ထုတ်ပြန်ကြေညာချက်သတင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာ၊ မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒနှင့်ပတ်သက်၍ ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ခြင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မှော်ဘီကျေးရွာ၊ မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒနှင့်ပတ်သက်၍

ဝီရသူ (မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ခြင်း

 

၁၃၇၉-ခုနှစ်၊ နှောင်းတန်ခူးလဆုတ်(၁၄)ရက်၊ (၁၄.၄.၂၀၁၈)။

ပြဿနာကို ကြိုးကိုင်သူမှာ ကျေးရွာမျက်နှာဖုံးဆိုသူ ဒေါ်ကျင်သိန်းဖြစ်သည်။

ဒေါ်ကျင်သိန်းသည် ဦးတေဇိန္ဒကိုကြည်ညို၍ သိက္ခာထပ်ခဲ့သည်မှာ သုံးကြိမ်ထိရှိခဲ့သော်လည်း ကာလသားခေါင်းရွေးချယ်ပွဲနှင့်ပတ်သက်၍ ဦးတေဇိန္ဒအပေါ် ပုဂ္ဂိုလ်ရေးအရ အလိုမကျမှုများရှိခဲ့ရာမှ ထောင်ချဖို့အထိ အမှုချဲ့နိုင်ခဲ့ခြင်းဖြစ်သည်။

အမှန်စင်စစ် မှော်ဘီကျောင်းဆရာတော်ဦးတေဇိန္ဒသည် နှစ်ဖက်ပဋိပက္ခပြေငြိမ်းအောင် ဒေါသကြီးပြ ပုဆိန်ဆွဲပြရုံဖြင့် ကျောင်းတိုက်မှလည်းကောင်း၊ ပေါင်မြို့နယ်မှလည်းကောင်း နှင်ထုတ်ဖို့အထိ ကြံစီခံရခြင်းဖြစ်သည်။

အခန်းထဲဝင်ကာ ပုဆိန်ယူ၍ ဆွဲကိုင်ခြင်းဖြင့် ရာဇဝတ်မှုမမြောက်ပါ။ မည်သူကိုသတ်မည်၊ မည်သူ့ကိုခုတ်မည်ဟု နာမည်တပ်၍ ခြိမ်းခြောက်ခြင်း လုံးဝ မရှိပါ။ ၎င်းပုဆိန်ကို ဦးခင်ကျော်၊ ဦးစိုင်းထွေးတို့က ဦးတေဇိန္ဒထံမှ လုယူပြီး ကျောင်းအောက်ပစ်ချသည့်အခါမှာလည်း တစ်ဦးတစ်ယောက်ကို ထိခိုက်စေခြင်း လုံးဝ မရှိခဲ့ပါ။

ပုဆိန်ပြေးယူခြင်း၊ ပုဆိန်ဆွဲကိုင်ခြင်းကလည်း ရွာထဲမှာမဟုတ်သလို ဒေါ်ကျင်သိန်းအိမ်မှာလည်း မဟုတ်ပါ။ ဦးတေဇိန္ဒ သီတင်းသုံးရာ မှော်ဘီကျောင်းပေါ် ဦးတေဇိန္ဒကျောင်းခန်းထဲမှာသာ ဖြစ်ပါသည်။

ထို့ကြောင့် ဤအမှုကို လက်ခံကတည်းက ပေါင်မြို့နယ် သံဃနာယကအဖွဲ့၏ ပါပိစ္ဆ (အလိုဆိုး)၊ ဣစ္ဆာပကတ (စေတနာဆိုး) ပေါ်လွင်နေပါသည်။

ပို၍ဆိုးသည်မှာ ဒေါ်ကျင်သိန်းက မစန်းစန်းဝင်းကို ပါးရိုက်သောကြောင့်၊ ဒေါ်ကျင်သိန်းမိသားစုများက မစန်းစန်းဝင်းကို ဝိုင်းလုပ်သောကြောင့် ပြေငြိမ်းအောင် ပုဆိန်ဆွဲ၍ ခြောက်လှန့်ခြင်းကို မြို့နယ်သံဃနာယကအဖွဲ့ကလည်းကောင်း၊ ဝိနည်းဓိုရ်အဖွဲ့ကလည်းကောင်း ထိန်ချန်ထားခြင်းဖြစ်ပါသည်။

