သတင်း

လူတွေကြားထားတာနဲ့ ဆန့်ကျင်ဘက်ကြီးဟာ တကယ့်ဦးဝီရသူရဲ့ ပကတိပုံရိပ်ပဲ(၁)” (ဆရာတော်ဦးဝီရသူနှင့် မေးသမျှ ဖြေသမျှ)

မေး – နိုဝင်ဘာလ ၁၁ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး (၉၀)နှစ်ပြည့် မွေးနေ့ပွဲမှာ အထွေထွေအုပ်ချုပ်ရေးမှူးက တရားမဟောရဘူးလို့လာရောက်ပိတ်ပင်တာတွေ၊
နောက် ဘုန်းကြီးကျောင်းဝန်းအတွင်းမှာဖြစ်လို့ ဥပဒေကြောင်းအရ ဟောခွင့်ရှိတယ်လို့ အရှင်ဘုရားကပြန်လည်ချေပတာတွေနဲ့
အပြန်အလှန် အခြေအတင်စကားတွေပြောနေတဲ့ ဗွီဒီယိုဖိုင်တွေ့ပါတယ်ဘုရား။ ဆိုတော့ ကံပေါက်ရွာမှာ တရားဟောခဲ့ရလား၊ နောက်ဆက်တွဲအခြေအနေတွေ ဘယ်လိုရှိလဲ သိချင်ပါတယ်ဘုရား။

ဖြေ – ဟောဖြစ်ပါတယ်၊ ဟောဖြစ်ပါတယ်ဆိုတာက မူလအစီအစဉ်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဟောဖြစ်သွားတာပါ။ မူလအစီအစဉ်ကတော့ အခမ်းအနားအစီအစဉ် ငါးရပ်နဲ့လေ။ နမောတဿနဲ့ဖွင့်မယ်၊ ဗုဒ္ဓသာသနံနဲ့ပိတ်မယ်၊ ငါးပါးသီလခံယူမယ်၊ ဆရာတော်ကြီးက သြ၀ါဒပေးမယ်။ ဦးဇင်းက နံပါတ်လေးခုမြောက်ကျမှ ဆရာတော်ကြီးရဲ့ ၀ိဇာတဂုဏပူဇာမင်္ဂလာပေါ့နော်၊ မွေးနေ့ရှင်ဆရာတော်ကြီးရဲ့ဂုဏ်ကျေးဇူးလေးတွေ ထုတ်ဖော်ချီးကျူးဖို့ကို ရည်ရွယ်တာလေ။ ဒါပေမယ့် သူက အဲဒီလိုကြီး မွေးနေ့အခမ်းအနား ကျောင်းတိုက်ထဲမှာ ကျင်းပတာတောင်မှ လုပ်ခွင့်မပေးဘူးဆိုတော့ တော်တော်လွန်သွားတာပေါ့နော်။
သံဃာနာယက ဥက္ကဋ္ဌဆရာတော်ကြီးလည်းဖြစ်တယ်၊ သံဃာနာယကဥက္ကဋ္ဌဆရာတော်ကြီးရဲ့ ကျောင်းတိုက်ထဲမှာပဲ သံဃာနာယကဥက္ကဋ္ဌဆရာတော်ကြီးရဲ့ မွေးနေ့ပွဲ လုပ်ခွင့်မရဘူး၊ လာရောက်ပိတ်ပင်တယ်ဆိုတော့ အတော်ကြီးကို တရားလွန်လာတာပေါ့နော်။ ဦးဇင်းနဲ့တွေ့တော့ အခြေအတင် ပြောပြီးတဲ့နောက်မှာ ဆရာတော်ကြီးရဲ့ ဂုဏ်ကျေးဇူး ချီးကျူးရုံတင်မကတော့ဘဲ အမျိုးသားရေးတရားတော်ပါ ဟောကြားလာခဲ့တာ တစ်နာရီကျော်ကျော်ကြာတာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ သူလာပြီးမှ ပိုစည်သွားတဲ့သဘောပေါ့။

မေး – မြို့နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်က တရားပွဲတွေကို တားခွင့်မရှိဘူး၊ ဘုန်းကြီးကျောင်းထဲမှာ လုပ်ခွင့်ရှိတယ်ဆိုတာကို မသိဘဲနဲ့လာတားမြစ်တယ်ဆိုတော့ ဒီလိုကိစ္စတွေဖြစ်နေတာ တရားဥပဒေစိုးမိုးရေးလို့ ကြွေးကြော်ထားတဲ့ အစိုးရအတွက် အောက်ခြေ၀န်ထမ်းတွေရဲ့ မသိနားမလည်မှုဟာ ဘယ်လောက် အဟန့်အတားဖြစ်မလဲ။

