သတင်း

သမိုင်း၏တရားခံ (အခန်းဆက်-အပိုင်း-၅)

ထောင်တွင်းလက်ရာလေးပါ။
၂၀၀၃ခုနှစ် အောက်တိုဘာလအထိသာ ဖြစ်ပါသည်။
ဤမှာဘက်အတွက် ဒုတိယအုပ်ရေးရပါဦးမည်။
ထောင်မှထွက်ခါစ အွန်လိုင်းနာမည်ကြီးဆောင်းပါးပါ။
အနီတွေသူကောင်းပြုကြတဲ့ စာမူပေါ့။
စာမူခွင့်ပြုချက် လွတ်လပ်လာတဲ့အခါ စာအုပ်အဖြစ်တရားဝင် ထုတ်ဝေလိုက်ပါတယ်။
အုပ်ရေသောင်းချီ ရိုက်နှိပ်ခဲ့ပါတယ်။
မဟနက ကမ္ဘာအေးသို့ ခေါ်ယူသတိပေးခြင်း မလုပ်ခဲ့သော်လည်း မစိုးရိမ်တိုက်သစ် ပထမမဟာနာယက ဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသအား ဤစာအုပ်နှင့်ပတ်သက်၍ စာရေးသူကိုခေါ်ယူသတိပေးရန် တာဝန်ပေးခဲ့ပါတယ်။
ပထမ မဟာနာယကဆရာတော် ဘဒ္ဒန္တကေသရာဘိဝံသကလည်း ဓမ္မဘာဏကကျောင်း၌ အခြားသော မဟာနာယကဆရာတော်များရှေ့မှောက်မှာပင် ဤစာအုပ်နှင့်ပတ်သက်၍ နောက်နောင် ထပ်မံရိုက်နှိပ်ခြင်း ဖြန့်ချိခြင်း လုံးဝမလုပ်ဖို့ မေတ္တာကရုဏာရှေ့ထား၍ ဆုံးမတော်မူပါတယ်။
အဲဒါကြောင့် သမိုင်း၏တရားခံစာအုပ်ကို ဆက်လက်ဖြန့်ချီမှုမပြုတော့ဘဲ ယခုမှသာ အွန်လိုင်းမှာ စတင် ပြန်လည် လွှင့်တင်လိုက်ရခြင်းဖြစ်ပါတယ်။
ဒုတိယတွဲထပ်ရေးပါဦးမည်။
မဘသအရေး ဝီရသူအရေး ၉၆၉ အရေး အမျိုးသားရေး ဘာသာသာသနာအရေး မဟန ၄၇ ပါးထဲက အာဏာရှင်ဆန်သော ပရိယတ် ပဋိပတ် ဘာမှမလုပ်သော အစိုးရကိုမျက်နှာလုပ်တတ်သော ဘုရားမျက်နှာကို မကြည့် လာဘ်လာဘမျက်နှာကိုသာကြည့်သော အဂတိတရားလိုက်စားသော အကျင့်ပျက်ခြစားသော မတရားဆုံးဖြတ်သော သာသနာတော်ကို ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေသော အစိုးရအားကိုးနဲ့မိုက်နေသော အချို့သော မဟနအမည်ခံထားသူတွေအကြောင်းတော့ ပယ်ပယ်နှယ်နှယ်ရေးပါ တော့မည်။
ယခုမှစ၍ သမိုင်း၏တရားခံ နိဒါန်းမှ ပြီးဆုံးသည်အထိ အခန်းဆက် လွှင့်တင်ပါတော့မည်။
ဝီရသူ(မစိုးရိမ်)
19.7.2017
PM 12:23
==========================================================

“လူဘုန်းကြီးနှင့် ဘုန်းကြီးလူ”
