သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၁၀)

အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ခမောင်းဆိပ်ရွာမှ ပြန်လာခဲ့ကြပါတယ်။ မူလအစီအစဉ်ထဲမှာ ဗန္ဓုလရွာသွားဖို့ ပါဝင်ခဲ့ပေမယ့် ဘင်္ဂလီအကြမ်းဖက်သမားများက လုံခြုံရေးသမားတွေကို ဓားဖြင့်ဝင်ခုတ်တဲ့သတင်းကြောင့် ဗန္ဓုလရွာထိ မရောက်ခဲ့ပါဘူး။

ဗန္ဓုလရွာဆိုတာ နေရပ်ကိုမစွန့်ခွါပဲ ကြံ့ကြံ့ခံ ကာကွယ်ခဲ့တဲ့ရွာကြီးပါ။ နယ်စပ်ခြံစည်းရိုးဘေးနားကရွာပါ။ မန်း မဘသ အဖွဲ့သူ အဖွဲ့သားများ နယ်စပ်ခြံစည်းရိုးရွာအထိသွားရမည့် အခွင့်အရေး ပထမအကြိမ် ဆုံးရှုံးခဲ့တာပါ။ ခမောင်းဆိပ်ရွာမှာ လှူဒါန်းခဲ့တဲ့ ရွာပေါင်း ၂၀ ကျော်အနက် အောင်ဇံရွာမှာ လူတစ်ဦးပျောက်ဆုံးနေပါတယ်။

အောင်ဇံရွာဆိုတာ အိမ်ထောင်စု ၅၂ စုရှိတဲ့ ဒိုင်းနက်၊ သက်လူမျိုးတို့ရွာပါ။ သြဂုတ်လ ၂၆ရက် စနေနေ့မှာ ဈေးဖွင့် မဖွင့် သွားကြည့်ရင်း ပျောက်ဆုံးသွားတာ အခုထိ မတွေ့ရတော့ပါဘူး။ ပျောက်ဆုံးသူက မောင်တင်လှ အသက် ၂၀ နှစ်ဖြစ်ပါတယ်။
သူ့မိသားစုအတွက် မန်း မဘသအဖွဲ့က အလှူငွေ တစ်သိန်းကျပ် ထောက်ပံ့ခဲ့ပါတယ်။

ရံကာစေတီရွာမှာ ငါးဦးအသတ်ခံရပါတယ်။ ရံကာစေတီဆိုတာ အိမ်ထောင်စု ၁၃ စုပဲရှိတဲ့ ဒိုင်းနက်ရွာလေးပါ။ အသတ်ခံရတဲ့ ငါးယောက်ရဲ့ မိသားစု ၂ စုကတော့ ရွာမှာမနေရဲတော့ပါဘူး။ ရွာမှာမရှိတော့လို့ မန်း မဘသအဖွဲ့က မထောက်ပံ့ခဲ့ဖြစ်ပါဘူး။

ပြင်းထန်ဒဏ်ရာရသူတစ်ဦးကိုတော့ ငွေတစ်သိန်းကျပ်ထောက်ပံ့ခဲ့ပါတယ်။ ည ၈း၀၀ နာရီထိုးမှ ကျောင်းပြန်ရောက်ပါတယ်။
လမ်းကလည်းကြမ်း ခရီးကလည်းဝေးတာကြောင့် အဖွဲ့သားအားလုံး အတော်ပင်ပန်းကြပါတယ်။ သက်တော်ရှည် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများက ပိုခံရပါတယ်။

အပြန်လမ်းခရီးမှာ ကားပြောင်းစီးခဲ့ရပါတယ်။ ရှေ့ခန်းလည်း မစီးခဲ့ရပါ။ လူကြပ်ကြပ်နှင့် ခြေချစရာမရှိတဲ့ နောက်ခန်းမှာပဲ ကြုံ့ကြုံ့လေးထိုင်ပြီး လိုက်ခဲ့ရလို့ ကျောင်းပြန်ရောက်တဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်း ကျိန်းစပ်နေပါတယ်။ စာရင်းအင်းတွက်တာ နောက်တစ်နေ့အတွက် စီမံတာတွေကို ဝမ်းလျားမှောက်ပြီး ပြုလုပ်ရပါတယ်။ 

ကားပြောင်းစီးရခြင်း နောက်ခန်းမှာ ပြောင်းထိုင်ရခြင်းကတော့ သတင်းတစ်ခု ဝင်လာလို့ပါ။ ဝီရသူကို တအားနင်းချစ်သူတွေက ဝီရသူလာရာလမ်းမှာ အသင့်စောင့်နေပြီး ခြုံခိုတိုက်ခိုက်မှာ အသေခံဖောက်ခွဲမှာ ဆိုတဲ့ သတင်းကြားရလို့ပါ။ အခုခရီးစဉ်ဟာ သြဂုတ်လတုန်းက အကြမ်းဖက်ခံခဲ့ရတဲ့ ရွာတွေကိုပဲ ဦးတည်သွားတာဖြစ်လို့ မောင်မင်းကြီးသားတွေနဲ့ ထိပ်တိုက်မတွေ့ခဲ့ရတာပါ။ 

အရင်အခေါက်တွေတုန်းက သွားခဲ့တဲ့လမ်းကြောင်းအတိုင်း အခုအခေါက်မှာလည်း သွားမယ်ဆိုရင်တော့ သူတို့ကြိုတွက်ထားတဲ့အတိုင်း လုပ်ကြံခံရမှာပါ။ ဒါပေမယ့် အရင်ရွာတွေဘက် လုံးဝ မလှည့်နိုင်ခဲ့တာဖြစ်လို့ လမ်းကြောင်းလဲလွဲ ရန်သူနှင့်လည်း လွဲခဲ့တာဖြစ်ပါတယ်။ ဝီရသူကို ဘာကြောင့် တအားနင်းချစ်ကြတာလဲမသိဘူးနော်။


ဝီရသူ(မစိုးရိမ်)
28.10.2017
PM 11:09