သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၃)

ထောင်တွင်းလက်ရာလေးပါ။
၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။
ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။
ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။
အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။
စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။
အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။
မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။
ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။
အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် လွှင့်တင်လိုက်ရခြင်းဖြစ်ပါတယ်။
ဒုတိယတွဲထပ်ရေးပါဦးမည်။
မဘသအရေး ဝီရသူအရေး ၉၆၉ အရေး အမျိုးသားရေး ဘာသာသာသနာအရေး မဟန ၄၇ ပါးထဲက အာဏာရှင်ဆန်သော ပရိယတ် ပဋိပတ် ဘာမှမလုပ်သော အစိုးရကိုမျက်နှာလုပ်တတ်သော ဘုရားမျက်နှာကို မကြည့် လာဘ်လာဘမျက်နှာကိုသာကြည့်သော အဂတိတရားလိုက်စားသော အကျင့်ပျက်ခြစားသော မတရားဆုံးဖြတ်သော သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော အစိုးရအားကိုးနဲ့မိုက်နေသော အချို့သော မဟနအမည်ခံထားသူတွေအကြောင်းတော့ ပယ်ပယ်နှယ်နှယ်ရေးပါ တော့မည်။
ယခုမှစ၍ သမိုင်း၏တရားခံ နိဒါန်းမှ ပြီးဆုံးသည်အထိ အခန်းဆက် လွှင့်တင်ပါတော့မည်။

ဝီရသူ(မစိုးရိမ်)
19.7.2017
PM 12:23

==========================================================

“သမိုင်း၏ တရားခံ”

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးလောကတွင် သံဃာ့အဖွဲ့အစည်းနှင့် လူ့အဖွဲ့အစည်းဟူ၍ အဖွဲ့အစည်းနှစ်ရပ် ရှိလေသည်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာများကို သံဃာ့အဖွဲ့အစည်းက အုပ်ချုပ်၍ ပြည်သူလူထုကို လူ့အဖွဲ့အစည်းက အုပ်ချုပ်လေသည်။ သံဃာအစိုးရနှင့် လူအစိုးရဟူ၍ မှတ်ထင်မိ၏။

ရှေးအခါက သာသနာတော်ကို ဦးဆောင်နိုင်သော ဆရာတော်များကို သာသနာပိုင်အဖြစ် တင်မြှောက်ကြ၏။ ထိုသာသနာပိုင်က ရဟန်းသံဃာများကို အုပ်ချုပ်ခဲ့လေသည်။

ထို့နောက် ဆိုရှယ်လစ်ခေတ်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ကို ဖွဲ့စည်း၍ ရပ်ကွက်၊ကျေးရွာ၊ မြို့နယ်၊ တိုင်း၊ဗဟို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဆင့်ကဲစနစ်ဖြင့် အုပ်ချုပ်လေသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကို သာသနာတော် သန့်ရှင်း တည်တန့်ရေး၊ ထွန်းကားပြန့်ပွားရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပေသည်။

သမ္မတကြီးဦးနေဝင်းကလည်း ဓမ္မစက်နှင့်မရလျှင် အာဏာစက်ဖြင့် ဆုံးမရန် များစွာအကူအညီပေးခဲ့လေသည်။ ဆိုရှယ်လစ်ခေတ်နောက်ပိုင်း ယခုကာလအထိ သံဃမဟာနာယက၏ ရပ်တည်နေပုံကို အကဲခတ် ကြည့်စေချင်ပေသည်။

“သမီးနှင့်အုန်းသီး”

နိုင်ငံတော်သံဃမဟာနာယက(မဟန) အဖွဲ့အစည်းသည် သာသနာတော် သန့်ရှင်းတည်တန့်ရေး သာသနာတော် ထွန်းကားပြန့်ပွားရေးအတွက် ဖွဲ့စည်းထားသော သံဃာ့အစိုးရတစ်ရပ်ဖြစ်ရာ ထိုအစိုးရသည် သာသနာတော်သန့်ရှင်းရေးအတွက် ဘယ်လောက်လုပ်သည် ဘယ်လောက်လိုသည်ကို သိရှိထိုက်ပေသည်။

ထိုမဟနအဖွဲ့အတွင်းမှာပင် ရဟန်းသီလ လုံးဝပျက်စီးနေသော မဟာယာနအချိုးချိုးနေသော ထေရ်ကြီး ဝါကြီးများ ပါဝင်နေပေသည်။

ရွေးချယ်ရာ၌ ကိုယ်ကျင့်သိက္ခာကို အဓိကထား၍ မရွေးချယ်ဘဲ ဆိုင်ရာ ဆိုင်ရာ နီးစပ်ရာကိုသာ ရွေးကောက်တင်မြှောက်ခြင်းတို့ကြောင့် ပါရာဇိကချိုး(ဂျိုး)များ ပါဝင်နေခြင်းဖြစ်ပေသည်။

