သတင်း

အမွှေစိန်လက်ချက်ပါပဲ

ဝါဆိုဆရာတော်ကြီးပုံပါဝင်တဲ့ ရွှေကျင်နိကာယအစည်းအဝေး အခမ်းအနားပုံကို ယူသုံးထားတယ်။ ပြီးတော့ မဟန သြဇာနဲ့မရတော့လို့ အခြားဆရာတော်ကြီးတွေကို စစ်ကူခေါ်ထားတယ်။

မဟနအမိန့်ကို ဆန့်ကျင်နေတာမဟုတ်ဘူး။ ၂၀၀၈ ဥပဒေ ၂၀၁၄ ပြဋ္ဌာန်းဥပဒေတွေနဲ့ ညီညွတ်လို့ ရပ်တည်နေတာ။ မဘသ အဖွဲ့ကို ဖျက်ချင်ရင် ခြေဥနဲ့ဖွဲ့ဥကိုအရင်ဦးဆုံး ဖျက်ဆီးပစ်လိုက်ပါ။

သူတို့ရှိနေသရွေ့ မဘသ ရှိနေမယ်။ ပါတီတစ်ခုကို တိုက်ခိုက်ဖို့ မဘသ ဖွဲ့စည်းထားတာလည်း မဟုတ်ဘူး။ ပါတီတစ်ခုခိုင်းတာလုပ်ဖို့ ဖွဲ့စည်းခဲ့တာလည်းမဟုတ်ဘူး။

အမျိုး ဘာသာ သာသနာအတွက် အစိုးရတွေမတတ်နိုင်တဲ့ဘက်က မဟနနဲ့မဆိုင်တဲ့အခန်းကဏ္ဍဘက်ကနေ တစ်မျိုးသားလုံးကိုကာကွယ်ဖို့ တစ်သာသနာလုံးကိုကာကွယ်ဖို့ ဖွဲ့စည်းခဲ့တာ။ ဥပဒေကိုလေးစားရင် မဘသအဖွဲ့ကို လက်ဖျားနဲ့တောင် မတို့နဲ့။ မဘသ အဖွဲ့ကို စိတ်နဲ့တောင်မပြစ်မှားနဲ့။

ဝီရသူ(မစိုးရိမ်)
25.7.2017
PM 11:50
=========================================================

“သံဃာ့မဟာနာယက ညွှန်ကြားချက် လိုက်နာဖို့ မဘသ အဖွဲ့ကို ဆရာတော်များ ပန်ကြား”

မဘသအဖွဲ့နဲ့ ပတ်သက်ပြီး နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ဆရာတော်ကြီးတွေ မေတ္တာရပ်ခံပန်ကြားလိုက်ကြပါတယ်။

မဘသနဲ့ပတ်သက်တဲ့ပိတ်ပင်တားမြစ်ချက်တွေ ထုတ်ပြန်ထားတဲ့ သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်ကို သံဃာထုညီညွတ်ရေးရှေ့ရှူပြီး မဘသ အနေနဲ့ လိုက်နာဖို့ ပြည်တွင်း ပြည်ပမှာရှိတဲ့ ဆရာတော်ကြီးတွေက အသီးသီး မေတ္တာရပ်ခံပန်ကြားလိုက်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး မဘသ ဆိုင်းဘုတ်တွေ ဖြုတ်ချဖို့အပါအဝင် မဘသအဖွဲ့ ဖျက်သိမ်းဖို့ သံဃမဟာနာယက အဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့ မဘသအဖွဲ့တွေကို အာဏာစက်နဲ့ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်အစိုးရရဲ့ သတင်းမီဒီယာက ဇူလိုင် ၁၄ ရက်နေ့က ကြေညာခဲ့ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နဲ့ မန္တလေးမြို့ မဘသ အဖွဲ့တွေကတော့ သံဃမဟာနာယကအဖွဲ့ကြီးရဲ့ ညွှန်ကြားချက်ကို ဇူလိုင် ၁၅ ရက်နေ့က နောက်ဆုံးအချိန်ထိ လိုက်နာဆောင်ရွက်မှာ မဟုတ်ဘူးလို့ တုန့်ပြန်ခဲ့ တဲ့အတွက် အာဏာစက်နဲ့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အခုလို မဘသ အဖွဲ့တချို့ရဲ့ လုပ်ရပ်ကြောင့် သာသနာတော်တည်တံ့ရေး ထိခိုက်မှုရှိလာမှာကို စိုးရိမ်မိကြောင်း နဲ့ မြန်မာသံဃာထုညီညွတ်ရေး ထိခိုက်နေကြောင်း လူအများကြည်ညိုတဲ့ ဆရာတော်အသီးသီးကလည်း ဇူလိုင် ၁၅ ရက်နေ့က ပန်ကြားချက် အသီးသီးထုတ်ပြန်ခဲ့ပါတယ်။

သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက
“မဘသဆိုတဲ့ အဖွဲ့ပေါ်လာပြီးတော့ သံဃာတွေ မညီမညွတ်ဖြစ်နေတယ်လို့ သိရတော့ စိတ်မချမ်းသာပါဘူး။ ညီညွတ်တဲ့ သံဃာတော်တွေရှိမှ သံဃာတော်များ ချမ်းသာပါတယ်ဘုရား ကိုယ်ချမ်းသာစိတ်ချမ်းသာ ရှိပါမယ်။ သံဃာတော်တွေက မညီညွတ်ဘူးဆိုရင် သံဃာအချင်းချင်း ကွဲပြီးတော့ အကုသိုလ်တွေများပါမယ်။”ဒါအပြင် ဗန်းမော်ဆရာတော်ကြီးရဲ့ မေတ္တာရပ်ခံပန်ကြားချက်ကြောင့် ဖားအောက်တောရ ဆရာတော်နဲ့ တိပိဋက ယောဆရာတော်တို့ကလည်း သံဃာတော်တွေအနေနဲ့ မေတ္တာ၊ ကရုဏာရှေ့ထားပြီး သံဃာထုညီညွတ်ရေး အတွက် သံဃာ့မဟာနာယကအဖွဲ့ကြီးရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ကြေညာချက်တွေ ဇူလိုင် ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ကနေဒါအခြေစိုက် အပြည်ပြည်ဆိုင်ရာ မြန်မာသံဃာတော်များအဖွဲ့ဥက္ကဋ္ဌဆရာတော် အရှင်ကောဝိဒကလဲ မိန့်ကြားခဲ့ပါတယ်။

“အမှန်တော့ ဒီ(မဟန)က ထုတ်တဲ့အမိန့်ဆိုရင်တော့ လိုက်နာသင့်ပါတယ်။ အခုလို လုပ်မယ်ဆိုရင်တော့ သံဃာတွေ ဂိုဏ်းတွေကွဲကုန် ပါလိမ့်မယ်။ အခုလည်း သံဃာချင်းက ကွဲနေပါပြီ။ ဘာလို့လဲဆိုတော့ မဘသ ပေါ်လာတာ ပထမတုန်းကတော့ ဘုန်းဘုန်းတို့က အကောင်းလို့မြင်ပါတယ်။ နောက်ပိုင်းမှာကျတော့ သူက ပါတီတစ်ခုကို တိုက်ခိုက်ဖိုဆိုပြီး ဖြစ်လာတာတွေ့ရတော့ သိပ်မကောင်းဘူးပေါ့လေ။ နိုင်ငံတကာမှာ နိုင်ငံခြားမှာနေတဲ့ သာသနာပြုနေတဲ့ ဘုန်းကြီးတွေကျတော့ ပိုပြီးသိသာတယ်၊ လူတွေက ဘုန်းဘုန်းတို့ကို ရန်သူလိုပဲ မြင်နေကြတယ်။”

ဗုဒ္ဓသာသနာတော် အဓွန့်ရှည်ဖို့အတွက် သံဃာတော်တွေ အချင်းချင်းညီညွတ်ပြီး သာသနာပြုသင့်ကြောင်း လည်း ဆရာတော်က တိုက်တွန်းပါတယ်။

မဘသ အဖွဲ့နဲ့ ပတ်သက်လို့ မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်တဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေးကနေ ဒီအဖွဲ့ကို ဖျက်သိမ်းဖို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ မဘသဆိုတဲ့ အမည်သုံးပြီး တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လှုပ်ရှားဆောင်ရွက်နေတာတွေကို ရပ်တန့်ဖို့ အပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဆိုင်းဘုတ်တွေကို ဇူလိုင်လ ၁၅ရက်နေ့ နောက်ဆုံးထားပြီး အပြီးတိုင် ဖြုတ်သိမ်းဖို့ အစည်းအဝေးအပြီး ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။

တကယ်လို့ မဘသ အမည်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဆက်ရှိနေဦးမယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဥပဒေအရ အမြန်ဆုံး အရေးယူဆောင်ရွက်ဖို့လည်း ညွှန်ကြားထားပါတယ်။

သံဃာ့မဟာနာယက အစည်းအဝေးကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ မဘသအဖွဲ့ဥက္ကဋ္ဌ အင်းစိန်(ရွာမ) ဆရာတော်ကြီးအရှင်တိလောကာဘိဝံသကိုယ်တိုင်လည်း ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မယ့် အကြောင်းနဲ့ မဘသအဖွဲ့ဝင် ဆရာတော်တွေကိုလည်း အသိပေး ပြောကြားမှာဖြစ်ကြောင်း ဝန်ခံကတိပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆရာတော်ရဲ့ကျောင်းတိုက်ဖြစ်တဲ့ အင်းစိန်(ရွာမ)ပရိယတ္တိစာသင်တိုက် အဝင်မှာတော့ မဘသ အစား အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတ ဖောင်ဒေးရှင်း (ဗဟို)ဆိုင်းဘုတ်အသစ်ကို ပြောင်းလဲတပ်ဆင်ထားပါတယ်။
ကာကာ
(သံမဏီနှင်းဆီဂျာနယ် အတွဲ(၃) အမှတ်(၂၃) ဇူလိုင် ၂၁ (၂၀၁၇))