အစဉ်အလာအားဖြင့်လည်း ဒေါ်ကျင်သိန်းသည် သူမသြဇာခံဘုန်းကြီးများ မဟုတ်လျှင် မှော်ဘီကျောင်းမှ ဖယ်ရှားလိုသူကြီး ဖြစ်ခဲ့သည်။ ဦးတေဇိန္ဒမတိုင်ခင် ကျောင်းထိုင်ဘုန်းကြီးနှစ်ဆက်သည် ဒေါ်ကျင်သိန်းဖယ်ရှားခဲ့သောကြောင့် ထွက်ခွာသွားခဲ့ရခြင်းဖြစ်သည်။ ယခုလည်း ဒေါ်ကျင်သိန်းသည် မိမိကိုယ်တိုင် သုံးကြိမ်တိတိ သိက္ခာထပ်ခဲ့သော ကျောင်းထိုင်ဆရာတော်ကို မိမိကိုယ်တိုင် ဖယ်ရှားဖို့ ထောင်ချဖို့အထိ ထပ်မံကြံစီလာခြင်းဖြစ်သည်။

ပေါင်မြို့နယ်၊ သံဃနာယကအဖွဲ့က ဒေါ်ကျင်သိန်းအစဉ်အလာကို ကြည့်ရှုသင့်ပါလျက် မကြည့်ရှုဘဲ ဒေါ်ကျင်သိန်းအလိုကျ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့သည်မှာလည်း ဒေါ်ကျင်သိန်းနှင့် တစ်စုံတစ်ရာ ပတ်သက်ဆက်နွယ်နေကြောင်း အလွန်အမင်း ထင်ရှားလျက်ရှိသည်။

ပုဆိန်ကိုင်ဆွဲမှုကြောင့် ကျောင်းတိုက်မှ နှင်ထုတ်လိုလျှင် မူလကျောင်းပိုင် အရှေ့တောင် ပဝါရဏာဂိုဏ်းဝင် ကျောင်းတိုက်ပေါင်း (၂၈)ကျောင်းမှ ကျောင်းထိုင်ဆရာတော်များကသာ နှင်ထုတ်ပိုင်ခွင့်ရှိသည်။ လက်ရှိမြို့နယ်သံဃနာယကအဖွဲ့ဖြစ်စေ၊ ယခင် မြို့နယ်သံဃနာယကအဖွဲ့(အဖွဲ့ဟောင်း)ကဖြစ်စေ တရားလို(စောဒက)လုပ် တိုင်ကြားခြင်း၊ ထောက်ခံဆန္ဒပေး(လက်မှတ်ထိုး)ခြင်း လုံးဝ လုပ်ပိုင်ခွင့်မရှိ။

ထို့အတူ ဦးတေဇိန္ဒ ပုဆိန်ကိုင်ဆွဲမှုကို တိုင်ကြားလိုလျှင် ဦးတေဇိန္ဒ သီတင်းသုံးရာ မှော်ဘီကျေးရွာအုပ်စုအတွင်းရှိ သံဃာတော်များကသာ တရားစွဲဆိုခွင့်ရှိသည်။ မဆိုင်သည့် အခြားပုဂ္ဂိုလ်များက တိုင်ကြားခွင့်မရှိ။

ယခုမူ အုန်းတစ်ပင်ကျေးရွာအုပ်စု၊ အလယ်ရွာ၊ ရွာကလေးကျောင်းဆရာတော် ဦးသုနန္ဒက မဆီမဆိုင် တရားလိုလုပ် တိုင်ကြားထားသည်ကို တွေ့ရသည်။ အဆိုပါစောဒကဆရာတော် ဦးသုနန္ဒကလည်း မြို့နယ်သံဃနာယကအဖွဲ့က ခိုင်းသောကြောင့် စွဲရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ကိုလည်း တွေ့ရသည်။

