သတင်း

မဘသအဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက်နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ(၂-နိဂုံး)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ရခိုင်သတင်းလေးလည်း နည်းနည်းမေးချင်ပါတယ်ဘုရား။ ဒေါက်တာအေးမောင်တို့၊ ကိုဝေဟင်အောင်တို့ အဖမ်းခံရတယ်၊ ရခိုင်တိုင်းရင်းသား ၇ ဦးလည်း ပစ်ခတ်မှုကြောင့် သေဆုံးတယ်။ ဒီလိုအချိန်မှာ အစိုးရအနေနဲ့ မှားတယ်မှန်တယ်ဆိုတာကို အဖြေရှာသင့်လား၊ ဒါမှမဟုတ် ရခိုင်နဲ့ ဗမာ တိုင်းရင်းသားချင်း အပြန်အလှန် နားလည်ယုံကြည်မှုတည်ဆောက်တာ ပိုပြီးအရေးကြီးလား။ ဘယ်ဟာရ ပိုအရေးကြီးမယ်လို့ထင်လဲဘုရား။

ဖြေ- အစိုးရကိုင်တွယ်မှုကတော့ အတော်အားနည်းပါတယ်။ ပြောရရင်လည်း ဆီလိုအပေါက်ရှာပြီး ဝေဖန်တယ်ထင်မှာစိုးလို့ မပြောခဲ့တာ။ တကယ်တော့ ရခိုင်ဘက်က ဖြစ်တဲ့ကိစ္စကလည်း ဒီဟောပြောမှုမှာ ပါဝင်တဲ့ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် သူတို့လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ထိခိုက်နိုင်တာပဲလေ။ အစိုးရကိုင်တွယ်တာ ကြည့်လိုက်ပြန်တော့လည်း ကိုယ်ကိုယ်တိုင်ဦးဆောင်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာကြီးကို ထိခိုက်စေနိုင်တာပဲလေ။ နှစ်ဦးနှစ်ဖက်စလုံး ထိခိုက်စေနိုင်တဲ့ နည်းလမ်းကိုပဲ ကျင့်သုံးသွားတာပေါ့။ နောက်ပြီးတော့ ဒေါက်တာအေးမောင်ကို ဖမ်းလိုက်တဲ့အခါကျမှပဲ လွှတ်တော်အမတ်ကို ဒီလိုဖမ်းလို့ရပါလားဆိုတဲ့ သင်ခန်းစာလေး ရသွားတာပေါ့နော်။

ဒါ့ကြောင့်လည်း ဒေါက်တာအေးမောင်မတိုင်ခင် မိန်းမကိစ္စအရှုပ်အရှင်းဖြစ်တဲ့ ၀န်ကြီးကအစ အခြားအခြားသော ပြည်သူကို မောက်မာတဲ့သူတွေ၊ ပြည်သူကို စော်ကားတဲ့သူတွေ၊ အဲဒီ ပုဂ္ဂိုလ်တွေအတွက်ကျတော့ လွှတ်တော်မှာ အဆိုပြုပြီး ဖမ်းဆီးခွင့်တောင်းဖို့နေနေသာသာ ရဲစခန်းကတောင်မှ အမှုလက်မခံရဲဘူးလေ၊ တရားရုံးကတောင် အမှုလက်မခံရဲဘူးလေ။

ကိုယ့်ပါတီဝင်မဟုတ်ဘဲ တိုင်းရင်းသားပါတီက ခေါင်းဆောင်တစ်ယောက်ကျတော့ ဖမ်းဆီးတာ လွယ်လိုက်တာလို့ အောက်မေ့မိတာပေါ့နော်။ ဒီလိုကိုင်တွယ်လိုက်တာကြီးကလည်းပဲ ကိုယ်သွားနေတဲ့လမ်းကြောင်းကို ထိခိုက်စေနိုင်တာပဲလေ။ ဒါကြောင့်မို့ အစိုးရကိုင်တွယ်ပုံကတော့ အန္တရာယ်ကြီးတဲ့နည်းတွေကိုပဲ ကျင့်သုံးနေတယ်လို့ပဲ ပြောရမှာပါ။

