သတင်း

သမိုင်းတရားခံ အစစ်အမှန်က ဘယ်သူလဲ

ပြည်ထဲရေးကို သာသနာရေးက အမိန့်ပေးခွင့်မရှိဘူး။  ပြည်ထဲရေးကလည်း တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူး။
မဘသ အရေးက ဥပဒေရေးအထိရောက်သွားပြီ။

၂၀၀၈ အခြေခံဥပဒေအရ၊ ၂၀၁၄ အသင်းအဖွဲ့ဥပဒေအရ မဘသ ဟာ တရားဝင် ရပ်တည်ခွင့်ရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်။
မိဘက သားသမီးကို အမွေပြတ်စွန့်လွတ်ကြောင်း ကြေညာရုံနဲ့ သွေးသားတော်စပ်မှုက ပြောင်းလဲသွားတာမဟုတ်ဘူး။ မဟနက မဘသကို စာထုတ်ပြီး အသိအမှတ်မပြုရုံလေးနဲ့ ဘုရားသားတော်အချင်းချင်း စာရင်းပျက်ယွင်းသွားတာမဟုတ်ဘူး။ မဟနနှင့် မဘသကို သွေးခွဲပေးတဲ့ ဝန်ကြီးနှင့် အစိုးရကသာလျှင် သမိုင်းရဲ့တရားခံအစစ်အမှန်ဖြစ်တယ်။ ဒါကြောင့် မဘသကို ဖြိုခွင်းချင်ရင် ၂၀၀၈ ခြေဥကို အရင်ဖျက်ပါ။

၂၀၁၄ ဖွဲ့ဥကို အရင်ဖျက်ပါ။ ဒါမှမဟုတ် ၂၀၀၈၊ ၂၀၁၄ ဥပဒေတို့အရ မဘသ တရားဝင်ရပ်တည်ခွင့် ရှိ/မရှိ ခုံရုံးဖွဲ့ပြီးတော့ အရင်ဆုံးဖြတ်လိုက်ပါ။ တရားခံအစစ်အမှန် ပေါ်ပါလိမ့်မယ်။

ဝီရသူ (မစိုးရိမ်)
26.7.2017
AM- 9:01
————————————————————————————————-

မဟနဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်သည့် အုပ်ချုပ်ရေးအဖွဲ့များ သမိုင်းတရားခံဖြစ်လာမည်ဟု သူရဦးအောင်ကိုပြော

By – လင်းဟိန်း ထက်အာကာကျော်

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့(မဟန)၏ဆုံး ဖြတ်ချက်များကို ဖော်ဆောင်ပေး ခြင်းမရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများသည် နောင်တစ်ချိန်တွင် သမိုင်းတရားခံ ဖြစ်လာမည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုကပြောသည်။

ဇူလိုင် ၂၃ ရက်က ကျင်းပခဲ့ သည့် အမျိုးသားလွှတ်တော် အ စည်းအဝေး၌ သာသနာရေးနှင့် သက်ဆိုင်သည့် မေးခွန်းကို လာ ရောက်ဖြေဆိုအပြီးတွင် မီဒီယာ များကို သူရဦးအောင်ကိုက အ ထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို ဘာသာရေးနှင့် လူမှုရေးအရ ဦးဆောင်နေ သည့် သံဃမဟာနာယကအဖွဲ့ သည် နိုင်ငံသားအများစုကို ကိုယ် စားပြုထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သဖြင့် ယင်းအဖွဲ့၏ဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက မပျက်မကွက်ဖော်ဆောင်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ပြော သည်။

‘‘သံဃမဟာနာယကအဖွဲ့ ရဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ရပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ညွှန်ကြားချက်တွေကို သက်ဆိုင် ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဖော် ဆောင်ရပါတယ်။ ဒါကို ဖော် ဆောင်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် မနက်ဖြန် (သို့မဟုတ်) နောင်မှာ သမိုင်းတရားခံ ဖြစ်သွားမယ်ဆို တာကို ပြောချင်ပါတယ်’’ဟုသူရဦးအောင်ကိုက ပြောသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သည် ပြည်ထောင်စုလူဦးရေ၏ ၈၀ ရာခိုင်နှုန်းကျော်က ကိုးကွယ်သည့် ဗုဒ္ဓဘာသာ အဖွဲ့အစည်းတစ်ခုဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ သံဃာပေါင်းငါးသိန်းက အများသဘောတူ ရွေးချယ်တင် မြှောက်ထားသည့် အဖွဲ့အစည်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့အပြင် သာသနာတော် သန့်ရှင်းရေးအတွက် တိုင်းနှင့်ပြည်နယ်အလိုက် မြို့နယ်များတွင် သာသနာတော်သန့်ရှင်းရေး ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ သံဃာ့စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက ပုံမှန်ထက် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေကြောင်း သူရဦးအောင်ကိုက ဆက်လက်ပြောသည်။

