သတင်းအင်တာဗျူး

မဘသရဲ့ ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတယ်

(ဆရာတော်ဦးဝီရသူနှင့် အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်)
အောင်ဇေယျတုရဲ့ နောက်ဆုံးနေ့ရက်တွေဟာ နီးကပ်လာပါပြီ။ ဒီမိုကရေစီခေတ်ထဲမှာ ပထမဆုံး ပိတ်သိမ်းခံရတဲ့ ဂျာနယ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားရေးအသံတွေကို ကျယ်ကျယ်လောင်လောင် ဖော်ပြနိုင်ခဲ့တဲ့အောင်ဇေယျတုဟာ ပုံစံတမျိုးနဲ့ ပြည်သူတွေဆီကို ပြန်ရောက်လာမှာပါ။ အခုလက်ရှိအချိန်၊ ဂျာနယ်နောက်ဆုံးနေ့တွေမှာတော့ အပတ်စဉ်တင်ဆက်နေကြ ဆရာတော်ဦးဝီရသူနဲ့ အမျိုးသားနိုင်ငံတော်တည်ဆောက်ရေးရှုမြင်ချက်အင်တာဗျူးများကို ၀တ်မပျက် တင်ဆက်ပေးလိုက်ပါတယ်။

မေး – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲမှာ အရှင်ဘုရား ပါဝင်ဟောပြောတာကိုတွေ့ပါတယ်ဘုရား။ ဆန္ဒပြပွဲတွေလုပ်တယ်ဆိုတော့ အစိုးရက လူထုရဲ့အသံကို ဘယ်လောက်ထိ အားစိုက်နားထောင်မယ်လို့ အရှင်ဘုရားတို့ ယုံကြည်ပါသလဲဘုရား။
ဖြေ – အစိုးရ နားစိုက်ထောင်တာ တစ်ခါပဲတွေ့ဖူးတယ်။ ရန်ကုန်မန္တလေး သပိတ်စခန်းတွေဖွင့်တုန်းကတော့ နားစိုက်ထောင်ပုံရတယ်ပေါ့ကွာ။ ကျန်တာကတော့ နားလည်းမထောင်ပါဘူး။ မြင်လည်း မမြင်ချင်ယောင်ဆောင်နေတာပေါ့။ ဒါပေမယ့် သူနားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ မြင်သည်ဖြစ်စေ၊ မမြင်ချင်ယောင်ဆောင်သည်ဖြစ်စေ သမိုင်းပေးတာဝန်အရ တို့တတွေက သူတို့သိအောင် တင်ပြပြီးသွားပြီလေ။ အဲဒီတော့ တို့ဘက်က တာဝန်ကျေတယ်ပေါ့ကွာ။

