သတင်း

မာဃလမ်းနှင့် မာဃလမ်းစဉ်

12.2.2018 ညနေ ၄း၀၀ နာရီ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် အမှတ်၂ရပ်ကွက် မာဃလမ်းမိသားစုရဲ့ မာဃဓမ္မာရုံကိုရောက်ရှိခဲ့ပါတယ်။ မာဃဓမ္မာရုံမှာ ကျင်းပတဲ့ စတုတ္ထအကြိမ် တရားပွဲအခမ်းအနားအကြို စာရေးသူကို ပင့်ပြီး ရေတွင်းရေစက်ချပွဲ ပြုလုပ်တာပါ။

တတိယအကြိမ်တရားပွဲတုန်းက ဓမ္မကထိကဆရာတော် သုံးပါး လှူဒါန်းသွားတဲ့ ဓမ္မပူဇာငွေတွေနဲ့ မာဃလမ်းမိသားစုရဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ စက်ရေတွင်းတူးဖော်ထားတာကို ရေစက်ချပွဲကျင်းပတာပါ။ တတိယအကြိမ် တရားပွဲတုန်းက ဓမ္မကထိက သုံးပါးထဲမှာ စာရေးသူပါပါတယ်။

စာရေးသူအား လှူဒါန်းကြတဲ့ ဓမ္မပူဇာငွေအားလုံးကို စက်ရေတွင်းတူးဖို့အတွက် ပြန်လည်လှူဒါန်းခဲ့တာပါ။ မာဃလမ်းနေမိသားစုအားလုံး ရေအတွက် မပူပင်ရတော့လို့ စာရေးသူကို ကျေးဇူးတင်နေပါတယ်။ စာရေးသူလည်း စက်ရေတွင်းလေးအောင်မြင်သွားလို့ ဝမ်းသာနေမိပါတယ်။

စက်ရေတွင်းရေစက်ချပွဲမှာ မြို့နယ်သံဃနာယကအဖွဲ့ဝင် သီရိဇေယျာဆရာတော်ကြီး ဘဒ္ဒန္တကဝိဓဇနှင့် ပဏ္ဍိစ္စာရာမဆရာတော်လေး ဦးကုဝေရတို့လည်း ကြွရောက်ချီးမြှောက်ပါတယ်။ ဆရာတော်ကြီးက သီလချီးမြှင့်ကာ စာရေးသူက သြဝါဒပေးပြီး ဦးကုဝေရက ရေစက်ချတရားဟောပါတယ်။ စာရေးသူက သမဂ္ဂစိတ်ထားဖို့၊ သမဂ္ဂစိတ်မွေးဖို့ တိုက်တွန်းဟောကြားခဲ့တာပါ။
ဓမ္မာရုံလေးကလည်း မပြီးသေးပါဘူး အမိုး အကာ ရှိပေမယ့် တံခါးမရှိခြင်း အနောက်ဘက်မှာ အကာမရှိသေးခြင်း မျက်နှာကျက်မရှိသေးခြင်းကြောင့် ဓမ္မာရုံလေး ပြီးဆုံးသွားအောင် အခုလိုပဲ သမဂ္ဂစိတ်မွေးပြီး တည်ဆောက်ကြဖို့ တိုက်တွန်းခဲ့တာပါ။
စုပေါင်းအားနဲ့ အလုပ်လုပ်မယ် စုပေါင်းအားနဲ့ ထူထောင်မယ်ဆိုရင် ဘာမဆိုဖြစ်နိုင်တဲ့အကြောင်း ဟောကြားခဲ့တာပါ။

သမဂ္ဂဆောင်ပုဒ်
အများအကျိုးလိုလားတာ သမဂ္ဂစိတ်ထားပါ။
အများအကျိုးနှိုးဆော်တာ သမဂ္ဂစိတ်ထားပါ။
အများအကျိုးဆောင်ရွက်တာ သမဂ္ဂစိတ်ထားပါ။
သမဂ္ဂစိတ်ထား မွေးမြူထား အားလုံးအောင်မြင်မှာ။