သတင်းအင်တာဗျူး

မဘသအဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက်နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ခြေရာတွေကတော့ နေရာမလပ်ကျန်ရစ်ခဲ့တာပဲလေ(၁)

(ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး- ပထမဆုံးအနေနဲ့ နေပြည်တော်မှာကျင်းပတဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဦးဆောင်ဆရာတော်တွေ တွေ့ဆုံတဲ့ အစည်းအဝေးပေါ့ဘုရား။ အဲဒီမှာ မဘသဆရာတော်တွေလည်း ပါတာပေါ့ဘုရား။ အဲဒီအစည်းအဝေးပွဲမှာ အရှင်ဘုရားကို မတွေ့ရဘူးဆိုတော့ ဘာ့ကြောင့် မတက်ဖြစ်တာလဲ သိချင်ပါတယ်ဘုရား။

ဖြေ- နံပါတ်(၁)ကတော့ မဘသ အမည်ပြောင်း ဖောင်ဒေးရှင်းက နုတ်ထွက်ထားတာပေါ့နော်။ နုတ်ထွက်ထားပါလျက် အစည်းအဝေးတွေမှာပါ၊ ဟိုအခမ်းအနားပါ ဒီအခမ်းအနားပါပါ ပါနေတဲ့အခါကျတော့ ဦးဇင်းကြောင့် ဖောင်ဒေးရှင်းကြီး ပုံရိပ်ထိခိုက်နိုင်တယ်ဆိုတဲ့အသံတွေလည်း ကြားနေရတာပေါ့နော်။

ကိုယ့်ကြောင့် ဖောင်ဒေးရှင်းကြီးရဲ့ပုံရိပ် ထိခိုက်မှာစိုးလို့ မတက်တာပါ။ ဖောင်ဒေးရှင်းကြီးကတော့ဖုန်းလည်းဆက်ပါတယ်။ ဖိတ်စာလည်း ပို့ပါတယ်။ လူကဆက်လိုက်၊ ဘုန်းကြီးကဆက်လိုက်နဲ့ ဖိတ်ပါတယ်နော်။ ဦးဇင်းကိုယ်တိုင်က ဖောင်ဒေးရှင်းကြီး ရေရှည်ရပ်တည်နိုင်ဖို့အတွက် ရည်ရွယ်ပြီး မတက်ဘဲနေလိုက်တာပါ။

မေး- ဖောင်ဒေးရှင်းလို့ အမည်ပြောင်းပြီးခါစတုန်းက အစည်းအဝေးတစ်ခုမှာ အရှင်ဘုရားက လေ့လာသူအနေနဲ့ တက်ဖူးတယ်ပေါ့ဘုရား။ အဲဒီပွဲမှာပဲ ဖောင်ဒေးရှင်းကြီးအနေနဲ့ ရခိုင်ဒေသကို လှူဖို့ အကြံပေးတာတွေ နှိုးဆော်တာတွေ လုပ်တယ်။ ဒါပေမဲ့ ဖောင်ဒေးရှင်းအဖွဲ့ကြီးက ရခိုင်ဒေသကို သွားလှူတဲ့အခါကျတော့ အရှင်ဘုရားကို မတွေ့ရပြန်ဘူး။ အဲဒါကကော ဘာကြောင့်ဖြစ်မလဲမသိဘူးဘုရား။

ဖြေ- ဥက္ကဋ္ဌဆရာတော်ကြီးရော ကျန်တဲ့ဆရာတော်တွေရော ဦးဇင်းနဲ့ တစ်သွေးတည်း တစ်သားတည်းပါပဲ။ ဒါပေမဲ့ တကယ့်အဆုံးအဖြတ်ပေးမယ့် ပုဂ္ဂိုလ်တွေကျတော့ ဆရာတော်ကြီးနဲ့ တခြားဆရာတော်တွေထဲမှာ မပါဘူးလေ။ အဲဒီ အဆုံးအဖြတ်ပေးမယ့် ပုဂ္ဂိုလ်နှစ်ပါးကျတော့ ဦးဇင်းကို ဖောင်ဒေးရှင်းနဲ့ ကင်းကင်းရှင်းရှင်းနေစေချင်တာပေါ့။

အဓိကကတော့ ဖောင်ဒေးရှင်းက ၀ီရသူနဲ့ကင်းကင်းရှင်းရှင်းဖြစ်မှ အသက်ရှည်မယ်လို့ ယူဆထားတာပေါ့နော်။ ဒါကြောင့်မလို့ သူတို့နှစ်ပါးရဲ့ ဆုံးဖြတ်ချက်အရ ကျန်တဲ့ဆရာတော် သံဃာတော်တွေက လှုပ်ရှားရတာဆိုတော့ ဦးဇင်းမပါဘူး ဖြစ်သွားတာပါ။