ဖြေ – တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကြွေးကြော်မှုကလည်း တစ်ကယ်တမ်းကျတော့ ပြည်သူတွေအပေါ် မက်လုံးပေးတဲ့ စကားလုံးသက်သက်ပါပဲနော်။ ပြည်သူတွေအပေါ် တရားဥပဒေနဲ့ အကာအကွယ်ပေးဖို့ ရည်ရွယ်ဟန်မတူပါဘူး။ ဒါကြောင့် အထက်ဆုံး ပုဂ္ဂိုလ်ကိုက ဥပဒေမဲ့တွေလုပ်လာတော့ အောက်ကလူတွေကလည်း ဥပဒေမဲ့လုပ်ဖို့ ၀န်မလေးကြတော့ဘူးပေါ့နော်။ ခေါင်က မိုးမလုံတဲ့အခါကျတော့ တံစက်မြိတ်က အကြောင်းပြစရာမရှိတော့ဘူးပေါ့။ သွားနေတဲ့ ဒီမိုကရေစီနိုင်ငံတော်အတွက်အဟန့်အတားတစ်ခုတင်မဟုတ်တော့ဘဲ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တောင် အန္တရာယ်ရှိနိုင်တာပေါ့နော်။

မေး – နောက်တစ်ခုက မဟနက တရားမဟောဖို့ တားမြစ်ထားတဲ့ တခြားသံဃာတွေလည်း ရှိတယ်ပေါ့ဘုရား။ ဥပမာ ရွှေည၀ါဆရာတော်တို့၊ ဒယ်အိုးဆရာတော်တို့ကိုလည်း တားမြစ်ထားတယ်။ သူတို့လည်း တစ်ခြားမြို့တွေမှာ တရားပွဲတွေလုပ်နေတာကို တားမြစ်တာမတွေ့ရဘဲ အရှင်ဘုရားရဲ့တရားပွဲတွေကိုမှ တားမြစ်တာကိုရော ဘယ်လို သုံးသပ်ပါသလဲဘုရား။

ဖြေ – အဲဒါက နိုင်ငံရေးနဲ့ အမျိုးသားရေး ကွာသွားတာပေါ့နော်။ အမျိုးသားရေးသမားတွေကျတော့ တရားတော်ဆိုတာ ပိတ်ပင်တားဆီးကောင်းတဲ့အရာမဟုတ်ဘူးဆိုတာ သိတယ်။ တရားတော်ကို ပိတ်ပင်တားဆီးရင် ဒီလိုအန္တရာယ်ကျရောက်နိုင်တယ်၊ ဒီလို အကုသိုလ်တွေကျရောက်နိုင်တယ်ဆိုတာ သိတယ်လေ။ ဒါကြောင့်မို့ အမျိုးသားရေးသမားတွေက မိမိ အကုသိုလ်အဖြစ်မခံနိုင်သလို မိမိကြောင့် သူတစ်ပါးလည်း အကုသိုလ်အဖြစ်မခံနိုင်ဘူးပေါ့နော့။ နောက်ပြီးတော့ တရားပွဲမကျင်းပလိုက်ရဘူးဆိုရင် ဆုံးရှုံးသွားနိုင်တဲ့ တရားနာပရိသတ်တွေရဲ့ ကုသိုလ်အခွင့်အရေး၊ ဟောကြားရမယ့်သူရဲ့ ကုသိုလ်အခွင့်အရေးပေါ့၊
ဒါတွေကိုလည်း အထိခိုက်မခံနိုင်ဘူးပေါ့နော့။ အဲဒါကြောင့် အမျိုးသားရေးသမားတွေကို ပစ်ပစ်ခါခါပြောတဲ့ ဓမ္မကထိကပဲဖြစ်ဦးတော့ အမျိုးသားရေးသမားတွေက တိုင်တာတောတာတွေ မလုပ်ဘူးတော့ဘူးပေါ့။

နိုင်ငံရေးသမားတွေကျတော့ အဲဒီလိုမဟုတ်ဘူးလေ။ ဟိုတိုင်ရတာနဲ့ ဒီတောရတာနဲ့၊ ကန့်ကွက်ရတာနဲ့၊ ဆန္ဒပြရတာနဲ့၊ စာတင်ရတာနဲ့ စုံနေအောင်လုပ်ကြတာ။ သူတို့ကျတော့ နိုင်ငံရေးမျက်စိပဲရှိတာကိုး၊ အမျိုးသားရေးမျက်စိမရှိတော့ ကုသိုလ်တွေ၊ အကုသိုလ်တွေ သူတို့နားမလည်ဘူး။ သူတို့လုပ်ချင်တာတစ်ခုပဲသိတယ်ပေါ့နော့။ ဒါက ပြည်သူတွေရဲ့အပိုင်း။