ထို့ကြောင့် မူလတရားလိုက ဒေါ်ကျင်သိန်းဖြစ်သော်လည်း နောက်ပိုင်းတရားလိုက မြို့နယ်သံဃနာယကအဖွဲ့ဆိုသည်မှာ ထင်ရှားသွားသည်။

ပေါင်မြို့နယ် သံဃနာယကအဖွဲ့က ဖွဲ့စည်းပေးအပ်လိုက်သည့် မြို့နယ်အဆင့် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁/၂၀၁၇)ကလည်း လွတ်လပ်သောအဖွဲ့အစည်း၊ မျှတသောသဘောထား၊ မှန်ကန်သောအဆုံးအဖြတ်များဖြင့် ဘက်မလိုက်တန်း ဆုံးဖြတ်ရမည့်အစား မြို့နယ်သံဃနာယအဖွဲ့အလိုကျ မတရားဆုံးဖြတ်သွားသည်ကို တွေ့ရသည်။ အဆိုပါအဖွဲ့သည် အရည်အချင်းလည်းမရှိ၊ လုပ်ထုံးလုပ်နည်းလည်း မသိ၊ လုပ်ငန်းဆောင်တာလည်း ကျွမ်းကျင်ပုံမရပေ။ မှော်ဘီကျောင်းဆရာတော်ကို ပစ်မှတ်ထားတိုက်ခိုက်ဖို့လောက်သာသိသော အလိုဆိုးဖြင့် တစ်ဖက်သတ်ဆုံးဖြတ်ခဲ့သောကြောင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က (၁၇.၈.၂၀၁၇)ရက်စွဲဖြင့် ပယ်ဖျက်ခဲ့ရသည့် အဆင့်ထိ ရောက်ရှိခဲ့၏။

ရည်ညွှန်း- မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်သည် ညွှန်ကြားလွှာ (၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိသောကြောင့် မူလကပင် ပျက်ပြယ်နေသော အမှုအခင်းအဖြစ်သတ်မှတ်ရန်။ (စာအမှတ် ၀၂/၀၃/(ဝိ-ထွေ) ၁၀/၁၀၃-မဟန)

ပေါင်မြို့နယ်သံဃနာယကအဖွဲ့က ပါပိစ္ဆ(အလိုဆိုး)၊ ဣစ္ဆာပကတ(စေတနာဆိုး)သာ ကြီးမားသည်မဟုတ် အာဃာတလည်း ကြီးမားပုံရသည်။ ၁/၂၀၁၇ ဝိနည်းဓိုရ်အဖွဲ့ဖြင့် မအောင်မြင်သည့်အခါ ၂/၂၀၁၇ ဝိနည်းဓိုရ်အဖွဲ့ဖြင့် အဖွဲ့ပြောင်း၊ ဗျူဟာပြောင်း တိုက်ခိုက်လာသည်ကို တွေ့ရ၏။

အမှတ်(၂) ဝိနည်းဓိုရ်အဖွဲ့သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မထိခိုက် မနစ်နာစေခဲ့သော ပုဆိန်ဆွဲကိုင်မှုတစ်ခုတည်းဖြင့်ပင် မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒကို မှော်ဘီကျောင်းမှလည်းကောင်း၊ ပေါင်မြို့နယ်မှလည်းကောင်း ထွက်ခွာသွားရမည်ဟု မတရားဆုံးချက် ချလိုက်လေတော့၏။

အာစာရဝိပတ္တိ(အကျင့်ပျက်)၊ အာဇီဝဝိပတ္တိ(အသက်မွေးပျက်)အဖြစ် ထင်ရှားကြောင်းအပါအဝင် အပြစ်ကြီးအောင် လိုရာဆွဲ ပုံကြီးချဲ့ထားသည့် အကြောင်းပြချက်များကို အတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်၏။

မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒ၏ ပုဆိန်ဆွဲကိုင်မှုလေးကိုပင် အာစာရဝိပတ္တိ၊ အာဇီဝဝိပတ္တိဖြင့် ဧရာမအပြစ်ကြီးလို သဘောထားနေသည့် အမှတ်(၂)ဝိနည်းဓိုရ်အဖွဲ့သည် သီလဝိပတ္တိ-သီလပျက်စီးသည့် အဆင့်ရောက်နေသည့် ပထမဝတ္ထု တတိယဝတ္ထုဆိုင်ရာ အထောက်အထားများနှင့် ပြည့်စုံနေသည့် မြို့နယ်အဆင့် သံဃနာယကအဖွဲ့မှ ယခုအမှုကို အဓိကကြိုးကိုင်နေသည့် အောင်းကောင်ကြီး ခိုင်းစေသည့်အတိုင်း မတရားဆုံးဖြတ်နေသည်ကိုမူ မသိကျိုးကျွံပြုနေခြင်းဖြစ်ကြောင်း ထင်ရှားလေသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကလည်း ပထမအကြိမ်တုန်းက မှန်မှန်ကန်ကန်ဆုံးဖြတ်ခဲ့ပြီး ဒုတိယအကြိမ်၌မူ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ဟုသာ အကြောင်းပြန်သည်ကို တွေ့ရပေသည်။

အဆိုပါ မဟန၏ ညွှန်ကြားချက်သည် သူခိုးလက်သို့ ဝကွက်အပ်လိုက်ခြင်းဖြစ်ရာ ပေါင်မြို့နယ် သံဃနာယကအဖွဲ့က အကြိုက်တွေ့သွားလေတော့၏။ ထို့ကြောင့် ကျောင်းမှထွက်မပေးသော မှော်ဘီကျောင်းဆရာတော်ဦးတေဇိန္ဒကို အာဏာစက်သို့ ဝမ်းသာအားရ လွှဲပြောင်းပေးကာ ထောင်ချခိုင်းလိုက်လေတော့၏။

ပေါင်မြို့နယ် အာဏာပိုင်များသည်လည်း အရပ်သားသံဃာနှင့် အာဏာပိုင်သံဃာတို့ ဖြစ်ကြသည့်ပွဲတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖြစ်ရပ်မှန်နှင့် သဘောထားအမှန်ကို မေးမြန်းစုံစမ်းခြင်း၊ မှော်ဘီကျေးရွာသူကျေးရွာသားအများစု၏ ဆန္ဒအမှန်ကို အလေးထားဆောင်ရွက်ခြင်း လုံးဝမရှိဘဲ မှော်ဘီကျောင်းဆရာတော်ကို ဖမ်းဆီးဖို့အဆင့်ထိ အတင့်ရဲစွာ အားထုတ်လာသည်ကို တွေ့ရ၏။ အမှန်မှာ မှော်ဘီကျောင်းဆရာတော်ဦးတေဇိန္ဒကို မလိုလားသော ဒေါ်ကျင်သိန်းအုပ်စုသည် အနည်းငယ်သာဖြစ်ပြီး လိုလားထောက်ခံကြည်ညိုကိုးကွယ်သော အုပ်ချုပ်ရေးမှူးအပါအဝင် ဂေါပကများ၊ ကာလသားခေါင်းဆောင်များ၊ ရွာမိရွာဖများ၊ ရွာသူရွာသားများက ဒေါ်ကျင်သိန်းအုပ်စုထက် အဆပေါင်းများစွာ သာလွန်နေကြောင်း တွေ့ရပါသည်။

ဤသို့လျှင် ဘုန်းကြီးကျောင်းတို်က်ပေါ်၌ လူအုပ်စုနှစ်ပက္ခကွဲပြားပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ပြေငြိမ်းစေလိုသည့် စေတနာကောင်း ရည်ရွယ်ချက်ကောင်းဖြင့် လူစုကွဲစေခြင်းအလို့ငှာ အခန်းအတွင်းရှိ ပုဆိန်ကို ပြေးယူကိုင်စွဲရုံမျှဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါးသည် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၇/၁၁ (ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ)အရ အာမခံမရဘဲ ထောင်ခြောက်လ ကျခံရတော့မည်ဖြစ်သည်။