ကျွန်ုပတို့မန္တလေးမြို့၌ ဓမ္မကထိကသင်တန်းတခုရှိလေသည်။ ရှင်ဥတ္တမကျော်လူထွက်၊ လူပျံတော်ဦးဥုတ်ကျော် ပို့ချသော သင်တန်းဖြစ်ပါ၏။ ထိုသင်တန်း၌ ဦးဥုတ်ကျော်ပို့ချနေစဉ် တစ်နေ့တွင် ရဟန်းတော်နှစ်ပါး စာရွက်လာဝေလေသည်။ ထိုစာရွက်မှာ ခရစ်ယာန်တို့အား မေးထားသော မေးခွန်း(၂၂)ချက် ဖြစ်လေသည်။ မေးသူက ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ရောက်ရှိပြီး ရဟန်းဝတ်နေသူဖြစ်ပြီး အမေးခံရသူက သူ၏ဖခင်ဖြစ်လေသည်။ ထိုစာရွက်များကို သင်တန်းသားများ ရဟန်းတော်များအား ဝေသွားကြခြင်း ဖြစ်ပေသည်။ ဦးဥုတ်ကျော်ကလည်း ဘာမျှမသိလိုက်ရပါ။ နောက်တစ်နေ့၌ မြို့နယ်သံဃနာယကအဖွဲ့က ဦးဥုတ်ကျော်ကိုဆင့်ခေါ်ကာ ပရိသတ်များရှေ့တွင် လက်မှတ်ထိုးခိုင်းလေသည်။ ဦးဥုတ်ကျော်က မထိုးနိုင်ပါ။ တပည့်တော်ဝေတာမဟုတ်ပါ။ ဝေသည့်ကိုယ်တော်များကို ခေါ်ပေးပါမည်ဟု လျှောက်လေသည်။ မြို့နယ် သံဃနာယကအဖွဲ့က အာဏာဖီဆန်ရကောင်းလားဟု အပြင်းအထန် ခြိမ်းခြောက်ပါသည်။ ဦးဥုတ်ကျော်က ဖမ်းလျှင်လည်း ဖမ်း၊ ပိတ်လျှင်လည်းပိတ်၊ တပည့်တော်ဖြန့်ဝေတာမဟုတ်၍ မထိုးနိုင်ပါဟု ထပ်လျှောက်လေသည်။
ထိုအချိန်၌ လူ့အဖွဲ့အစည်း သံဃာ့အဖွဲ့အစည်း စုံညီနေရာမြို့နယ် သံဃနာယကအဖွဲ့က ဌာနတာဝန်ခံများကို ဦးဥုတ်ကျော်ကိုဖမ်းချုပ်ဖို့ အမိန့်ပေးလေသည်။ လူ့အဖွဲ့အစည်းများကလည်း သာသနာရေးကိစ္စဖြစ်နေ၍ ဆင်ခြင်ရပေရာ အရမ်းကာရော မလုပ်ရဲကြပေ။ ထိုအချိန်မှစ၍ မြို့နယ်သံဃနာယကအဖွဲ့သည် ဦးဥုတ်ကျော် အပေါ် အညှိုးထားလေသည်။ နောက်နှစ်သင်တန်းကာလ ပြန်စဖို့ခွင့်ပြုချက်လျှောက်သည့်အခါ သံဃနာယက အဖွဲ့က ချမပေးတော့ပေ။ မြို့နယ်အာဏာပိုင် လူ့အဖွဲ့အစည်းများက ခွင့်ပြုမှ သူတို့ကလည်း ခွင့်ပြုမည်ဟု ညစ်ပတ်ထားလေသည်။ ဤသို့ဖြင့် ဤအမှုသည် ကျွန်ုပ်ထံသို့ ရောက်လာရာ မြို့နယ်သံဃနာယကနှင့် သွားတွေ့ပါသည်။
ကျွန်ုပ်က သာသနာရေးကိစ္စမှာ သံဃာ့အဖွဲ့အစည်းက အဓိကဖြစ်ပါလျက်၊ လူ့အဖွဲ့အစည်းကို ပုံချတာဟာ အဓိပ္ပါယ်မရှိကြောင်း၊ ပြောင်းပြန်ကြီးဖြစ်နေကြောင်း လျှောက်ထားရာ ဝန်ခံလေသည်။ သို့သော် ခွင့်မပြုနိုင်ဟု အကြပ်ကိုင်လေသည်။ ဤသို့ဖြင့် မယကနှင့် ထောက်လှမ်းရေးအား အကူအညီတောင်းရာ ၄င်းတို့က မြို့နယ်သံဃနာယကသည် အစိုးရသံဃာထုကိုတိုက်ပေးနေသည်ဟုဆိုကာ ဖြုတ်ချမည်လုပ်လေသည်။ ထိုအခါကျမှ မြို့နယ် သံဃနာယကအဖွဲ့က ဓမ္မကထိကသင်တန်းကို ခွင့်ပြုချက်ပေးလေသည်။ ရာထူးပြုတ်မှာတော့ ကြောက်ကြ၏။ ဓမ္မအန္တရာယ်အတွက်ကြောင့် အပါယ်ငရဲလားမှာတော့ မကြောက်ကြပေ။