အစိုးရပိုင်းကျတော့ နိုင်ငံတော် သံဃာမဟာနာယက ပိတ်ပင်ထားတဲ့ ဆရာတော်တွေကိုပဲ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းအစိုးရအကြီးအကဲတွေ ကိုယ်တိုင် အခမ်းအနားတွေမှာ ပင့်ဖိတ်တာမျိုးလည်းရှိတယ်၊ တရားပွဲတွေ ဦးဆောင်ကျင်းပတာမျိုးလည်း ရှိတယ်။ ပြီးတော့ အဲဒီဆရာတော်တွေ တရားလာဟောတဲ့အခါမှာ ဒီဆရာတော်တွေကို ကူညီဖို့ဆိုပြီးတော့ စာထုတ်ပေးတာလည်းရှိတယ်ပေါ့နော်။

အဲဒါတွေကို စောစောကပြောတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပဲ ပြန်ပြီးတော့ ယှဉ်ကြည့်ရမှာပေါ့နော်။ ကိုယ်ကိုယ်တိုင်က ဥပဒေစိုးမိုးမှုကို လိုလားတယ်ဆိုလို့ရှိရင် နိုင်ငံတော်သံဃာမဟာနာယက ထုတ်ပြန်ထားတဲ့ အမိန့်ဥပဒေကို ကိုယ်ကိုယ်တိုင် လေးစားလိုက်နာရမှာလေ။ အခုကျတော့ မဟနကို ကျော်ပြီးတော့ သူတို့ကို ထောက်ခံတဲ့ဆရာတော်တွေပဲ လုပ်ချင်ရာလုပ်၊ ဟောချင်ရာဟောဆိုပြီးတော့ တစ်ဖက်က တံခါးဖွင့်ပေးထားပြီးတော့လေ။ သူတို့ကို မထောက်ခံတဲ့သူကျတော့ နည်းနည်းလေးမှမဟစေနဲ့၊ တစ်ခွန်းတစ်ပါဒမှ မပြောစေနဲ့၊ ကိုယ့်မြေကိုလာပြီး ခြေတစ်ဖ၀ါးတောင် မချစေနဲ့ဆိုတဲ့ အချိုးမျိုး ချိုးတာပေါ့။ ဒါကတော့ အာဏာပိုင်ရဲ့ အပိုင်းပေါ့နော့။ အဲဒီလို ကွာခြားတာပေါ့။

မေး- မဟန ဆရာတော်တွေထံ တရားဟောခွင့်ပေးဖို့ ဆရာတော်နှစ်ပါးက ပြန်လျှောက်တယ်လို့သိရပါတယ်ဘုရား။ အဲဒီဆရာတော်တွေကို သိပါသလားဘုရား၊ အရှင်ဘုရားနဲ့ ဘယ်လိုအဆက်အစပ်ရှိပါသလဲဘုရား။

ဖြေ – သိပါတယ်။ ၀ီရသွေးအဖွဲ့က ဦးဆောင် ဆရာတော်လေးနှစ်ပါးပေါ့နော်။ ဦးဇင်းရဲ့ တပည့်အရွယ်လေးတွေပါ။ သတင်းတွေမှာ အပြည့်အစုံဖော်ပြတာမျိုး မဟုတ်လို့ပါ။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ လက်မှတ်ပေါင်း သိန်းချီတင်ထားတာပေါ့နော်။ အဲဒါကို သူတို့တတွေက တစ်ဖက်သတ် နှိမ်ပြီး နှစ်ပါးပဲ တင်တဲ့ ပုံစံမျိုး သတင်းတွေမှာ ထုတ်ပြန်ပစ်လိုက်တာပေါ့နော်။

မေး – ဘီဘီစီနဲ့အင်တာဗျူးမှာ အရှင်ဘုရားပြောခဲ့တာက တရားဟောခွင့်တစ်နှစ်ပြီးလို့ ဆက်ပိတ်တာတွေလုပ်ရင် လောကအလင်းကျူရှင်ကျောင်းက ရပ်နားသွားစရာရှိတယ်ဆိုတော့ ဒီ ကျောင်းလေးမရပ်ဖို့ အခြားနည်းလမ်းတွေ ရှိနိုင်ဦးမလားဘုရား။

