သတင်း

ရခိုင် မောင်တော အောင်သာယာကျောင်းလေးဘဝ

12.7.2017 ရက်နေ့ ညနေပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မြောက်ပိုင်း အောင်သာယာကျေးရွာသို့ ရောက်ရှိခဲ့ပါတယ်။ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ္တောရပ်ကွက်၊ ပုလဲရတနာပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဓာစာရနှင့်အတူ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြန်အောင်တို့မှ အမျိုးသားရေး ညီနောင်များ ပါဝင်ပါတယ်။

အောင်သာယာကျောင်းကိုရောက်တော့ ရွာသူရွာသားများကို ဓမ္မာရုံမှာ စုထားပေးပါတယ်။ မိုးကမလုံ၊ မိုးကရွာ ရွာသူရွာသားများမှာ မိုးလွတ်ရာလေး ကွတ်ထိုင်သူကထိုင်၊ မိုးရေပေါ်မှာ ဖိနပ်ခုထိုင်သူကထိုင်၊ ပီနံအိတ်ခုထိုင်သူကထိုင်၊ မိုးကာစခုထိုင်သူကထိုင်၊ ဖင်ချထိုင်လို့မရ၍ ငုတ်တုတ်ထိုင်သူကထိုင် မိုးရွာထဲမှာ အခုလိုနေရတာ စိတ်မကောင်းစရာပါပဲ။

စကားသိပ်မပြောတော့ဘဲ FM လေဒီယို ကလေးကစားစရာ၊ မိန်းကလေး ဦးဆောင်အလှဆင် ကလစ်ကလေးတွေ ကော်ဖီမစ်တွေ ကွေကာအုပ်တွေ လှူဒါန်းပြီးတော့ ပြန်လာခဲ့ရပါတယ်။ စာရေးသူ အောင်သာယာကိုရောက်တာ သုံးခေါက်ရှိပါပြီ။
ဒုတိယတစ်ခေါက် မေလတုန်းက ဘုန်းကြီးကျောင်းဆောင် ခေါင်းမိုးပြင်ဖို့ ကတိပေးခဲ့ပါတယ်။

မိုရာမုန်တိုင်းကြောင့် ခေါင်မိုးကြီးပွင့်ထွက်သွားတဲ့အခါ ကျောင်းထိုင်ဆရာတော်က ဓမ္မာရုံထဲ ပြောင်းရွှေ့ သီတင်းသုံးပါတယ်။ ဓမ္မာရုံကလည်း သုံးပုံနှစ်ပုံ မိုးမလုံပါဘူး။ မိုးလွတ်ရာတစ်နေရာမှာ ဖြစ်သလိုနေရရှာတဲ့ ကျောင်းထိုင်ဆရာတော်ကို စာနာနေမိပါတယ်။

ပုလဲဆရာတော်ကြီးကတော့ ဒီမြင်ကွင်းကိုကြည့်ပြီး မောင်တောအခြေအနေကို ရိပ်စားမိသွားပါတယ်။ မျက်ရည်လည်း လည်၊ အသံကလည်း ငိုသံပါနှင့် စိတ်မကောင်းကြောင်း စာရေးသူကို ဖွင့်ဟပြောပါတယ်။ စာရေးသူနှင့် ပုလဲဆရာတော်တို့ ပူးပေါင်းပြီး ကျောင်းဆောင်နှင့် ဓမ္မာရုံ နှစ်ခုလုံးကို အမိုးနှင့်မျက်နှာကြက် လှူဒါန်းဖို့ အရေးပေါ် စီစဉ်ရပါတယ်။

စာရေးသူက ငွေဆယ်သိန်း မ-တည်လှူပါတယ်။ ပုလဲဆရာတော်ကြီးက သုံးဆယ့်ငါးသိန်းလှူပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း(မဘသဗဟို)က သိန်းသုံးဆယ်ကျပ် လှူပါတယ်။ အခုအခါမှာ စတင် အကောင်အထည်ဖော်နေပါပြီ။

ရဟန်းချင်းတူပေမယ့် ကျောင်းချင်းကတော့မတူ၊ ဘုန်းကြီးချင်းတူပေမယ့် ဘုန်းကံချင်းကလည်းမတူ၊ ပြည်တွင်းမှာ ဘုန်းကံဘယ်လောက်မွဲမွဲ မိုးလုံလေလုံတော့ နေရပါသေးတယ်။ အောင်သာယာမှာတော့ မိုးမလုံ လေမလုံတဲ့ဘဝပါ။ ဘယ်သူ့မှာတာဝန်ရှိသလဲ?

ပြည်တွင်းပြည်ပ ရခိုင်သားတွေမှာ တာဝန်ရှိသလား? သံဃာထုတစ်ရပ်လုံးမှာ တာဝန်ရှိသလား? သာသနာရေးဌာနမှာ တာဝန်ရှိသလား? နိုင်ငံတော်အစိုးရမှာ တာဝန်ရှိသလား? ဗုဒ္ဓဘာသာဝင် ပြည်သူအားလုံးမှာ တာဝန်ရှိသလား? မည်သူတွေမှာ တာဝန်ရှိပါသလဲ? အနောက်တံခါးမှူးများ အင်အားရှိမှ အနောက်တံခါးလုံခြုံမှာမဟုတ်လား?။

ဝီရသူ(မစိုးရိမ်)
21.7.2017
PM 5:46