သတင်း

မန်းမဘသ ရခိုင်ခရီးစဉ်(၆)

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းမှာ မောင်တောမြို့နယ် ရွှေဗဟိုရွာသို့ ရောက်ရှိကြပါတယ်။ ရွှေဗဟိုရွာဦးကျောင်းမှာ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ခေတ္တနားနေခိုက်မှာ စပါးခြွေလှေစက်ကြီး နှစ်လုံးကို ကားပေါ်မှ ချကြပါတယ်။ စစ်တွေကုမ္ပဏီမှာ တင်တုန်းက စက်ယန္တရားအကူအညီနှင့် တင်ရတာဖြစ်လို့ လွယ်ကူချောမောသော်လည်း မောင်တောရောက်တဲ့အခါ လူအင်အားနှင့် ပြန်ချရတာဖြစ်လို့ အတော်မလွယ်ပါဘူး။

စစ်တွေမှ လိုက်ပါလာသော နှုတ်ခမ်းမွှေး ဦးမောင်မောင်နှင့်အဖွဲ့ဦးဆောင်ပြီး ရဟန်းပျိုလေးများ လူငယ် လူကြီးများပါမကျန် ညာသံပေးပြီး ဝိုင်းဝန်းချကြ၊ ဂိုဒေါင်ထဲသွင်းကြပါတယ်။ စပါးခြွေလှေ့စက်ကြီး တစ်လုံးလျှင် ၂၇ သိန်းကျပ်ပါ။ စပါးရိတ်စက်တစ်လုံးလျှင် ၁၈သိန်းခွဲပါ။ မန်း မဘသက စပါးခြွေစက်ကြီးတစ်လုံး၊ ရွှေဆံနွယ်ဆရာတော်က စပါးခြွေစက်ကြီးတစ်လုံး၊ ကန့်ဘလူ ကိုးတောင်ပြည့် အောင်သိဒ္ဓိကျောင်းဆရာတော်နှင့်အဖွဲ့က စပါးရိတ်စက်နှစ်လုံး အမေရိကနေ စီကိုစုနှင့် ဝီရတင်စိုး လူပျံတော်ညီနောင်နှစ်ဦးက စပါးရိတ်စက် နှစ်လုံး လှူဒါန်းကြတာပါ။

မူလက တရုတ်လုပ် စပါးရိတ်စက်တစ်လုံး ၁၇ သိန်းဖြင့် ဝယ်ယူထားသော်လည်း ရေရှည်ခံအောင် ဗီယက်နမ်လုပ်ပဲ ဝယ်ပါဆိုလို့ ၁၈သိန်းခွဲတန် စပါးရိတ်စက်လေးလုံး ဝယ်ဖြစ်သွားတာပါ။ စပါးရိတ်စက်တွေ ရခိုင်သားတွေလက်ထဲ ရောက်နေပါပြီ။
စပါးရိတ်ချိန်ရောက်ဖို့ ရက်အနည်းငယ်ပဲလိုသေးလို့ ထုတ်မသုံးရသေးပါ။

စာရေးသူဦးဆောင်ပြီး ဒေါင်ဖန်းထွန်စက်ကလေးတွေ လှူထားတာ ခြောက်လုံးရှိပါပြီ။ လေးလုံးက မိုးတွင်းမှာ လုပ်ငန်းသုံးခဲ့ပြီး နှစ်လုံးကို ရွှေဗဟိုကျောင်း ဂိုဒေါင်ထဲမှာပဲ သိမ်းဆည်းထားပါတယ်။ လာမည့်နှစ် စိုက်ပျိုးရာသီမှာ ဒေါင်ဖန်းဆယ်စီး လိုအပ်တာမို့ နောက်ထပ်လေးစီးစာရှာရပါဦးမည်။ 

ရွှေဆံနွယ်ဆရာတော်နှင့်အဖွဲ့က သိန်းသုံးဆယ်ကျပ် စီကိုစုနှင့်ဝီရတင်စိုးညီနောင်က သိန်းသုံးဆယ်ကျပ် လှူဒါန်းထားတာကြောင့် လိုအပ်သောငွေ လေးသိန်းကျပ်ကို မန်း မဘသ အဖွဲ့မှ စိုက်ထုတ် လှူဒါန်းခဲ့ပါတယ်။ မန်း မဘသအဖွဲ့လှူဒါန်းသော ခြွေစက်ကြီးတစ်လုံးတန်ဖိုး ၂၇သိန်းကျပ်နှင့် စပါးရိတ်စက်နှစ်လုံးအတွက် စိုက်လှူငွေ လေးသိန်းကျပ် စုစုပေါင်း ၃၁ သိန်းကျပ် လှူဒါန်းနိုင်ခဲ့ပါတယ်။

မန်း မဘသအဖွဲ့၏ ရခိုင်ခရီးစဉ် ဆဋ္ဌမကုသိုလ်တော်ဖြစ်ပါတယ်။ မန်း မဘသအဖွဲ့သို့ ရခိုင်ပြည်သူများအတွက် လာရောက်လှူဒါန်းကြသော ပြည်တွင်းပြည်ပ ရဟန်းရှင်လူ ပြည်သူများအားလုံး ဝမ်းမြောက်နုဘော် သာဓုခေါ်နိုင်ပါစေသော်ဝ်….။