မေး- နောက်တစ်ခုကတော့ ဒီဟာနဲ့ဆက်စပ်လို့ပေါ့လေ။ မဘသကို အစိုးရက ဖျက်သိမ်းတယ်ဆိုတဲ့ အသုံးအနှုန်းပဲ သုံးပါ့မယ်ဘုရား။ အစိုးရက မဘသကို ဖျက်သိမ်းတယ်၊ ဒီလိုဖျက်သိမ်းတဲ့အကြောင်းထဲမှာ ထင်ရှားတဲ့အကြောင်းက ဆရာတော် ဦးဝီရသူကြောင့်လို့လည်း ပြောကြတယ်ပေါ့ဘုရား။ အဲဒီအပေါ်မှာကော အရှင်ဘုရားအနေနဲ့ ဘာပြောချင်လဲဘုရား။

ဖြေ- ဦးဝီရသူကြောင့်လို့ ပြောကြတာကတော့ အထင်နဲ့ ပြောကြတာပါ။ လူမုန်းများတဲ့သူ ပါနေလို့၊ လူမုန်းများတဲ့သူကို ထုတ်ပစ်လို့ရှိရင် ဒီအဖွဲ့ကြီးက အစွပ်စွဲမခံရတော့ဘူးတို့၊ အန္တရာယ်ကင်းမှာတို့ သူတို့ ယူဆကြတာပေါ့နော်။

အဲဒီလိုယူဆကြတဲ့အတွက်ကြောင့် သူတို့ ယူဆတဲ့အတိုင်း ဆရာတော် သံဃာတော်တွေကိုလျှောက်တော့ ဆရာတော် သံဃာတော်တွေက အထူးသဖြင့်တော့ အဆုံးအဖြတ်ပေးတဲ့ ပုဂ္ဂိုလ်နှစ်ပါးက သူတို့ပြောတာကို လက်ခံတာပေါ့။

လက်ခံတဲ့အတွက်ကြောင့် သူတို့က ဦးဇင်းကို ကင်းကင်းရှင်းရှင်းဖြစ်အောင် နေစေချင်တာလေ။  တကယ်တမ်းကျတော့ အဲဒီလိုမဟုတ်ပါဘူး။ တကယ်လို့သာ ဦးဝီရသူကြောင့် မဘသကြီးဟာ အစိုးရအငြိုးအတေးထားတာ ခံခဲ့ရတယ်ဆိုရင် ဦးဝီရသူမပါတော့တဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းကြီး နေပြည်တော်မှာ ဆွမ်းလောင်းပွဲလုပ်မယ်ဆိုတုန်းက ကြည်ကြည်သာသာကို ခွင့်ပြုရမှာလေ။

ခုတော့ အဲဒီလိုမဟုတ်ဘူး၊ တစ်လောကလုံးက ဆူညံပွက်နေမှ၊ သူတို့လုပ်ချင်တာတွေ လုပ်ပြီးမှ ပြန်လည်ပြီးတော့ အဖတ်ဆယ်တဲ့အနေနဲ့ ခွင့်ပြုတာကိုး။

သူတို့က ဒီလိုယူဆပေမယ့်လို့ အစိုးရကတော့ အမျိုး ဘာသာ သာသနာဆိုတဲ့ စကားလုံးကို မကြားချင်တာ။ အမျိုး ဘာသာ သာသနာဆိုတဲ့ စကားလုံးပါတဲ့ အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပြီးတော့ နှိမ်နင်းမှာပဲလေ။
ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးအမြင် နည်းပါးတဲ့အတွက်ကြောင့် ဒီလိုအတွေးအခေါ်တွေ ဖြစ်ပေါ်လာပြီးတော့ အချင်းချင်းကို ဟင်္သာကိုးသောင်းဇာတ်ခင်းဖို့ အကြံအစည်တွေပေါ်လာတယ်လို့ ယူဆရမှာပါ။