အချို့ဆိုလျှင် စားလည်းမချ၊ သံဃာလည်းမမွေး၊ သာသနာအတွက် နှမ်းတစ်စေ့မျှပင်မလုပ်ဘဲ သာသနာတော်ကို ဂုတ်ပေါ်ခွစီး၊ အမြီးကို နှင်တန်ဖြင့်တို့ကာ ကိုယ်လိုရာကို မောင်းနှင်ခိုင်းစားနေကြပေသည်။

“သမီးနှင့် အုန်းသီးမထိလျှင် ပြီးတာပဲ။ မင်းတို့ဘာသာ ကျန်တာဘာလုပ်လုပ်”ဆိုသည့် လူမိုက်အားပေး (အောင်းကောင်)ကြီးများလည်း ရှိလေသည်။ ထိုအောင်းကောင်ကြီး၏ ထိုသြဝါဒကြောင့် ထိုကျောင်းတိုက်၌ ပျက်စီးသောရဟန်းငယ်များ တိုးပွားလာလေသည်။ ထိုကျောင်းတိုက်သည်လည်း သာသနာအတွက် ဘာမျှကျေးဇူးမပြုနိုင်သည့်အပြင် သာသနာ့အမှိုက်ပုံကြီးပင် ဖြစ်၍နေပေသည်။

မဟနအဖွဲ့၌ ထိုသို့သော အောင်းကောင်ကြီးများ များစွာရှိလေသည်။ အမြင်မတော်အောင် မြက်ဖြင့်ဖုံးလွှမ်းထားသော်လည်း အနံ့ကို တားမြစ်ခြင်းငှာ မတတ်ကောင်း၍ မစင်နံ့ထွက်နေသော အောင်းကောင်ကြီးများဖြစ်၏။

တချို့ဆိုလျှင် ကမ္ဘာအေး သာသနာရေးဌာန အဆောက်အဦးထဲမှာပင် ကိုယ့်အခန်း ကိုယ့်နေရာ၌ နှစ်ပါးသွားနေသည်များ ရှိကြ၏။ ထိုသို့သော အောင်းကောင်ကြီးများ ပေါများနေခြင်းကြောင့် ဥက္ကဋ္ဌဆရာတော်ကြီး၏ လစ်လပ်သောနေရာတွင် အစားထိုးစရာမရှိ၍ အတွင်းရေးမှူးချုပ် မကွေးဆရာတော်ကြီးကို ဥက္ကဋ္ဌခန့်လိုက်ရလေသည်။

ထို့ကြောင့် သာသနာတော်ကို အမှန်တကယ် သန့်ရှင်းစေလိုသော ရဟန်းသူတော်ကောင်း လူသူတော်ကောင်းတို့သည် မဟနအဖွဲ့ကိုပင် စတင်သန့်ရှင်းပစ်ရပေမည်။

ခေါင်ကမိုးလုံဖို့ အဓိကဖြစ်သောကြောင့်တည်း။

မသန့်ရှင်းသော ခေါင်းဆောင်များသည် နောက်လိုက်များကို သန့်ရှင်းအောင် အဘယ်သို့လုပ်နိုင်ပါမည်နည်း။ စိတ်ဝင်စားမှုပင် ရှိပါဦးမည်လော။ ရွပ်ရွပ်ချွံချွံ လုပ်ဆောင်ဝံ့ပါမည်လော။

“ချစ်ဖို့လော နှစ်ဖို့လော”

မဟန အစိုးရအဖွဲ့အတွင်းသို့ ဝင်သည့်ဆရာတော်များကလည်း ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ဝင်ရောက်ကြသည့် ဆရာတော်များဖြစ်ကြလေသည်။