ဖြေ – တခြားဆရာတော်တွေ ဓမ္မကထိကတွေကတော့ လုပ်တတ်ကိုင်တတ်တော့ တခြားနည်းလမ်းတွေ ရှိတာပေါ့နော်။ ဦးဇင်းမှာကျတော့ အမျိုးသားရေးလမ်းကြောင်းသက်သက်ပဲသွားနေတဲ့အခါကျတော့ တခြားနည်းလမ်း မရှိဘူးပေါ့။ နောက်ပြီးတော့ ဦးဇင်းရဲ့တရားပွဲတွေမှာလည်း ဦးဇင်းက ဘာတွေလုပ်နေပါတယ်၊ အဲဒီအတွက် ဘာတွေလှူကြပါလို့လည်း တစ်ခွန်းတစ်ပါဒမှ ဟောပြောခဲ့ဖူးတာ မရှိဘူးလေ။ ဦးဇင်းအတွက်တော့ တခြားနည်းလမ်းမရှိပါဘူး။

မေး- ဆရာတော် ဦးပါမောက္ခအဖမ်းခံရတဲ့ကိစ္စလည်း မေးချင်ပါတယ်ဘုရား။ ဆရာတော်ဦးပါမောက္ခကို ၅၀၅ (ခ)နဲ့ ဖမ်းထားတယ်ဆိုတော့ ၅၀၅(ခ)ကို အစိုးရက အမျိုးသားရေးဘက်ယိမ်းသူတိုင်းကို ဖမ်းဆီးတဲ့နေရာမှာ ထပ်ပြန်တလဲလဲသုံးလာတာ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်ထိ ယို့ယွင်းစေတယ်လို့ မြင်ပါသလဲဘုရား။

ဖြေ – ဒီအတိုင်းသာ သွားမယ်ဆိုရင်တော့ န၀တထက်ပိုဆိုးသွားမှာပေါ့နော်။ ဘာကြောင့်လဲဆိုတော့ န၀တခေတ်က သူတို့ကို ဆန့်ကျင်ရုံ၊ ကန့်ကွက်ရုံနဲ့ မလုပ်ဘူးလေ။ သူတို့အာဏာကို ထိပါးလာမှ နှိမ်နင်းတာကိုး။ အခုကျတော့ သူတို့ကို ဝေဖန်သူ၊ ကန့်ကွက်သူ၊ ဆန့်ကျင်သူတင်မဟုတ်တော့ဘဲနဲ့၊ ရိုဟင်ဂျာဆန့်ကျင်တဲ့သူကိုပါ ဖမ်းလာတာပေါ့နော်။ ဒါကြောင့်မို့ ဒီအတိုင်းသာ ဆက်သွားရင် န၀တခေတ်ထက် ဆိုးတဲ့ဒဏ်ကို ပြည်သူတွေ ခံစားရမယ်။

မေး – ဆရာတော်ဦးပါမောက္ခကိစ္စနဲ့ပတ်သက်ပြီး ဗုဒ္ဓ ဓမ္မဖောင်ဒေးရှင်းကြေညာချက်မှာ စိတ်မကောင်းဖြစ်တယ်ဆိုတာပဲပါပြီး
ဦးပါမောက္ခအတွက် တောင်းဆိုပေးတာ၊ အရေးဆိုပေးတာ မပါတာနဲ့ပတ်သက်လို့လည်း တချို့က အားမလိုအားမရဖြစ်ကြတာ ဝေဖန်တာတွေ ရှိပါတယ်၊ အရှင်ဘုရားအနေနဲ့ရော ဘယ်လိုသုံးသပ်ပါသလဲဘုရား။

ဖြေ – ဒီအစိုးရကတော့ ဘယ်လောက်တောင်းဆိုတောင်းဆို ထောင်ချမှာက ချမှာပဲလေ။ ဒီအစိုးရကို တောင်းဆိုနေလဲ အလကားပဲပေါ့။ ဒီအတွက် ချန်လှန်ထားတာလည်း ဖြစ်နိုင်တာပေါ့နော်။ နောက်တစ်ခုကတော့ စိုးရိမ်တယ်၊ ထိခိုက်စွာခံစားရတယ်ဆိုတဲ့ စကားတစ်ခွန်း နဲ့တင် အရာရာအားလုံးက ပြည့်စုံသွားတာပေါ့နော်။ ပြောရမယ်ဆိုရင်တော့ ဒီပလိုမေစီဆန်တဲ့ ကြေညာချက်ပေါ့ကွာ။ တောင်းပွဲတိုက်ပွဲလုပ်တဲ့ ကြေညာချက်မဟုတ်ဘူးပေါ့။ ဒီပလိုမေစီသဘောတရားကို နားလည်တဲ့ အစိုးရဆိုရင် သဘောပေါက်နိုင်တာပေါ့နော်။

(ဆက်လက်ဖော်ပြပါမည်။)
ငြိမ်းချမ်းသာ-ဆက်သွယ်မေးမြန်းသည်။