မေး- မဘသ ရှိခဲ့တဲ့ တစ်လျှောက်လုံး၊ နာမည်မပြောင်းခင်တစ်လျှောက်လုံး၊ မဘသအဖွဲ့ကြီးအနေနဲ့ ရှိခဲ့တဲ့ တစ်ချိန်လုံးမှာ မဘသလို့ပြောလိုက်တာနဲ့ အမျိုးသားရေးလှုပ်ရှားမှုလို့ပဲ နားလည်ကြတယ်။ အမျိုးသားရေးလှုပ်ရှားမှုဆိုတာနဲ့ အရှင်ဘုရားက ဦးဆောင်သူအခန်းကဏ္ဍကနေ ပါဝင်လာတယ်။ ဆိုတော့ ဒီထဲမှာပဲ မဘသထဲမှာပဲ ပွင့်ပွင့်လင်းလင်းပြောရရင် တချို့က အရှင်ဘုရားပါမှ ပြည့်စုံတယ်လို့ယူဆကြပြီး တချို့က အရှင်ဘုရားပါလာရင် အန္တရာယ်ရှိတယ်လို့ ယူဆကြတယ်။ တပည့်တော်သိချင်တာက ဆရာတော်ဦးဝီရသူအနေနဲ့ မဘသအတွက် ဘာတွေလုပ်ပေးခဲ့သလဲ ဘုရား။ ဘာတွေလုပ်ပေးနိုင်ခဲ့လဲဘုရား။

ဖြေ- မဘသအဖွဲ့ကြီး စပြီးတည်ထောင်တဲ့အချိန်မှာတော့ ဦးဇင်းတို့ ခုနစ်ပါး ပါတာပေါ့။ အဲဒါက မဖွဲ့ခင် ကြိုတင်ညှိနှိုင်းတဲ့အချိန်ပေါ့။ တကယ့်တကယ်ဖွဲ့တဲ့အခါကျတော့ ဦးဝီရသူက မပါတော့ဘူးလေ။ မပါတော့ဘူးဆိုတာက တိုင်းနဲ့ပြည်နယ်တစ်ခုကို ဦးဆောင်ဆရာတော် သုံးပါးပဲ ရွေးတာကိုး။ မန္တလေးတိုင်းက တက်လာတဲ့သံဃာတွေကျတော့ တကယ်အရည်အချင်းရှိတဲ့ သံဃာတွေက သုံးပါးမကဘူး ဖြစ်နေတာကိုး။

အဲဒီတော့ ဦးဇင်းက အသက်ကြီးတဲ့သူတွေရော၊ လုပ်နိုင်စွမ်းရှိတဲ့သူတွေရော အဲဒီသုံးပါးကို ရွေးချယ်ပြီး ဦးဇင်းက နောက်ဆုတ်လိုက်တာပေါ့နော်။ ဦးဇင်းကတော့ ဗဟိုဦးဆောင်ထဲမှာ မပါတော့ဘူး။ တခြားသုံးပါးကိုပဲ ဗဟိုဦးဆောင်ထဲမှာ တင်လိုက်တော့မယ်၊ တကယ်လို့ ဗဟိုအဖွဲ့က တစ်ခုခုခိုင်းခဲ့သည်ရှိသော် အလုပ်လုပ်မယ်ဆိုပြီးတော့ ဦးဇင်းက ဗဟိုဦးဆောင်ထဲ မပါလိုက်တာပေါ့လေ။

အဲဒီလို တိုင်းနဲ့ပြည်နယ် သုံးပါးရွေးချယ်လိုက်ပြီးတော့ ဒုတိယအကြိမ် ထပ်ပြီးတော့ စည်းဝေးတဲ့အချိန်ကျတော့ ဦးဇင်းက အစည်းအဝေးခန်းမထဲ ၀င်ခွင့်မရတော့ဘူးလေ။ အဲဒီတော့ ဦးဇင်းက ဗဟိုဦးဆောင်ထဲ မပါဘူးဖြစ်သွားတာပေါ့။ နောက်ကျမှ ဘဏ္ဍာငွေရှာဖွေရေးအတွက် ဓမ္မကထိကဆရာတော်တွေ သီးသန့်ဖွဲ့တဲ့အခါကျမှ ဦးဇင်းက ပါရတာပေါ့လေ။

ဦးဇင်းကို မဘသ(ဗဟို)ဦးဆောင်လို့ လူတွေသိထားကြပေမယ့် တကယ်တမ်းကျတော့ မဘသ(ဗဟို)ဦးဆောင်အဖွဲ့ထဲမှာ ဦးဇင်းမပါဘူး။ ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ထဲမှာပဲ ဦးဇင်းပါတယ်။ ဒါပေမဲ့ မဘသကြီးဖွဲ့ဖို့ ကြိုတင်ဆွေးနွေးကြတဲ့ စတင်တည်ထောင်သူခုနစ်ပါးထဲမှာ ဦးဇင်းပါတယ်။ စတင်တည်ထောင်သူ ခုနစ်ပါးအဆင့်ကတည်းကိုက မျိုးစောင့်ဥပဒေအတွက် အထက်ဗမာပြည်က ထောက်ခံလက်မှတ်တွေ ရရှိဖို့အတွက် ဦးဇင်း ကြိုးစားပမ်းစား ကောက်ခံခဲ့တာပေါ့နော်။