ဤသည်မှာ ပေါင်မြို့နယ် သံဃနာယကအဖွဲ့၏ မတရားမှုပင် ဖြစ်ပါသည်။

ထို့ကြောင့်

(၁) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးက ပေါင်မြို့နယ် သံဃနာယကအဖွဲ့၏ မတရားလုပ်ဆောင်ချက်နှင့် ၂/၂၀၁၇ မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့၏ မတရားဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ် ရုပ်သိမ်းခြင်း။

(၂) ပေါင်မြို့နယ် သံဃနာယကအဖွဲ့နှင့် ၂/၂၀၁၇ မြို့နယ်သီးခြားသံဃဝိနိစ္ဆယအဖွဲ့တို့ လာဘ်စားမှု အဂတိလိုက်စားမှု ရှိ/မရှိ စုံစမ်းစစ်ဆေး အရေးယူပေးခြင်း။

(၃) ပေါင်မြို့နယ် တရားသူကြီးအဖွဲ့၊ သာသနာရေးဌာန၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးတို့အနေဖြင့် ဓားခုတ်ရာ လက်ဝင်လျှိုသလိုမဖြစ်ရအောင် ဆင်ခြင်တုံတရားဖြင့် စောင့်ထိန်းခြင်း။

(၄) တောင်အရှေ့ခြမ်း ပဝါရဏာဂိုဏ်းဝင် ဆရာတော် သံဃာတော်များနှင့် မှော်ဘီကျောင်းဂေါပကအဖွဲ့များ၊ ကျောင်းဒါယကာ ဒါယိကာမများ၊ ရွာသူရွာသားများက မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒအား ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ကြခြင်း။

(၅) မှော်ဘီကျောင်းဆရာတော် ဦးတေဇိန္ဒအနေဖြင့် ဒေါသရှေ့ထား ပြုမူပြောဆိုခြင်း လုံးဝ မလုပ်တော့ဘဲ ကျေးရွာသာသနာအကျိုးကို ယခင်ကကဲ့သို့ပင် ဆက်လက်သယ်ပိုးထမ်းရွက်ခြင်း။

(၆) ကျေးရွာမျက်နှာဖုံးဆိုသူ ဒေါ်ကျင်သိန်းအနေဖြင့် ပုဂ္ဂိုလ်ရေးရာရှေ့တန်းတင်ကာ ပါရာဇိကမကျ၊ သီလပျက်စီးမှု လုံးဝမရှိဘဲ (၁၈)နှစ်ကျော်အထိ ကျောင်းထိုင်လာခဲ့သော မိမိကိုယ်တိုင် ကြည်ညိုလွန်း၍လည်း သုံးကြိမ်တိုင်တိုင် သိက္ခာထပ်ခဲ့သော ကျောင်းထိုင်ဆရာတော် ဦးတေဇိန္ဒအပေါ် မလိုမုန်းထား ရန်ငြိုးပွားပြီး နှင်ထုတ်လို ထောင်ချလိုသည့် ယုတ်မာသောအကြံအစီများကို ရပ်တန့်၍ ပစ္စုပ္ပန် သံသရာ ကောင်းရာကောင်းကျိုး ကုသိုလ်တရားများ တိုးပွားအောင်သာ ဆောင်ရွက်ခြင်း တို့ဖြင့်သာ ဗုဒ္ဓမြတ်စွာသာသနာတော်ကြီး စည်ပင်ပြန့်ပွားမည်ဖြစ်ကြောင်း၊ အနုဝါဒအဓိကရုဏ်း (မပြောပလောက်သည့် အငြင်းပွားမှု)လေးလည်း ငြိမ်းအေးသွားမည်ဖြစ်ကြောင်း အားလုံးသော ရဟန်းရှင်လူ ပြည်သူများလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိနိုင်မည်ဖြစ်ကြောင်း

အမှန်တရားနှင့် အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဝံသာနုဓမ္မကထိက အမျိုးသားရေးဝါဒီဆရာတော် ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာလိုက်ပါသည်။