မေး – မဘသအဖွဲ့ကိုပေးထားတဲ့ အတုမရှိ၊ အောင်ဇေယျတုစတဲ့ ဂျာနယ်ထုတ်ဝေခွင့်ကဒ်တွေ ပြန်အပ်ရမယ်ဆိုတဲ့ အကြောင်းကြားစာ ရောက်လာတယ်ပေါ့ဘုရား။ အကြောင်းကြားစာထဲမှာပါတာက မဘသဟာဖျက်သိမ်းပြီးအဖွဲ့ဖြစ်တယ်ဆိုပြီး မဟနကြေညာချက်ကို ကိုးကားပြီးပြောထားတာ တွေ့ရပါတယ်ဘုရား။ ဆိုတော့ မန်းမဘသရဲ့ အခြေအနေဟာ ဘယ်လိုရှိနေလဲ ဘုရား။ မဘသအဖွဲ့ကြီးဟာ တကယ်ပဲ ဖျက်သိမ်းသွားပြီလား၊ ဗုဒဓမ္မအနေနဲ့ ဆက်ရှိနေသလား။ ဘယ်လိုပုံစံမျိုး ရှိနေလဲဘုရား။0
ဖြေ – မန်းမဘသကတော့ နဂိုတုန်းကလည်း မဘသပဲ၊ အခုလည်း မဘသပဲ။ အမည်နာမ ပြောင်းလဲသွားတာမျိုး မရှိသလို အဖွဲ့အစည်းဖျက်သိမ်းတာမျိုးလည်း မရှိဘူး။
ပုံမှန်အလုပ်တွေလည်း ဆက်လုပ်နေတယ်။ မဘသအဖွဲ့ အဖျက်ခံရတယ်ဆိုတာကတော့ ဥပဒေအရ ပြောရရင် လုံးဝလက်မခံနိုင်စရာစကားပေါ့နော်။
မဘသအဖွဲ့ကို နိုင်ငံတော် သံဃာမဟာနာယက အသိအမှတ်မပြုဘူးဆိုရင်တော့ တို့က အဲဒီစကားကို လက်ခံတယ်လေ။ ဒါပေမယ့်
တရားမ၀င်ဘူးတို့၊ ဖျက်သိမ်းလိုက်ပြီ၊ ဖျက်သိမ်းခံရပြီ၊ ပျက်သွားပြီဆိုတာမျိုးတော့ တို့က လုံးဝ လက်မခံနိုင်ဘူး။
ဘာကြောင့်လဲဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရပ်တည်ခွင့်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ်။ ၂၀၁၄ အသင်းအဖွဲ့များဆိုင်ရာ မှတ်ပုံတင်ခြင်းဥပဒေအရ
တရားဝင်ရပ်တည်ခွင့်ရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်လေ။ မဘသကို တရားမ၀င်ဘူးလို့ ပြောတဲ့သူမှန်သမျှဟာ တရားဥပဒေရဲ့အပြင်ဘက်က လူသားတွေချည်းပဲပေါ့နော်။

မေး – အခုတွေ့ရတာက အတုမရှိတို့၊ အောင်ဇေယျတုတို့နားမယ်ဆိုတဲ့သတင်းကို ၀မ်းပမ်းတသာနဲ့ တချို့ဖော်ပြနေတယ်ဆိုတော့ ဂျာနယ်တွေက
အထူးသဖြင့် အရှင်ဘုရားတို့ ဦးစီးထုတ်ဝေနေတဲ့ အတုမရှိက ဆက်ထွက်လာနိုင်စရာရှိသေးလားဘုရား။
ဖြေ – ပုံသဏ္ဍာန်မျိုးစုံနဲ့ ထွက်လာဦးမှာပဲလေ။ ဘယ်လိုပုံစံနဲ့ ထွက်လာဦးမလဲဆိုတာကိုတော့ ထွက်လာမှပဲ သိရမှာပေါ့လေနော့။