နောက် မျိုးစောင့်ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒိုင်ခံဖြေရှင်းခဲ့ရတာတွေ၊ ဒိုင်ခံကာကွယ်ရတာတွေ အများကြီးပေါ့နော်။
အဖွဲ့အစည်းအတွင်းထဲမှာလည်းပဲ ဘယ်လိုကော်မတီဖွဲ့ရင် ကောင်းမလဲ၊ ဘယ်လိုကြေညာချက်ထုတ်ရင် ကောင်းမယ်။ နောက်ပြီး ကြေညာချက်ထုတ်တဲ့အဖွဲ့ကို သီးသန့်လေး ဘယ်လိုချိတ်ဆက်ပြီးတော့လုပ်ရင် ကောင်းမယ်၊ ဥပဒေရေးရာကော်မတီမှာ ဘယ်လိုဆိုလို့ရှိရင် ကောင်းမယ်၊ အမှုတွေနဲ့ပတ်သက်ပြီး ဒိုင်ခံဖြေရှင်းမယ့်သူတွေဆိုရင် ဘာတွေလုပ်အပ်တယ်၊ စသဖြင့် ဒါမျိုးတွေကို ဦးဇင်းက ဆရာတော်ကြီးဆီကိုလည်း အကြံပြုတယ်၊ ဗဟိုဦးဆောင်ဆရာတော်တွေကိုလည်း အကြံပြုတယ်ပေါ့။

အခမ်းအနားတွေမှာလည်း ကြေညာချက်ထုတ်တဲ့အခါကျတော့ ဘယ်ဟာ ဘယ်ဟာလေးကို ထုတ်သင့်တယ်၊ ဘယ်ဟာမျိုးကို မထုတ်သင့်ဘူး၊ ၀ိုင်းဖွဲ့ပြီးတော့ ဦးဇင်းတို့ ဆွေးနွေးကြတာပေါ့။ နောက် သဘာဝဘေးပေါ်လာတဲ့အခါ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလုပ်ကြမယ်၊ ဒါမျိုးတွေလည်း တိုင်ပင်တဲ့အခါ ဦးဇင်းက ဦးဆောင်ဆွေးနွေးတာပေါ့နော့။ နောက် အစိုးရနဲ့ ထိပ်တိုက်တွေ့ လာတဲ့အခါမျိုးဆိုရင်လည်း ဦးဇင်းတို့က တာဝန်ယူပြီး ဦးဆောင်ဆွေးနွေးပေးလိုက်တာပေါ့။ ဥပမာ- ၀ှိုက်ကတ်ပြဿနာမျိုး။ ဆရာတော်ကြီးကျတော့ လူကြီးဆိုတော့ အစစ အရာရာ ၀င်ပြောလို့ မသင့်တော်ဘူးလေ။ သြ၀ါဒပေးရုံလောက်ပဲ သင့်တော်တာ။

ဆွေးနွေးတဲ့အခါကျတော့ ဦးဇင်းတို့ အငယ်ပိုင်းတွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရတာပေါ့နော့။ ပြောရမယ်ဆိုရင်တော့ မဘသအဖွဲ့ကြီးထဲမှာ ဦးဇင်းလုပ်ပေးခဲ့တာတွေကတော့ နေရာမလပ်ပါပဲ။ မဘသ အဖွဲ့အစည်းကြီးထဲမှာ ဦးဇင်းအတွက် နေရာမရှိတော့ပေမဲ့ ဦးဇင်းရဲ့ ခြေရာတွေကတော့ နေရာမလပ် ကျန်ရစ်ခဲ့တာပဲလေ။

မေး- ဒီအချိန်မှာ အမျိုး ဘာသာ သာသနာအတွက် အလုပ်လုပ်ချင်တဲ့သူတွေက ဘာလုပ်ကြရမလဲဘုရား။ ဆိုလိုတာက ဘယ်သူတွေရဲ့ ဦးဆောင်မှုနောက်ကို လိုက်ရမလဲ။ ဘယ်သူတွေက ဦးဆောင်နေသလဲဘုရား။

