သတင်း

သံဃာစုံညီ ​ကြေညာသည်​ မကွဲမပြား တစ်​သားတည်း

ယ​နေံ နေ့လည် (၁)နာရီခန့်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဗဟိုတွင် ရှေ့ဆက်လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲတစ်ရပ်ကို ဗဟိုရုံးတည်ရှိရာ ရွာမပရိယတ္တိစာသင်တိုက် ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဗဟို ဥက္ကဋ္ဌ၊
နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ
အင်းစိန်ရွာမဆရာတော်ကြီး၊
အဂ္ဂမဟာပဏ္ဍိတ ပါဠိပါရဂူ မြစေတီဆရာတော်၊
ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော်
စသော ဗဟိုဦးဆောင်ဆရာတော်များ၊
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးမှ ဦးဆောင်ဆရာတော်များ၊ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးကြသော ဆရာတော်များနှင့် မျိုးချစ်ဒကာ ဒကာမများ
တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာ ဆရာတော်များက  တိုင်းဒေသကြီးအလိုက် ဆွေးနွေးအကြံပြုခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းစဉ်များလည်း ချမှတ်နိုင်ခဲ့ပါသည်။

ရှေ့ဆက်လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ထုတ်ပြန်အပ်ပါသည်။

သတင်းမှတ်တမ်း –
ဒေါက်တာသောပါက
၁၁. ၈.၂ဝ၁၇
————————————————–

ဝါခေါင်လပြည့်ကျော် ၄-ရက်၊ ၁၃၇၉-ခု၊ (၁၁- ၈- ၂ဝ၁၇) သောကြာနေ့ ဦးဆောင်ဆရာတော်များ တွေ့ဆုံညှိနှိုင်းပွဲ
အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း
ရှေ့ဆက် လုပ်ငန်းစဉ် လမ်းညွှန်ချက်များ

မိမိတို့သည် မဘသနာမည် သုံးသည်ဖြစ်စေ/မသုံးသည်ဖြစ်စေ-
၁။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အမည်ကတော့ ဆက်လက် ရှိနေမည် ဖြစ်ပါသည်။

၂။ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး လုပ်ငန်းများကို (မဘသ)မူရင်းနာမည် မပြောင်းဘဲ ဆက်လက်
ရပ်တည်သူများနှင့် အမည်ပြောင်းလွဲပြီး သုံးစွဲသူအားလုံးသည် မကွဲမပြား တစ်သားတည်း ရှိနေမည်သာ ဖြစ်ပါသည်။

၃။ မိမိတို့၏ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးလုပ်ငန်းများမှာ ပြောင်းလွဲမှု မရှိပါ၊ ယခင်အတိုင်း ဆက်လက်
လုပ်ကိုင်သွားရန် တိုက်တွန်းပါသည်။

၎။ အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ကြီးမှာ ပါဝင်ဖို့
လက်တွဲဆောင်ရွက်ဖို့ အခက်ခဲရှိသူများကိုလည်း မိမိတို့က နားလည်မှုများစွာဖြင့် ခွင့်ပြုပါသည်။

၅။ မိမိတို့၏ အဖွဲ့ဝင်များကို ကျစ်ကျစ်လစ်လစ် ပြန်လည်သုံးသပ် ပြင်ဆင် ပြုပြင် သွားရန်လည်း လိုအပ်ပါသည်။

၆။ ပရဟိတလုပ်ငန်းများ၊ ပညာဒါနသင်တန်းများ၊ ယဉ်ကျေးမှုနှင့် စာရိတ္တပညာ မြှင့်တင်ရေးလုပ်ငန်းများ၊ အမျိုး
ဘာသာ သာသနာ စောင့်ရှောက်ရေးလုပ်ငန်းများ၊ လိုအပ်သောကယ်ဆယ်ရေး လုပ်ငန်းများ၊ လူမျိုးရေး
ဘာသာရေး သာသနာရေးဆိုင်ရာ ပဋိပက္ခများ မဖြစ်အောင် ကာကွယ် တားဆီးရေးလုပ်ငန်းများ စသည်တို့ကို
ဓမ္မ, ဝိနယနှင့်အညီ ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါသည်။

၇။ မိမိတို့ အဖွဲ့သည် ပါတီနိုင်ငံရေး ကင်းရှင်းစွာ တိုင်းပြည်နှင့်လူမျိုး ဘာသာ သာသနာ အကျိုးအတွက်ဆိုလျှင်
မည်သည့်ပါတီ, မည်သည့်ပုဂ္ဂိုလ်, မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၈။ မိမိတို့အဖွဲ့ လုပ်ငန်းလုပ်ဆောင်ရာ၌ မိမိတို့၏ လုပ်ငန်းကိုသော်လည်းကောင်း၊ အဖွဲ့ကိုသော်လည်းကောင်း
အန္တရာယ်ပေးမည့် ကိုယ့်လူ သူ့ဖက်သား၊ သူ့လူ ကိုယ့်ဖက်သားများကိုလည်း သတိထား လုပ်ကိုင်ဆောင်ရွက်ဖို့
လိုသည်ကိုလည်း အထူးသတိပေးလိုပါသည်။

ဦးဆောင်တာဝန်ခံ နာယကများ
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းကြီး

၁၃၇၉-ခု၊ ၀ါခေါင်လပြည့်ကျော် (၄)ရက်၊ (၁၁ .၈. ၂၀၁၇) သောကြာနေ့