်ညိုမယ်ဆိုတာတော့ တွက်ထားသင့်ပါတယ်။ ကိုယ့်ဘုရားကို သူတစ်ပါး လာစော်ကားရင် မခံနိုင်သလို သူ့ဘုရားကို ကိုယ်ကသွားပြီး စော်ကားမယ်ဆိုရင်လည်း သူခံနိုင်မှာမဟုတ်ဘူးဆိုတာလေးလောက်တော့ စာနာမှုရှိသင့်ပါတယ်။

ဥပဒေဆိုတာ သူတစ်ပါးကို မစော်ကားဘဲ ကိုယ်ယုံကြည်ရာကို ကိုးကွယ်နိုင်ဖို့အတွက် ပြဋ္ဌာန်းထားခဲ့တာဖြစ်သလို အဲဒီလို စော်ကားလာရင်လည်း စော်ကားတဲ့သူကို ဆုံးမပဲ့ပြင်ပေးဖို့ ပြဋ္ဌာန်းပေးခဲ့တာဖြစ်ပါတယ်။ ဥပဒေရဲ့အဆုံးအမကို ခံယူလိုက်ပါ လူငယ်လေးနှစ်ယောက်ရာ။