“မောင်းထောင်နှင့် တောင်ငူ”
ဤနေရာတွင် ကျွန်ုပ်သည် အင်းဝရှင်ဘုရင် ဘိုးတော်ဦးပိုင်လက်ထက် ပြဿနာတစ်ခုကို သတိရမိ၏။ သာသနာပိုင် မောင်းထောင်ဆရာတော်သည် တောင်ငူမင်း၏ဆရာ ဆရာတော်ဦးတေဇကို စာမရ၍ ဒဏ်ပေးလေသည်။ တောင်ငူမင်းက သူ့ဆရာကို ဒဏ်ပေးရကောင်းလားဟု မောင်းထောင်ဆရာတော်ကို အပြစ်တင်လေရာ လူနှင့် ရဟန်း အချင်းပွားကြလေသည်။ မောင်းထောင်ဆရာတော်က ထွေးခံဖြင့် တောင်ငူမင်းကို ပေါက်သည်။ တောင်ငူမင်းကလည်း ပြန်ပေါက်သည်။ မောင်းထောင်ဆရာတော်က တောင်ငူမင်းကို ခြေဖြင့်ကန်သည်။ တောင်ငူမင်းက နှပန်းပြန်လုံးသည်။ လူမင်းနှင့် ရဟန်းမင်း၊ လူအရာရှိနှင့် ရဟန်းအာဏာရှိတို့ နပန်းသတ်ပွဲမှာ နေပြည်တော်တစ်ဝှမ်းလုံး ကျော်စောသွားလေသည်။ သာသနာလောက၌ မောင်းထောင်ကလည်း ထောင်လွန်း၊ တောင်ငူမင်းကလည်း ငူလွန်ဟု ပြောစမှတ်ဖြစ်သွားခဲ့လေသည်။
တောင်ငူမင်းက သံဃာ့ပရိသတ်ရှေ့တွင် မောင်းထောင်ဆရာတော်အား ဝန်ချတောင်းပန်ရာ၊ မောင်းထောင်ဆရာတော်ကလည်း ပြန်လည်တောင်းပန်ခဲ့ပေသည်။ မင်းပရိသတ်၊ သံဃာ့ပရိသတ်ရှေ့တွင် အပြန်အလှန်တောင်းပန်ကြရာတွင် မောင်းထောင်ဆရာတော်၏ စကားတော်မှာ မှတ်သားဖွယ်ရာ ကောင်းလှပေသည်။
“အင်း သာဓု၊ သာဓု၊ သာဓု။ ငါသည်းခံ၏။ မင်းသားချည်း မှားသည်မဟုတ်၊ ငါလည်းမှားလေသည်။ မင်းသားလည်း ပုထုဇဉ် ငါလည်း ပုထုဇဉ်ဖြစ်ခဲ့၏။ ပုထုဇဉ်ဂတိကို လိုက်စားမိသိသည့်အတွက် ဖြစ်ကြသောကြောင့် မှားကြချေပြီ။ ပုထုဇဉ်ပင် ဖြစ်သော်လည်း ငါကသာ၍ မှားချေသည်။ မြတ်စွာဘုရား၏ အရေတော်ကို ဝတ်ဆင်မြန်းလျက် မဟာသံဃရာဇာအမည်ကိုရရှိသဖြင့် သည်းမခံနိုင်ဘဲ သာသနာပိုင် သာသနပိုင်ဂုဏ်ယစ်မူးသောကြောင့် ဒေါသာဂတိသို့ လိုက်စားမိသဖြင့် ဖြစ်ရချေသည်။ သို့အတွက် မင်းသားလည်း ငါ့အပေါ် အမျက်မထားလေနှင့်၊ သည်းခံလေ” ဤသို့မိန့်တော်မူသောအခါ မင်းပရိသတ်၊ ရဟန်းပိရိသတ်အားလုံး ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြလေသည်။ (ညိုမြ-ကုန်းဘောင်ရှာပုံတော်၊ စာ-၂၆၉)