 ဖြေ- ဒီအချိန်ကတော့ ဘယ်သူ့ရဲ့ဦးဆောင်မှုဆိုတာကြီး လက်ညှိုးထိုးပြီးပြောဖို့ တော်တော်ခက်သွားတာပေါ့နော်။  ဘာကြောင့်လဲဆိုတော့ ၀ံသာနုအဖွဲ့ပဲဖြစ်ဖြစ်၊ မဘသအဖွဲ့ပဲဖြစ်ဖြစ်က စပ်ကူးမတ်ကူးကာလမှာ ပြန့်ကြဲနေသလိုဖြစ်သွားတာလေ။ အဲဒီလိုဖြစ်သွားတဲ့အတွက် အမျိုးသားရေးဦးဆောင်မှုအခန်းကဏ္ဍကျတော့ သိပ်ပြီး မတွေ့ရတော့ဘူးပေါ့နော့။ တစ်ပိုင်တစ်နိုင် အလုပ်လုပ်နေတာပဲ တွေ့ရတော့တာပေါ့။

အဲဒီတော့ အရေးကိစ္စတစ်ခု စုံစမ်းသိရှိရပြီဆိုရင် ဒီဟာကိုအကြောင်းပြုပြီးတော့ ဘယ်မြို့နယ်လဲ၊ ဘယ်ပြည်နယ်လဲ၊ ဘယ်တိုင်းလဲ အရင်ကြည့်ပြီးတော့ သက်ဆိုင်ရာဒေသမှာရှိတဲ့ မဘသတို့၊ ဖောင်ဒေးရှင်းတို့နဲ့ ဆက်သွယ်ပြီးတော့ ပြဿနာကို ဖြေရှင်းတာတို့၊ ကာကွယ်စောင့်ရှောက်တာတို့ လုပ်သွားရတာပေါ့နော်။

ဥပမာ- ထောက်ကြန့် စားသောက်ဆိုင်ကိစ္စ၊ နောက် မုဒုံ ရဟန်းတုကိစ္စ၊ နောက် မြစ်ကြီးနားက ဗုဒ္ဓရုပ်ပွားတော်ကို တက်ခွထိုင်ပြီး စော်ကားမော်ကားလုပ်တဲ့ ကိစ္စမျိုးတို့ အများကြီးပေါ့နော့။

အဲဒါမျိုးတွေ သိလာရတဲ့အခါကျရင် ညီတော်မောင်ရေလုပ်ပါဦး၊ နောင်တော်ကြီးရေ လုပ်ပါဦး ဒါမျိုးလေးတွေ အကူအညီတောင်းရတာပေါ့။ မုဒုံဆိုရင်လည်း မြစေတီ ရဲကျောင်းက ဒါယဇ္ဇဓမ္မကို ဖုန်းဆက်ပြီး ဒါလေးတွေ ဒီလိုလုပ်၊ ဒါလေးတွေကိုတော့ ဘယ်လိုလုပ်သင့်တယ် စသဖြင့် လှမ်းပြောရတာပေါ့နော့။

ထောက်ကြန့်ဆိုလို့ရှိရင်လည်း ရန်ကုန်က မဘသဆရာတော်တွေ၊ မျိုးချစ်သမဂ္ဂဆရာတော်တွေကို လှမ်းပြီးတော့ ဒါတွေတော့ ဖြစ်နေပြီ၊ ပစ်ထားလို့တော့မဖြစ်ဘူး၊ သတင်းအတိအကျစုံစမ်းပြီး လိုအပ်ရင် အကာအကွယ်ပေးကြဖို့လိုတယ်၊ ဒါမျိုးလေးတွေ အကြံဥာဏ်ပေးတာတို့၊ ညွှန်ကြားတာတို့ လုပ်ရတာပေါ့နော့။

နောက်ဆုံးပြောချင်တာကတော့ ဘယ်သူဘယ်ဝါရဲ့ နောက်က လိုက်တယ်ဆိုတာ လောလောဆယ် မဖြစ်နိုင်တော့ဘူး။

ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကာကွယ်မလဲဆိုတာ အရင်ဦးဆုံး ပြင်ထားရမယ်။ ပြဿနာတစ်ခုခုကို စုံစမ်းသိရှိရပြီဆိုရင်တော့၊ ကိုယ့်မြို့နယ် ကိုယ့်ပိုက်နက်မှာ ဖြစ်ပေါ်လာပြီဆိုရင် နောက်မကျဖို့ လက်မနှေးဖို့၊ သွေးမအေးဖို့၊ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ တိုက်တွန်းချင်တာပေါ့နော့။

(ဆက်လက်ဖော်ပြပါမည်)