မေး – နောက်တစ်ခုက မဘသအဖွဲ့ကြီးပဲ ပြောပါတော့ဘုရား။ မဘသအဖွဲ့ကြီးတစ်ဖွဲ့လုံးအနေနဲ့ဆိုရင် အစိုးရနဲ့ ထိပ်တိုက်တွေ့တိုင်း
နောက်ဆုတ် နောက်ဆုတ်လာတာ အခုဆိုရင် ဂျာနယ်တွေပါ ရပ်နားဖို့အထိ ဖြစ်လာပြီပေါ့ဘုရား။ ဆိုတော့ အစိုးရဘက်က ဘာတွေ ရှေ့ဆက်တိုးလာနိုင်စရာရှိလဲ။
အဖွဲ့ကြီးအနေနဲ့ရော ဘယ်လိုတွေ ရင်ဆိုင်ဖို့ရှိမလဲ။
ဖြေ – အဓိကတော့ သူတို့က မဘသကနေ ဖောင်ဒေးရှင်းဆိုတဲ့အမည်ကို ပြောင်းကတည်းကိုက သူတို့တွေက မဘသကျဆုံးသွားပြီလို့ ခံယူထားကြတာပေါ့။
အောင်ဇေယျတုနဲ့ အတုမရှိက မဘသမကျဆုံးသေးဘူးဆိုတာကို ပြည်သူတွေကို အမြဲတန်းတင်ပြနေတာပေါ့။ အဲဒီတော့ အဖွဲ့အနေနဲ့ ကျဆုံးသွားသော်လည်းပဲ
မီဒီယာအနေနဲ့ ကျန်နေတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မီဒီယာကိုပါ အသေသတ်တဲ့သဘောမျိုးပေါ့ကွာ။ နောက်ပြီး မဘသသေမှ အမျိုးသားရေးသမားတွေ ကျဆုံးသွားမှ တိုင်းပြည်ကို ရောင်းစားလို့ရမှာလေ။ တိုင်းပြည်ကိုရောင်းစားဖို့အတွက် နိုင်ငံသားဥပဒေတို့ အမျိုးစောင့်ဥပဒေတို့ ဒါတွေကို ပြင်ပေးမှဝယ်ယူကြမှာပေါ့။ ဒီလို အပေးအယူတွေနဲ့ ရောင်းကုန်တစ်ခုဖြစ်အောင် ဆက်လက်လုပ်ဆောင်နေဦးမှာပဲလေ။

မေး – အရှင်ဘုရားပြောတဲ့အထဲမှာလည်း ပါပါတယ်ဘုရား၊ မဘသဖျက်သိမ်းတာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီဘူးပေါ့ဘုရား၊ ဖွဲ့စည်းပုံအရဆို မဘသက ရပ်တည်ခွင့်ရှိတယ်ဆိုတော့သဘောမျိုးဆိုတော့
အစိုးရသစ်လက်ထက်မှာ ဖွဲ့စည်းပုံနဲ့ ကွဲလွဲချက်ရှိနေတဲ့ ဆောင်ရွက်ချက်တချို့ မြင်နေရတယ်လို့ သုံးသပ်တာတွေ ရှိသလို သူတို့ကြွေးကြော်တဲ့ ဒီမိုကရေစီစနစ်နဲ့လည်း အံချော်နေတာတွေ တွေ့ရတော့
အဲဒီအပေါ်မှာ ဘာများပြောချင်ပါသလဲဘုရား။
ဖြေ – ဟိုအရင် ဦးသိန်းစိန်လက်ထက်ကတော့ ဒီမိုကရေစီ လမ်းလျှောက်တတ်ခါစ ကလေးသူငယ်ပုံစံမျိုး သတ်မှတ်ထားတာပေါ့။ တကယ်ဆိုရင်တော့ ဒီမိုကရေစီ မူကြိုအဆင့်ကို ရောက်သင့်ပြီလို့ အောက်မေ့တာပေါ့။
အခုကျတော့ ဒီမိုကရေစီက လမ်းလျှောက်တတ်တဲ့ မတ်တပ်သွားကလေးအဆင့်မှာပဲ သေဆုံးသွားတဲ့သဘော ဖြစ်သွားတာပေါ့။