သိက္ခာသမာဓိအရာ၌ မည်သို့မျှ အပြစ်ဆိုစရာမရှိသော ရှေးဆရာတော်ကြီးများသည်ပင် သာသနာပိုင်ဂုဏ် ယစ်မူးသောကြောင့် ဒေါသဖြင့်=ဆုံးဖြတ်မိကြသေးလျှင် ယခုခေတ်ဆရာတော်များကား ဆိုဖွယ်ရာပင် မရှိချေ။
ပညာရှိ သတိဖြစ်ခဲဆိုသည့်အတိုင်း သတိလွတ်၍ မှားခြင်းမျိုးကား ခွင့်လွှတ်စရာဖြစ်လေသည်။ ရည်ရွယ်ချက်ရှိရှိဖြင့် တမင်တကာ ဘောင်ထဲက ညစ်ပတ်ခြင်းမျိုးကား မလုပ်ထိုက်သော အမှားမျိုး ဖြစ်လေသည်။ ထို့ကြောင့် ရာထူးကြီးကြသူများ သတိကြီးကြစေချင်ပါသည်။ အာဏာကြီးကြသူများ သတိကြီးကြစေချင်ပါသည်။ သတိမပါသော ရာထူးအာဏာကား အပြုထက် အဖျက်ဘက်၌ အစွမ်းထက်တတ် ကြပါ၏။

“လက်နက်မပါသည့် အာဏာရှင်”
အာဏာအားကိုးနှင့် မိုက်လုံးထွားကြသည်မှာ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ပင် ဖြစ်ပေသည်။ လာဘ်စားခြင်း၊ မတရားဆုံးဖြတ်ခြင်းတို့ကား ပြောမဆုံးပေါင် တောသုံးတောင်သမျှ ဖြစ်လေသည်။ နယ်မြို့တစ်မြို့သို့ ရောက်ရှိသွားစဉ် ဂေါပကများ အမှုရင်ဆိုင်သည်နှင့် ကြုံရလေသည်။ အမှုဆုံးဖြတ်သော ဆရာတော်ကြီးက “ငါတို့က ဘယ်ဘက်မှ မလိုက်မှဖြစ်မှာ” ဟု အဖွဲ့သံဃာများအား မိန့်လေ၏။ ဓမ္မနှင့် အဓမ္မ၊ အမှန်နှင့် အမှားရှိသည်တွင် ဓမ္မ အမှန်ဘက်မှသာရပ်တည်ရမည်ဖြစ်ပါ၏။ ဘယ်ဘက်မျှမလိုက်ခြင်းသည်ပင် အဓမ္မဘက် လိုက်ခြင်း၊ အမှားဘက်လိုက်ခြင်းဖြစ်ပါ၏။ အမှုသွား၊ အမှုလာကား အရှင်းကြီးပင်။ ဓမ္မာရုံထဲ ဘိုးတော်ဆိုသူ ဝင်နေ၏။ ဓာတ်တွေနတ်တွေလုပ်၍ လူတစ်ရုန်းရုန်းဖြင့် ဘုန်းကြီးနေ၏။ ဂေါပကများက ဝင်တားသော်လည်း မရ။ လူ့အဖွဲ့အစည်း သံဃာ့အဖွဲ့အစည်းသို့တိုင်ကြားသော်လည်း မရ။ ဘိုးတော်ဘက်မှ တစ်မြို့လုံးနီးပါး အားပေးကြပြီး၊ ဂေါပကအဘိုးကြီးများမှာ အသိုင်းအဝိုင်းမရှိလှ။ ဘိုးတော်ဆိုသူက အဘိုးအိုဂေါပကဟောင်းကို ဖြုတ်ချကာ သူ့အလိုကျ ဂေါပကအသစ် ဖွဲ့စည်းရာမှ အသစ်/အဟောင်း အမှုဖြစ်ခြင်းဖြစ်သည်။ ဆရာတော်ကြီး များမှာ အဟောင်းဘက်လိုက်၍ အမှန်ဆုံးဖြတ်လျှင် ဓမ္မဝိနယနှင့်ညီသော်လည်း အသစ်ဘက်မှ အင်အားကို ကြောက်ရွံ့နေကြလေသည်။ အသစ်ဘက်မှ တစ်မြို့လုံးရှိ၍ အကြည်ညိုပျက်မှာကြောက်သောကြောင့် ဖြစ်၏။ အသစ်ကို အမှန်ဟု ဆုံးဖြတ်လျှင်လည်း အဟောင်းဘက်က မှန်နေလေရာ မတရားဆုံးဖြတ်ရာကျနေပေမည်။ ထို့ကြောင့် ကြားနေကော ခွထိုင်စားနေကြလေတော့၏။ အမှုမှာ မပြီးပြတ်နိုင်ဘဲ မြို့နှစ်ခြမ်းကွဲတော့မည့်အရေး ကြောင့် ကျွန်ုပ်နှင့် ဌာနဆိုင်ရာတို့ပေါင်း၍ ဘိုးတော်ဆိုသူကို သူ့အရပ်ပြန်ပို့လိုက်ရလေသည်။
