သတင်း

မန်း မဘသ ရခိုင်ခရီးစဉ်(၄)

12.10.2017 ရက်နေ့ မွန်းလွဲပိုင်းမှာ စစ်တွေမြို့ရှိ ဟိန္ဒူဘုရားကျောင်းသို့ ရောက်ရှိခဲ့ပါတယ်။ ဟိန္ဒူဘုရားကျောင်းဝန်းထဲမှာ ဒုက္ခသည် ၁၁၃ အိမ်ထောင်စု လူဦးရေ ၄၄၅ ရှိပါတယ်။ နေရာကလေးက ကျဉ်းမြောင်း၊ လူဦးရေက များပြား ဓမ္မာရုံထဲမှာ ပစ္စည်းတွေနှင့်ပြည့်နေလို့ လူတွေ ထိုင်စရာနေရာတောင် ကောင်းကောင်းမကျန်ပါဘူး။

ဗမာစကားမတတ်တဲ့ ဟိန္ဒူတွေက များပါတယ်။ ဂေါပကအကြီးအကဲက ဘာသာပြန်ပေးရပါတယ်။ အထက်မြန်မာပြည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ မန်း မဘသဖြစ်ကြောင်း အကြမ်းဖက်ခံရသော ပြည်သူများကို လာရောက်အားပေးခြင်းဖြစ်ကြောင်း အသတ်ခံရသူတို့၏ မိသားစု ဒဏ်ရာရသူများ နေရပ်စွန့်ခွါခဲ့ရသူများအား ကူညီထောက်ပံ့ဖို့ လာရောက်ခြင်းဖြစ်ကြောင်းလောက်ပဲ ပြောကြားကာ အိမ်ထောင်စု တစ်စုလျှင် တစ်သောင်းကျပ်နှင့် ကျန်ရစ်သူမိသားစု ငါးစုအား သုံးသိန်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။

တစ်မိသားစုလုံးမှာမှ တစ်ယောက်တည်းကျန်ရစ်သူက သုံးစု၊ ဖအေနှင့်သမီးအသတ်ခံရပြီး မိခင်နှင့် သားနှစ်ဦးကျန်ရစ်သူက တစ်စု၊ မအေးနှင့်သမီး နှစ်ယောက်တည်း ကျန်ရစ်သူက တစ်စု အားလုံးပေါင်း ငါးစုပါ။ သုံးနှစ်အရွယ်၊ လေးနှစ်အရွယ်၊ ကျောင်းသူအရွယ် ကလေးလေးတွေမှာတော့ မိသားစုအားလုံး အသတ်ခံလိုက်ရလို့ တစ်ဦးတည်းသာ ကျန်ခဲ့ကြသူတွေပါ။
သူတို့အားလုံးအတွက် ကူညီထောက်ပံ့ခဲ့ကြတဲ့အပြင် အားပေးစကားနှင့် သြဝါဒတရားများပါ ဟောကြားခွင့်ရခဲ့တာကတော့ မန်း မဘသရဲ့ စတုတ္ထမြောက် အလှူတော်ပဲ ဖြစ်ပါတယ်။