သို့သော်လည်း ကရင်ပြည် နယ်နှင့် မန္တလေးတိုင်းတို့မှ အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်များကိုမူ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖြစ်လာ မည်ကို စိုးရိမ်သဖြင့် အတင်း အဓမ္မဖြုတ်ချမည်မဟုတ်ကြောင်း လည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောသည်။

‘‘တာဝန်ရှိသူတွေကိုယ်တိုင် ဖြုတ်ချလာအောင် ညှိနှိုင်းမှာပါ။ အဲဒီဆိုင်းဘုတ်ကလေးနှစ်ခု၊ သုံး ခုနဲ့ မဘသအဖွဲ့ကြီးက ပြန်လည် ရှင်သန်လာမှာ မဟုတ်ဘူး’’ ဟု ၎င်းကဆိုသည်။

နိုင်ငံတစ်ဝန်းရှိ မဘသဆိုင်း ဘုတ်များကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား ဖြုတ်ချရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားခဲ့သော်လည်း ကရင်ပြည်နယ်နှင့် မန္တလေးတိုင်း တို့တွင် လက်ရှိအချိန်ထိ ဖြုတ်ချခြင်းမရှိသေးပေ။

မဘသအဖွဲ့သည် ဥပဒေနှင့် မညီသည့်အဖွဲ့အစည်းဖြစ်သဖြင့် ဖျက်သိမ်းခြင်းဖြစ်ကာ မဘသက နောက်ထပ်ဆင့်ပွားအဖွဲ့အစည်း များ ဖွဲ့စည်းလာပါကလည်း တ ရားဝင်မည်မဟုတ်ကြောင်း သူရ ဦးအောင်ကိုက ပြောသည်။

သံဃနာယကအဖွဲ့ကို လွန် ခဲ့သည့် ၁၉၈၀ ကတည်းက ရွေး ချယ်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လက်ရှိခေတ် သည် သတင်းအချက်အလက်နှင့် နည်းပညာခေတ်ဖြစ်သဖြင့် နိုင်ငံ တစ်ခု၏ ခေတ်သစ်သမိုင်းကြောင်းကို ယခင်ကကဲ့သို့ လူပုဂ္ဂိုလ်တစ်ဦး၊ တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်ပုံသွင်း၍ရမည့်အနေအထား မဟုတ်ကြောင်း သူရဦးအောင်ကိုကပြောသည်။

‘‘လက်ရှိဖြစ်ပျက်နေတာကို ပြည်သူတွေက ပြုစုမှတ်တမ်းတင် ကြပါတယ်။ လက်ရှိထုတ်ဝေနေ တဲ့ သတင်းစာ၊ ဂျာနယ်ကလည်း မနက်ဖြန်မှာ ဒီနိုင်ငံရဲ့သမိုင်းဖြစ် လာမှာပါ။ ဒါကြောင့် သမိုင်းကို လိမ်ညာဖို့၊ ဖုံးကွယ်ဖို့၊ ထိန်းချုပ်ဖို့ မရတော့ဘူးဆိုတာကို ပြောကြား လိုပါတယ်’’ ဟု ၎င်းကပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အသစ်ပြန်လည်ဖွဲ့စည်းသည့် သမိုင်းကော်မရှင်က လက်ရှိဖြစ်နေသည့် အကြောင်းအရာများကို တစ်ရက်ချင်းစီ သမိုင်းမှတ်တမ်း တင်ထားသည် ဟုဆိုသည်။ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် စေချင်ပါက ကိုယ့်စည်း၊ သူ့စည်းဖြင့် မိမိအလုပ်ကို မိမိလုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးအောင်ကိုက ထပ်မံပြောသည်။