အချို့က နာမည်ကြီးချင်၍ အချို့က အထင်ကြီးခံချင်၍ အချို့က ဘုန်းကံကြီးချင်၊ လာဘ်ပေါများချင်၊ စည်းစိမ်ခံချင်၊ ဇိမ်ယစ်ချင်၍ အချို့က အလှည့်ကျ၍ အချို့က စီးပွားရေးတွက်ခြေကိုက်၍၊ အချို့က ဗိုလ်ကျစိုးမိုးချင်၍ ဖြစ်လေသည်။ သာသနာကို တကယ်ချစ်၍ သာသနာအတွက် တကယ်အလုပ်လုပ်ချင်၍၊ သာသနာအတွက် အလုပ်လုပ်ရာ၌ လုပ်ပိုင်ခွင့်ရလို၍ ဝင်ကြသည့် ဆရာတော်များလည်း ရှိပါသည်။ မင်းကွန်းဆရာတော်ကြီးတို့လို အမှန်တကယ်ဖြူစင်သည့် ဆရာတော်ကြီးများလည်းရှိ၏။
ထိုသို့သော ဆရာတော်ကြီးများမှာ အနည်းငယ်မျှသာဖြစ်ပါသည်။ ဆယ်ပါးတစ်ပါးခန့်သာ ရှိပါသည်။ ဆယ်ရာခိုင်နှုန်းထက်မပိုပါ။ ကိုယ်ကျိုးအတွက် ဝင်လာသောဆရာတော်များသည် သာသနာပြုမည်လော၊ ဖျက်မည်လေ၊ အတ္တသမားများစွာကို အနည်းငယ်မျှသော ပရဝါဒီဆရာတော်ကြီးများက တားမြစ်နိုင်ပါမည်လော၊ ထိန်းကွပ်နိုင်ပါမည်လော၊ ဆန္ဒမဲဖြင့် ဆုံးဖြတ်သည့်နေရာမျိုး၌ အတ္တသမားများက အနိုင်ရရှိသွားခြင်း၊ လွှမ်းမိုးသွားခြင်းတို့က များပါသည်။ အချို့ အရည်အချင်းရှိ၍ ရွေးကောက်တင်မြှောက်ခြင်း ခံရသူများရှိသလို၊ အချို့ ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်သို့ လာဘ်ပေး၍ ဝင်ရောက်ခဲ့ကြသူများလည်း ရှိလေသည်။ မဟနအဖွဲ့သို့ဝင်ရန် မန္တလေးတိုင်း မြို့နယ်တမြို့နယ်မှ ဆရာတော်ကြီးတစ်ပါးက ငွေ(၁၀)သိန်း အကုန်အကျခံ လာဘ်ထိုးကြောင်း၊ (၁)နှစ်တည်းနှင့် အရင်းကျေသည်ဟုပြောကြောင်း၊ တိုင်းဥက္ကဋ္ဌဆရာတော်ကြီးက မိန့်တော်မူလေသည်။ လာဘ်ပေးအရွေးခံသော ဆရာတော်ကြီးကား သာသနာ့အာဇာနည်ပုဂ္ဂိုလ်မြတ်ကြီးပါတကား။

“မဏ္ဍိုင်ဗဟို လဲပြိုနေ”