မေး – ကိုဝင်းကိုကိုလတ်တို့ ရင်ဆိုင်နေတဲ့အမှုနှစ်ခုမှာ ဗဟန်းတရားရုံးကစစ်ဆေးနေတဲ့အမှုတစ်ခုက ၆ ရက်နေ့စီရင်ချက်ချမယ်လို့ သိရပါတယ်ဘုရား။
တပည့်တော်သိချင်တာက ရိုဟင်ဂျာမရှိဘူးဆိုပြီးဆန္ဒပြတယ်၊ ဘင်္ဂါလီပဲရှိတယ်လို့သာ ကြွေးကြော်တယ်၊ အခုအချိန်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ တပ်မတော် ကာကွယ်ရေးဦးစီးဌာန စတဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ
ဘင်္ဂါလီအကြမ်းဖက်သမားလို့ သုံးလာတယ်၊ သူတို့ကိုယ်တိုင်သုံးလာပြီဆိုတော့ ဒီအပေါ်မှာရော အမှုအခြေအနေတွေက ဘယ်လိုတွေဖြစ်လာနိုင်ရာရှိပါသလဲဘုရား။
ဖြေ – အပြောင်းအလဲ မရှိနိုင်ပါဘူးကွာ။ သူတို့တတွေကတော့ အမျိုးသားရေးသမားတွေ မှန်သမျှကို ကြည့်မရတာလေ။ အမျိုးသားရေးသမားတွေမရှိမှ သူတို့ အမျိုးသားလုံခြုံရေးစည်းတွေကို စိတ်တိုင်းကျ
ချိုးဖောက်ဖျက်ဆီးနိုင်မှာလေ။ အဲတော့ ဘင်္ဂါလီလို့ အစိုးရကပဲ တရားဝင်ထုတ်ပြန်ထုတ်ပြန်၊ ရိုဟင်ဂျာမရှိဘူးလို့ပဲ တရားဝင်ကြေညာကြေညာ၊ အမျိုးသားရေးသမားတွေကို စမက ပုဒ်မနဲ့ ဖမ်းစီးအရေးယူနေဦးမှာပါပဲ။

မေး – အစိုးရဘက်ကပေါ့ဘုရား၊ အမျိုးသားရေးသမားတွေကို အမြင်မကြည်လင်မှု၊ အမျိုးသားရေးသွေးလန့်မှုက ဘယ်လောက်ထိရှိမယ်လို့သုံးသပ်လဲ။ ဖိနှိပ်မှုတွေက ဆက်ရှိလာနိုင်စရာ အကြောင်းရှိမလား။
ဖြေ – အစိုးရကတော့ အမျိုးသားရေးသမားတွေအပေါ်မှာ အမြင်မကြည်လင်မှု ၁၀၀ ရာခိုင်နှုန်းရှိတာပေါ့။ နိုင်ငံရေး အာဃာတပေါ့လေ။ သူတို့က လက်စားမချေနဲ့၊ သင်ပုန်းချေလို့ ပြောလာခဲ့ပေမယ့်
တကယ်တမ်းကျတော့ သူတို့ရင်ထဲမှာကိုက သူတို့ကို မထောက်ခံတဲ့သူ၊ သူတို့ကို ဝေဖန်တဲ့သူ၊ သူတို့ကို ထောက်ပြ တဲ့သူကို ရန်သူလို သဘောထားတာကိုး။
ဒီအစိုးရတက်လာပြီးတဲ့အချိန်နောက်ပိုင်းမှာ ကြံ့ခိုင်ရေးပါတီကလည်း အတိုက်အခံအလုပ်ကို ကောင်းကောင်းမလုပ်ခဲ့ဘူး။ အတိုက်အခံမပီသခဲ့ဘူး။ အတိုက်အခံတာဝန်မကျေခဲ့ဘူးပေါ့။
ဒါပေမယ့် အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လာရင်တော့ မဘသနဲ့ အမျိုးသားရေးသမားတွေ၊ အမျိုးသားရေးဆရာတော်သံဃာတော်တွေကတော့ တာဝန်ကျေပြွန်စွာပဲ ခုခံကာကွယ်ခဲ့တယ်။
ဝေဖန်ထောက်ပြခဲ့တယ်ပေါ့နော်။ ပြောရမယ်ဆိုရင် သူတို့က အမျိုးသားလုံခြုံရေးစည်းတွေကို တစ်ခုချင်းတစ်ခုချင်း ချိုးဖောက်ချင်တယ်၊ ဖျက်ဆီးချင်တယ်လို့ ယူဆသုံးသပ်နိုင်စရာတွေ အများကြီးရှိတယ်။။
ဒီက လုံးဝ တစ်ခုမှ အဖောက်မခံနိုင်ဘူး၊ အဖျက်မခံနိုင်ဘူး။ ဒီမှာတင် အစိုးရက အမျိုးသားရေးသမားတွေကို မျက်စိဆံပင်မွှေးစူးသွားတာပေါ့နော်။