မေး- ရခိုင်အရေးနဲ့ဆက်ပြီးကြည့်ရင် တိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒကို တော်တော်လေးပြောကြတယ်ပေါ့ဘုရား။
မတရားမှုကိုတော်လှန်တဲ့ တော်လှန်ရေးတိုင်းလိုလိုမှာ ဗမာတွေနဲ့ တိုင်းရင်းသားတွေ အတူတကွ လက်တွဲပြီးတော့ လုပ်ခဲ့ကြတာပဲလေ။ ဗမာတွေလည်း တိုင်းရင်းသားတွေနဲ့အတူ အဖမ်းခံခဲ့ရတာတွေ၊ အသတ်ခံခဲ့ရတာတွေ မနည်းပါဘူးဘုရား။ တချို့ တိုင်းရင်းသားတွေဘက်က ဗမာလူမျိုးကြီးဝါဒဆိုတဲ့ ဗမာမုန်းတီးရေးအမြင် ဘာလို့ ရှိနေကြတယ်လို့ ပြောလို့ရနိုင်မလဲဘုရား။ အရှင်ဘုရား ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- အဓိကကတော့ နိုင်ငံရေးမှိုင်းပေါ့။ ဗမာမုန်းတီးရေးမှိုင်းတိုက်ပြီးတော့ တိုင်းရင်းသားတွေနဲ့ ဗမာတွေကို ခွဲခြားပစ်လိုက်တာပေါ့။ အဲဒီလို ခွဲခြားပစ်လိုက်မှပဲ သူတို့ သြဇာညောင်းမှာတို့၊ သူတို့ညွှန်ကြားတဲ့အတိုင်း လုပ်မှာတို့၊ သူတို့ရည်ရွယ်ချက် အောင်မြင်မှာတို့၊ အဲဒီရည်ရွယ်ချက်တွေကြောင့် ခွဲပစ်လိုက်တာပေါ့နော်။

များသောအားဖြင့် ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားတွေက ရိုးဖြောင့်ကြတယ်လေ။ ဖွံ့ဖြိုးမှုအားနည်းတဲ့အခါကျတော့ ဗဟုသုတ ခေါင်းပါးကြတာပေါ့။ ကိုယ်အထင်ကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ပြောတယ်ဆိုတော့ အဟုတ်ထင်ကုန်ကြတာပေါ့။ ဒီနိုင်ငံရေးခေါင်းဆောင်ပြောတာကို ဟုတ်၏၊ မဟုတ်၏ဆိုတဲ့ ပြန်လည်ဝေဖန်နိုင်စွမ်း မရှိကြတော့ဘူးလေ။ အဲဒီမှာပဲ ဗမာမုန်းတီးရေးဝါဒက ကျယ်ပြန့်သွားတာပေါ့။

ပြည်နယ်အများစုမှာရှိတဲ့ တိုင်းရင်းသားအတော်များများကတော့ ဗမာကို မုန်းတီးတဲ့စိတ်တွေ ရှိကြတာပေါ့။ နိုင်ငံရေးသမားတွေက မှိုင်းတိုက်ပြီးတော့ သွေးခွဲတာလို့ ပြောလို့ရတယ်။ သွေးခွဲပြီးတော့ နိုင်ငံရေးလုပ်စားတာလို့လည်း ပြောလို့ရတာပေါ့နော့။

မေး- မဟော်သဓာကျောင်းအတွက် အစည်းအဝေးခေါ်ထားတာလေး တွေ့ပါတယ်ဘုရား။ ဘာတွေတိုင်ပင်ဖို့ရှိကြသလဲ၊ ရှေ့လျှောက် ဘာတွေလုပ်မလဲ သိချင်ပါတယ်ဘုရား။