မဟနအဖွဲ့၏ အဓိကလုပ်ဆောင်ရမည့်လုပ်ငန်းကြီးတခုမှာ ဝိနိစ္ဆယ(တရားဆုံးဖြတ်မှု)မဏ္ဍိုင်ဖြစ်၏။ ထိုမဏ္ဍိုင်သည် တရားရင်ဆိုင်သည့် ကျောင်းပြဿနာ၊ မာတုဂါမပြဿနာ စသည့် အာပတ္တာဓိကရုဏ်းအမှု၊ ဓမ္မ/အဓမ္မ၊ ဝိနယ/အဝိနယ စသည်ဖြင့် အငြင်းပွားမှု ဝိဝါဒါအဓိကရုဏ်းအမှုတို့ကို ဆုံးဖြတ်ရလေသည်။ ထိုသို့သော အမှုများ၌ ဆိုင်ရာအဖွဲ့အစည်းများက လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး လာဘ်စားခြင်း၊ အဂတိလိုက်စားခြင်း၊ မတရားဆုံးဖြတ်ခြင်းများ ပြုလုပ်လာကြသဖြင့် သံဃာ့အဖွဲ့အစည်းသည် သံဃာထု၏ ငြိုငြင်မှုကိုခံနေရသော အဖွဲ့အစည်းကြီးဖြစ်နေပေသည်။ ကျောင်းလုသည့်ပြဿနာ၊ အရှုပ်အရှင်း ဖြေရှင်းသည့် ပြဿနာတို့၌ သူ့ဒကာ၊ ကိုယ့်ဒကာ၊ သူ့ဆရာ၊ ကိုယ့်ဆရာ၊ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့စသည်ဖြင့် သူနိုင် ကိုယ်နိုင် အာဏာပြိုင်ကြလေသည်။
အောက်ခြေအဆင့်အဖွဲ့အစည်းများမဆိုထားနှင့် အထက်ဗဟို မဟနအဖွဲ့မှာပင် ထိုသို့လာဘ်စား၍ မတရားဆုံးဖြတ်မှုများ၊ အနိုင်ကျင့်၍ မတရားဆုံးဖြတ်မှုများ ရှိလေသည်။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က မဟနအဖွဲ့ ကျောင်းပြဿနာတစ်ခု၌ ငွေသုံးသိန်းလာဘ်စား၍ မတရားဆုံးဖြတ်ခဲ့မှန်း မင်းကွန်းဆရာတော်ကြီး သိသွားသည့်အခါ စိတ်ထိခိုက်ကြေကွဲကာ နိုင်ငံတော်အခမ်းအနားမှာပင် သုံးသိန်းကြီးများတောင်ဟု ဝမ်းနည်းကြွေကွဲစွာ မိန့်တော်မူရှာလေသည်။
ဤကဲ့သို့ တရားဆုံးဖြတ်သည့် ဝိနိစ္ဆယရုံးတော်ရောက်သည့်အမှုများ၌ မည်သို့ပင် မတရားဆုံးဖြတ်ပါစေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဂိုဏ်းဂဏတစ်စတစ်ဖွဲ့လောက်သာ ထိခိုက်နစ်နာပေသည်။ သာသနာတော် တစ်ရပ်လုံးကို မထိခိုက်ပါ။ သာနသာ၏အသက်၊ သွေးကြောကို မထိခိုက်ပါ။ သံဃာ့အဖွဲ့အစည်းနာမည်ပျက်ခြင်း၊ သံဃာထု၏ ယုံကြည်လေးစားမှု ကျဆင်းခြင်း၊ အမှုရှုံးသူ နစ်နာခြင်းလောက်သာ အပြစ်အနာအဆာ ရှိခဲ့လေသည်။
ယခုမူ အာဏာ(သို့မဟုတ်) လုပ်ပိုင်ခွင့်ကို အခွင့်ကောင်းယူပြီး ဓမ္မဝိနယမဏ္ဍိုင်ကို လိုအပ်သလို အလွဲသုံးစား လုပ်လာနေကြသည်ကို တွေ့ရလေသည်။ ဓမ္မဝိနယမဏ္ဍိုင်သည် သာသနာတော်၏ အသက်ဖြစ်သည်။
ဓမ္မဝိနယမဏ္ဍိုင်သည် သာသနာတော်၏ သွေးကြောဖြစ်သည်။ ဓမ္မဝိနယမဏ္ဍိုင် မယိမ်းမယိုင် မြဲခိုင်နေမှ သာသနာတော်အသက်ရှင်သည်၊ သွေးလည်ပတ်မှု ရနိုင်သည်။ ဓမ္မမရှိလျှင် သာသနာမရှိ၊ ဝိနယမရှိလျှင် သာသနာမရှိ၊ ဓမ္မဝိနယရှိမှ သာသနာရှိနိုင်သည်။ ထို့ကြောင့် ဘုရားသားတော်ဟု မိမိကိုယ်ကို ခံယူထားသူများ၊ သာသနာ့ဝန်ထမ်း၊ ရဟန်းသံဃာဟု မိမိကိုယ်ကို သတ်မှတ်ထားသူများသည် ဓမ္မဝိနယကို အသက်နှင့်လဲ၍ ကာကွယ်ရပေမည်။ ဓမ္မဝိနယမဏ္ဍိုင် မယိမ်းယိုင်အောင် အသက်နှင့်ခန္ဓာကို အရင်းတည်၍ ဓမ္မဝိနယဘက်မှ ဆံချည်တစ်ပင် မြူတစ်မှုန်မျှ ပဲ့ပါမသွားရလေအောင် မားမားမတ်မတ် ရပ်တည်ရမည်ဖြစ်လေသည်။ ထိုသို့ သာသနာတော်အတွက် အရေးအကြီးဆုံး အခြေခံအကျဆုံး၊ ပဓာနလုပ်ငန်းကြီးကိုပင် တရားမဖက် အမှားစွက်ကာ ဖျက်ဆီးလာနေကြပေပြီ။ အမြီးမှခေါင်းအထိ အမြစ်မှအဖျားအထိ နည်းနည်းလေးမျှ အထိအပါးမခံရမည်ကို ကောင်လုံးကြော်စားနေကြပေပြီ။ အမြစ်ပါချိုင်နေကြပေပြီ။ သာသနာကို အမြစ်ပါမကျန် တွန်းလှန်ဖျက်ဆီးနေသည့် သာသနာဖျက်အဖွဲ့အစည်းကြီး ဖြစ်မှန်းမသိ ဖြစ်လာနေကြပြီဖြစ်ပါ၏။ သာသနာတော်မျက်နှာ ဘုရားမျက်နှာကို လုံးဝမထောက်ထားတော့သည့် သစ္စာဖောက်အဖွဲ့အစည်းကြီး တဖြည်းဖြည်းကြီးထွားလာပြီဖြစ်ပါ၏။