မေး – အရှင်ဘုရားပြောသလိုပဲ အမျိုးသားရေးသမားတွေ၊ အမျိုးသားရေးဆရာတော်တွေက ရခိုင်အရေးနဲ့ပတ်သက်ရင် အခုလို အကြမ်းဖက်တာတွေ၊
နယ်မြေသိမ်းတိုက်ပွဲဆင်နွှဲတာတွေဖြစ်လာနိုင်စရာရှိတယ်လို့ အစောကြီးကတည်းက ပြောခဲ့တာရှိပေါ့ ဘုရား၊ အရှင်ဘုရားကိုယ်တိုင်လည်းပဲ ပြောခဲ့တာ အကြိမ်ပေါင်းမနည်းခဲ့ဘူးပေါ့ဘုရား။
ဒါပေမယ့် အခုဖြစ်နေတဲ့ ပြသနာက ဘာလဲဆိုတော့ အမျိုးသားရေးသမားတွေကို အမြင်မကြည်လင်တဲ့သူတွေက ဒီဘင်္ဂါလီတွေအကြမ်းဖက်တာကိုတော့ ဆန့်ကျင်တယ်၊
အမျိုးသားရေးသမားတွေပြောနေတဲ့အချက်တွေတော့ မမှန်ဘူးလို့ ရေးနေပြောနေကြတာတွေ တွေ့ပါတယ်ဘုရား။ အဲဒီအပေါ်မှာ ဘယ်လိုများ သုံးသပ်ချင်ပါသလဲ။
ဖြေ – အဲဒါကျတော့ နိုင်ငံရေးအတ္တလို့ခေါ်တာပေါ့နော်။ ပြောမယ်ဆိုရင်တော့ သူတို့ မယ်တော်ကြီးက ဖြူရင် သူတို့ဖြူမှာပေါ့။ သူတို့ မယ်တော်ကြီးက မဲရင် သူတို့မဲမှာပေါ့။
သဘာဝက ဘယ်လောက်ပဲ ဖြူနေဖြူနေ သူတို့မယ်တော်ကြီးကမဲတယ်ဆိုရင် အဖြူကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ ဖြူပါတယ်လို့လည်း အမှန်တရားဘက်က တင်ပြပေးမယ့်သူတွေလည်း မဟုတ်ဘူးပေါ့။
နောက်ဆုံး မယ်တော်ကြီးက ဖြူတဲ့အတိုင်း လိုက်ဖြူလိုက်၊ မယ်တော်ကြီးက မဲတယ်ဆိုရင်လိုက်မဲလိုက်နဲ့ပဲ အမှန်တရားက ပျောက်ဆုံးသွားတော့မှာပေါ့နော့။