ကျွန်ုပ်ကိုယ်တိုင် ကြုံရသော အမှုတစ်ခုရှိသေးသည်။ ဥယျာဉ်ကုန်းကျောင်းဆရာတော်ကြီးက စာသင်တိုက်ဖွင့်ဖို့ သံဃာပင့်ရာ ကျွန်ုပ်က နေလိုသော နာယကတစ်ပါးနှင့် တိုင်ပင်ပြီး သံဃာများလွှတ်လိုက်လေသည်။ ထိုအခါ လက်ထောက်ခန်းနေ ကိုယ်တော် တောထွက်ဦးပဉ္စင်းကြီးက အပြင်းအထန်ကန့်ကွက်လေသည်။ ဆရာတော်ကြီးမရှိလျှင် ရောင်းစားလိုသော ထိုတောထွက်က ငွေအားဖြင့် ရယက ရဲဌာန၊ ရပ်ကွက်သံဃနာယက၊ မြို့နယ်သံဃနာယကအဖွဲ့သို့ဝင်လိုက်ရာ မြို့နယ်သံဃနာယက မတရားဆုံးဖြတ် လေသည်။ ကျွန်ုပ်တို့ကို သံဃာအင်အားကောင်းသောတိုက်ကြီးများမှ သံဃာများကိုပင် အာဏာကိုအသုံးပြုပြီး ဘောင်ထဲမှ ညစ်ပတ်၍ အနိုင်ကျင့်လျှင် ကျောင်းငယ်လေးများဆိုလျှင် မတွေးဝ့စရာပင်။ ပဓာနနာယက ဆရာတော်ကြီးတစ်ပါးက ပင့်လို့ကြွသည်ကိုပင် တရားမဝင် သံဃာဟုဆိုကာ နှင်ထုတ်လေသည်။ ကျွန်ုပ်သည် ငတ်နေမှန်းမသိ၍ ငွေဖြင့် မစွန့်ခြင်းဖြစ်လေသည်။ ငွေပေးမှ အမှန်ဆုံးဖြတ်မည်ဆိုလျှင် ထိုတောထွက်ထက် ဆယ်ဆပိုပေးနိုင်ပါ၏။ သံဃာအာဏာပိုင်များကား သဒ္ဓါဆွမ်းစားခွင့် မရကြတော့ပေ။ ဘယာဆွမ်းဖြင့်သာ အသက်ရှင်နေကြရရှာ၏။
ထောင်ကျနေသော သံဃာများကိုကြည့်လိုက်လျှင် သာသနာညှိုးနွမ်းမှုဖြင့် ကျလာသူများ ဖြစ်လေသည်။ အချို့မှာ အပြစ်ရှိသော်လည်း ထောင်ချထိုက်သော အပြစ်မဟုတ်ပေ။
အချို့မှာ လုံးဝပင်အပြစ်မရှိပေ။ သံဃာ့အဖွဲ့အစည်း၏ မညှာမတာ လုပ်ဆောင်မှုကြောင့် ထောင်ကျနေသူများ ဖြစ်လေသည်။ ရဟန်းသိက္ခာလည်းမပျက်သေး၊ သိက္ခာလည်း မချသေးပါဘဲ သူတစ်ပါး ပါထား စွန့်ထားသည် များကို သယ်ပိုးရ သန့်ရှင်းနေရပေသည်။
အလုပ်ကြမ်းလုပ်ရသည်မှာလည်း လူသားမဆန်၊ နွားတမျှ ဖြစ်လေသည်။ ကိုယ့်သာသနာကို ကိုယ်တိုင်ဖျက်ဆီး နေသော သံဃာ့အဖွဲ့အစည်းဖြစ်၏။ အာဏာရှင်အားကိုးနှင့် မိုက်လုံးကြီးနေသော သံဃာ့အဖွဲ့အစည်း ဖြစ်၏။
အာဏာရှင်ကဲ့သို့ လက်နက်မကိုင်ရုံတမည်သာ ထူးလေသည်။ သံဃနာယကအဖွဲ့များကား လက်နက်မပါ၊ လက်နက်မိုင်သော အာဏာရှင်များသာတည်း။