ဖြေ- ဇန်န၀ါရီလ ၂၁ ရက်နေ့ ၀ါခင်းကုန်းဆရာတော်ကြီးရဲ့ကျောင်းတိုက်မှာ အစည်းအဝေးလုပ်ကြမှာပေါ့နော်။ အဲဒီအစည်းအဝေးမှာတော့ မဟော်သဓာကျောင်းတော်ကြီး ဖြစ်မြောက်အောင်မြင်ရေးအတွက် ကော်မတီအသီးသီးဖွဲ့ကြမှာပေါ့။ ဗဟိုကော်မတီ၊ အထူးကြီးကြပ်ရေးကော်မတီ၊ အထွေထွေလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးကော်မတီ၊ စာရင်းစိစစ်ရေးကော်မတီတို့ ဒါမျိုးတွေဖွဲ့ပြီးတော့ အဖွဲ့အစည်းလေး အတည်တကျဖြစ်သွားတာနဲ့ တစ်ပြိုင်နက်စာသင်ဆောင်ကို စဆောက်ကြတော့မှာလေ။ စသင်ဆောင်ကို စဆောက်ပြီဆိုမှ လိုင်းပေါ်မှာ ဒီဖွဲ့စည်းပုံနဲ့ အဖွဲ့အစည်းအမည်နဲ့ ဖုန်းနံပါတ်တွေနဲ့ ဗီနိုင်းတွေနဲ့ လုပ်ငန်းအစီအစဉ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်မှာပေါ့။ အဲဒီအတွက် ဆွေးနွေးကြတာပါနော်။

မေး- အရှင်ဘုရားကို တရားပွဲပိတ်တဲ့အထဲမှာ အဓိကပါဝင်တဲ့ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးမန်းဂျော်နီ နုတ်ထွက်သွားတာနဲ့ပတ်သက်လို့ အရှင်ဘုရား ဘယ်လိုမြင်ပါသလဲ။

ဖြေ- ဘယ်သူပဲဖြစ်ဖြစ်ပေါ့ကွာ ဒီနေရာကနေ ဘယ်နုတ်ထွက်ချင်ပါ့မလဲ။ မလွန်ဆန်နိုင်လို့သာ နုတ်ထွက်သွားရတာပါ။
ကရုဏာတော့ ဖြစ်မိတာပေါ့။ ဒါပေမဲ့ ဦးမန်းဂျော်နီဟာ နေရာကောင်း ရရှိခဲ့ပေမဲ့ ခြေရာကောင်းတွေ မချန်ထားနိုင်ခဲ့ပါဘူး။
ဝေဒနာအပေါင်းတွေပဲ ထားရစ်ခဲ့တာပါ။

လူတွေက လက်ထဲ အာဏာရရှိသွားပြီဆိုရင် ထာဝရတည်မြဲမယ်လို့ပဲ အောက်မေ့နေကြတာ။ အဲဒီလို အတွေးအမြင် အမှားတွေကြောင့် ဘဝင်မြင့်တာတွေ အောက်ခြေလွတ်တာတွေ မိုးကောင်းတုန်းရွာတာတွေ ဖြစ်ကုန်ကြတာလေ။
ကျန်တဲ့သူတွေ သင်္ခန်းစာယူစေချင်တယ်။

မေး- ဒီတစ်ပတ်အတွက် အမျိုးသားရေးသမားတွေအတွက် သြ၀ါဒစကားလေး မိန့်ကြားပေးပါဦးဘုရား။

ဖြေ- ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတဲ့စကားလည်း ရှိပါတယ်။ ဆင်စွယ်မှန်ငြား ပိုးမစားဆိုတဲ့စကားလည်းရှိပါတယ်။ ကိုယ်ကိုယ်တိုင် ပတ္တမြားတစ်ပွင့်လို အရည်အသွေးပြည့်ဝနေဖို့ပဲ လိုပါတယ်။ ဆင်စွယ်တစ်ခုလို အနှစ်သာရပြည့်ဝနေဖို့ပဲ လိုပါတယ်။
ဒါကြောင့် အနှစ်သာရပိုင်းမှာရော အရည်အသွေးပိုင်းမှာပါ စံမီအောင် ကြိုးစားပြင်ဆင်ထားကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။