သတင်း

ဘုရားဆေး နွားသေးနှင့် ဇီးဖြူ ဖန်ခါး ရဟန်းစား တရားတော်

စာရေးသူ မှီဝဲသည့်ဆေးပါ။
ဘုရားဆေးဟု ခေါ်ပါသည်။
မနက်အိပ်ယာထသည်နှင့် တစ်ပြိုင်နက် ၄င်းဆေးရည်သောက်ပြီးမှ ရေအဝသောက်ပါသည်။
ပြီးမှ ရေအိမ်ဝင်ခြင်း မျက်နှာသစ်ခြင်းများဖြင့် နေ့သစ်တစ်ခုကို အသက်ဝင်အောင် ကြံဆောင်ပါသည်။

ဖန်ခါးသီးကိုကား ညနေအခါနှင့် ညအခါများမှာ သုံးဆောင်ပါသည်။

ဖန်ခါးသီးနှင့် နွားနက်မကျင်ငယ်ရည် စိမ်ထားသည့် ဆေးဖြစ်ပါသည်။
ဆီး ဝမ်းမှန် သွေး လေ မှန်သည့်အပြင် အလုပ်မည်မျှ ပင်ပန်းစေကာမူ အမြဲတမ်း လန်းဆန်း တက်ကြွနေလေ့ရှိပါသည်။

အခြား အခြားသော ရောဂါကြီးများ မစွဲကပ်ရလေအောင် အခြေချ ဝင်ရောက်ခွင့် မရလေအောင် နေ့စဉ်နှင့်အမျှ ဆီးနှင့်ဝမ်းကို သန့်ရှင်းပေးပြီး ရောဂါဖြစ်စေနိုင်သည့် ရှေ့ပြေးလက္ခဏာများကို ဖယ်ရှားပေးတတ်ပါသည်။

စာရေးသူ ထားဝယ်ရောက်သည့်အခါ၌လည်းကောင်း၊ မြိတ်ရောက်သည့်အခါ၌လည်းကောင်း၊ ကလေးမြို့သို့ ရောက်ရှိသည့်အခါ၌လည်းကောင်း၊ မဘသ ညီတော် နောင်တော်များက ဘုရားဆေး နွားသေးဖြင့် ဧည့်ခံလေ့ရှိပါသည်။

စာရေးသူကလည်း ၄င်းမြို့နယ်များမှ ရန်ကုန်မြို့နှင့် မန္တလေးမြို့သို့ တကူးတက တောင်းယူ သယ်ဆောင်လာလေ့ရှိပါသည်။

ကလေးမြို့ရောက်သည့်အခါ နွားကျင်ငယ်ရေနှင့်စိမ်ထားသော ဖန်ခါးသီးများကို မြိန်ရည် ယှက်ရည် ဘုဉ်းပေးနေသည်ကို တွေ့မြင်ရသဖြင့် ကလေးမြို့ နေသာပညာဒါန ဆရာတော် ဦးဓမ္မိကမှ ယခုလို ပေပါလိုက်ကြီး ပေးပို့လိုက်ခြင်းဖြစ်ပါသည်။

ခါးလည်းခါးပါသည်၊ နံလည်းနံပါသည်၊ မည်သူမှီဝဲချင်မည်နည်း။

စာရေးသူကတော့ ကြိုက်မှကြိုက် ကောင်းမှကောင်း ဖြစ်နေပါသည်။

စာရေးသူတို့အရွယ်သည် ကျန်းမာရေးအရ တောင်းဆိုလာသော အာဟာရများကိုသာ တောင့်တတတ်သော အရွယ်ဖြစ်ပါသည်။

ထို့ကြောင့် အသားငါး စားခဲပါသည်။
ပုလင်းတို့ ဗူးတို့ အသင့်စား ကိတ်မုန့် စသည့် မုန့်များလည်း ရှောင်ကြဉ်ပါသည်။

အဖျော်ရည်ဆိုလျှင် သစ်သီးဝလံများကို ဖျော်ထားသည့် လတ်လတ်ဆတ်ဆတ် အဖျော်ရည်များကိုသာ သုံးဆောင်ပါသည်။

အကောင်းစားကိတ်မုန့်များ ကာလာပါသော အစားအစာများ ရှောင်ကြဉ်ပါသည်။

အထူးသဖြင့် မြန်မာမုန့်များနှင့် သစ်သီးဝလံများကိုသာ စားသုံးပါသည်။

ဤသည်မှာ စာရေးသူ၏ ဘဝနေနည်း ထိုင်နည်းထဲမှ အစားအသောက်နှင့်ပတ်သက်သည့် အစိတ်အပိုင်းတစ်ခုသာ ဖြစ်ပါသည်။

စာရေးသူကို လိုင်းပေါ်မှာ ဟိုဆေးများမှီဝဲသည်၊ ဤဆေးများမှီဝဲသည်ဟု မလိုသူများက စွပ်စွဲနေကြသောကြောင့် ဤဆေးနည်းကို တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ခါးလည်းခါးသည် နံလည်းနံသည်၊ ကျန်းမာရေးလည်းကောင်းသည်၊ စိတ်ထားလည်းကောင်းသည်၊ အနေအထိုင်လည်းကောင်းသည်၊ အတွေးအခေါ်လည်းကောင်းသည်၊ အပင်ပန်းလည်းခံနိုင်သည်၊ အဆဲအဆိုလည်းခံနိုင်သည်၊ အခြိမ်းအခြောက်လည်းခံနိုင်သည်၊ အမြှောက်အပင့်လည်း ခံနိုင်သည် စသည် စသည်ဖြင့် ဘုရားပေးသည့် ဆေးများ၏ အာနိသင်ကား ပြောပြ၍ပင် ကုန်နိုင်မည်မဟုတ်တော့ပါ။

ဤသို့ဆိုလျှင် စာရေးသူမှီဝဲသောဆေးကို သိနိုင်ကြပြီ ဖြစ်ပါသည်။

ဘုရားဆေးကို မှီဝဲသောအားဖြင့် ကျန်းမာ ချမ်းသာ ဘေးရန်ကွာ၍ အစာအာဟရ မျှတပါစေသော်…..ဝ်။

(ဆေးပေးပို့လှူဒါန်းသော ကလေးမဘသ နောင်တော်ကြီး ဦးဓမ္မိကနှင့် ဆေးယူလာပေးသော ကလေးမဘသ ကိုဇေယျာအား အထူးကျေးဇူးတင်ပါကြောင်း ဤဆောင်းပါးဖြင့် မှတ်တမ်းတင်အပ်ပါသည်။)

ဝီရသူ(မစိုးရိမ်)
5.1.2018
PM 10:49