သတင်း

သက်တော်ရှည် ရွှေစေတီဆရာတော်ကြီး မွေးနေ့ပွဲ

12.11.2017 ရက်နေ့ မနက် ၆း၀၀ နာရီမှာ ကျင်းပပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရွှေစေတီရိပ်သာမှာ ကျင်းပတာပါ။ ဆရာတော်ကြီးရဲ့ စာသင်ဖက်များ၊ ဓမ္မမိတ်ဆွေများ၊ ဆရာတူတပည့်များဖြစ်သည့် သက်တော်ရှည် ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်ချီးမြှောက်ပါတယ်။

ဆရာတော်သံဃာတော်များအား အရုဏ်ဆွမ်းကပ်အပြီးမှာ ရပ်တော်မူ ရုပ်ပွားတော်ကြီးအား အနေကဇာတင်ပါဠိတော်များရွတ်ဆိုပြီး ပူဇော်ကြပါတယ်။ ဆရာတော်ကြီးက သက်တော်(၉၀)ဆိုပေမဲ့ အနေကဇာကို ထိုင်လျက် အစအဆုံး တင်နိုင်သလို၊ အနေကဇာတင်အပြီးမှာလည်း အမွှန်းဂါထာများ ထိုင်လျက်ပင် ရွတ်ဆိုနိုင်ပါတယ်။ ကျန်းမာရေး အင်မတန်ကောင်းတာကို တွေ့ရပါတယ်။

အဲဒီနောက် ကျောင်းဝန်းထဲမှာ ဆွမ်းခြောက်လောင်းလှူပါတယ်။ လောင်းလှူကြတဲ့ ကုသိုလ်ရှင် ရွာသူရွာသားများက မနည်းလှပါ။ လောင်းလှူအပြီးမှာ ဆရာတော်ကြီးအား သီးသန့် ဖူးမြှော်ပူဇော်ကြ၊ ဆရာတော်ကြီးထံမှ သြဝါဒခံယူကြတာ တွေ့ရပါတယ်။ သက်တော်ရှည် ရွှေစေတီဆရာတော်ဘုရားကြီး အနှစ်(၉၀)ပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ အမျိုးဘာသာ သာသနာ့တာဝန်ကို ဦးလည်းမသုဉ် ထမ်းဆောင်နိုင်ပါစေဘုရား။