မေး – ရခိုင်အရေးကဆိုရင်လည်း ဒီကနေ့အထိ တည်ငြိမ်မှုမရှိသေးဘူးပေါ့ဘုရား။ ဒီရခိုင်အရေးနဲ့ ပတ်သက်လာရင် ကိုဖီအာနန်ရဲ့အစီရင်ခံစာကပဲ ထွက်ပေါက်အနေနဲ့ဖြစ်နိုင်မလား။
ဒါမှမဟုတ်ရင် ဘယ်ဟာအကောင်းဆုံးဖြစ်မလဲ။ ရခိုင်အရေးကို ဘယ်လိုကိုင်တွယ်သင့်ပါသလဲဘုရား။
ဖြေ – ကိုဖီအာနန်ရဲ့ အစီရင်ခံစာကထွက်ပေါက်မဟုတ်ဘူး။ ကိုဖီအာနန်ရဲ့အစီအရင်က ကျွန်သပေါက်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကျဆုံးမယ့် လမ်းစတွေ၊
တိုင်းပြည်ကျွန်သပေါက်ရောက်ရှိမယ့် လမ်းစတွေပေါ့။
ရခိုင်ရဲ့အဖြေက တကယ်တမ်းကျတော့သိပ်မခက်ခဲပါဘူး။ နိုင်ငံတကာဖိအားတွေကို ကြောက်နေရလို့၊ ပြီးတော့ မကင်းရာမကင်းကြောင်းလေးတွေရှိထားလို့၊
အဲဒါတွေကြောင့်သာ မလွန်ဆန်နိုင်ဘဲ ငါတိုက်ရိုက်လုပ်လို့တော့ မသင့်တော်ဘူး၊ ဒါလေး ဒါလေးတွေ လုပ်ပေးကြပါ၊ ဒါလေးဒါလေးတွေကြောင့် လုပ်ရတယ်ဆိုရင်တော့ ဒါကောင်းတယ်။
အဲဒီပုံစံမျိုးနဲ့ မိမိနာမည်တိုက်ရိုက်မဖော်လိုတာနဲ့ပဲ ကုလသမဂ္ဂအထိ ဖိအားတွေရောက်အောင် ပို့လိုက်တယ်လို့ ဦးဇင်းတို့က ယူဆတာပေါ့နော်။
လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ လုပ်ရတာပါဆိုတဲ့ ပုံစံမျိုး ချိုးချင်တာပေါ့။ အဲဒါကြောင့်မို့ ကိုဖီအာနန်ရဲ့ အစီရင်ခံစာဟာ တစ်မျိုးသားလုံးအတွက်အန္တရာယ်ပါပဲ၊ တိုင်းပြည်အချုပ်အခြာအာဏာ အတွက်ဆိုရင်တော့ အန္တရာယ်ပါပဲလို့ ပြောချင်တာပေါ့နော်။

မေး – အရှင်ဘုရား ကိုဖီအာနန်အစီရင်ခံစာကန့်ကွက်ပွဲမှာ ပြောခဲ့တာတစ်ခုရှိပါတယ်။ နိုင်ငံတကာဖိအားတွေကို ကြောက်နေတာလည်း အကြောက်တရားပဲဆိုတော့
နိုင်ငံဖိအားကို ကြောက်နေတဲ့သူတွေကို ဒီအကြောက်တရားက လွတ်မြောက်အောင် ဘယ်လိုအကြံများပေးချင်ပါသလဲဘုရား။
ဖြေ – အဓိကကတော့ စာလိုပေလိုပြောရင်တော့ နိကန္တိပေါ့ကွာ။ နိကန္တိဆိုတာ မဲမရတော့မှာ စိုးရိမ်နေတဲ့ မဲအပေါ်တပ်မက်နေတဲ့ လောဘပေါ့နော်၊
နောက် ဆုတံဆိပ်မရတော့မှာကိုတွေးပူနေတဲ့ ဆုတံဆိပ်တွေမက်မောတဲ့ လောဘပေါ့နော်၊ နိုင်ငံတကာက ကိုယ့်ကိုပစ်ခွာသွားမှာကိုလည်း စိုးရိမ်နေတာနဲ့
နိုင်ငံတကာအပေါ် သာယာနေတဲ့ လောဘပေါ့၊ အဲဒီ လောဘတရားကို ချုပ်တည်းနိုင်မယ်ဆိုရင်တော့ အမှန်တရားက ဘွားခနဲပေါ်လာမှာပါ။

မေး – မဘသရော၊ အရှင်ဘုရားကောကို မီဒီယာအတော်များများက အစွန်းရောက်တယ်လို့ ပုံဖော်ရေးသားကြတယ်ပေါ့။ အဲဒီမှာ အကျိုးဆက်အနေနဲ့ ဘာဖြစ်လာသလဲဆိုရင်
မီဒီယာတွေပြောသမျှယုံနေတဲ့သူတွေကလည်းပဲ ရှိနေတယ်ပေါ့ဘုရား။ အဲဒီလို မီဒီယာပြောသမျှဟာ အမှန်ဖြစ်တယ်လို့ ယုံကြည်တဲ့သူတွေ များများလာရင် မီဒီယာစစ်ပွဲမှာ
မဘသရော၊ အရှင်ဘုရားရော ရှုံးတယ်လို့ ပြောလို့ရနိုင်မလားဘုရား။
ဖြေ – လောလောဆယ်တော့ အွန်လိုင်းမှာ သူတို့အင်အားသာတော့ အွန်လိုင်းမှာ အရေးနိမ့်တာပေါ့နော်။ မြေပြင်မှာလည်း စာနယ်ဇင်းသတင်းမီဒီယာတွေနဲ့ ဘာတွေညာတွေနဲ့ယှဉ်လိုက်ရင်
မဘသဘက်က မီဒီယာက နှစ်ခုသုံးခုပဲရှိတယ်ဆိုတော့ ရှုံးနိမ့်တာပဲလေ။ မီဒီယာရဲ့ လောင်းရိပ်မိနေတဲ့သူမှန်သမျှဟာ မဘသအပေါ် အထင်အမြင်လွဲနေဦးမှာပေါ့နော်။
ဒါပေမယ့် မီဒီယာကို ပြန်လည်ဝေဖန်တဲ့သူ၊ မီဒီယာကိုအကြောင်းပြုပြီးတော့ ဆင်ခြင်တုံတရားနဲ့ အမှားအမှန် ဆုံးဖြတ်တဲ့သူဆိုရင်တော့ သူဟာ မဘသကို နှစ်နှစ်ကာကာ ယုံကြည်နေမှာပဲလေ။
မဘသရဲ့ ကံကြမ္မာက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရားအပေါ်မှာ မူတည်နေတာပေါ့။

မေး – အောင်ဇေယျတုတို့၊ အတုမရှိတို့က ကတ်တွေပြန်အပ်ဖို့ ပြောလာပြီဆိုတော့ နားကောင်းနားရနိုင်တယ်ပေါ့ဘုရား။ တခြားနည်းလမ်းတစ်ခုနဲ့ ပြန်လာရင်လည်း လာဦးမှာပေါ့ဘုရား။
အောင်ဇေယျတုနဲ့ အတုမရှိဂျာနယ်စာဖတ်ပရိသတ်အတွက် သီးသန့်အမှာစကားလေး ပြောပေးပါဦးဘုရား။
ဖြေ – သာကီသွေးကလည်း ရပ်နားသွားပြီ၊ အရင်တုန်းကတော့ သာကီသွေးဟာ အမျိုးသားရေးခံတပ်ကြီး ဖြစ်ခဲ့တယ်ပေါ့။ အခု အမျိုးသားရေးခံတပ်တွေဖြစ်တဲ့ အောင်ဇေယျတုနဲ့ အတုမရှိလည်း ပြန်အပ်ရမယ့် သဘောရှိတယ်။
အောင်ဇေယျတုကျဆုံးသွားတာဟာ အမျိုးသားရေး အညွန့်ကျိုးသွားခြင်းပဲလေ။ ဒါကြောင့် ဂျာနယ်အနေနဲ့သာ၊ နာမည်အနေနဲ့သာ ကျဆုံးဆုံးပါစေ၊ အမျိုးသားရေးအနေနဲ့ အကျရှုံးမခံနိုင်ဘူး။ အောင်ဇေယျတုနဲ့ အတုမရှိဟာဥပဒေဘောင်ထဲကနေပဲ နာမည်အသစ်နဲ့ ပြည်သူ့ထံမှောက်အရောက်လာခဲ့ မယ်လို့ ပြောချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။