သတင်း

ရမည်းသင်း ယဉ်ကျေးလိမ္မာဆုပေးပွဲ

ဝါဆိုလဆုတ် ၁၄ရက် 22.7.2017 မွန်းလွဲ ၁း၀၀ နာရီမှာ ကျင်းပပါတယ်။
ရမည်းသင်းမြို့ သီလဝခန်းမ မှာ ကျင်းပတာပါ။
မြို့နယ်သံဃနာယကဥက္ကဋ္ဌ ရန်အောင်မင်းကျောင်းဆရာတော်ကြီးက သြဝါဒမိန့်ကြားပါတယ်။
၎င်းနောက် ဓမ္မစကူးလ်အဆိုတော် ကိုခိုင်မြဲနှင့် ကျောင်းသူကျောင်းသားလေးများက နိုင်ငံတော်သီချင်း ဇာတိမာန်သီချင်း ဓမ္မစကူးလ်သီချင်းများဖြင့် ဖျော်ဖြေကြပါတယ်။
နိုင်ငံတော်သီချင်းဆိုတဲ့အချိန်မှာ ပရိသတ်အားလုံး မတ်တပ်ရပ်ပြီး နိုင်ငံတော်အလံကို အလေးပြုကြပါတယ်။
ယခင် ပြည်ထောင်စုလွှတ်တော်နာယကကြီး ယခု အမျိုးသားလွှတ်တော်အမတ်ကြီး ဦးခင်အောင်မြင့်လည်း ပရိသတ်နှင့်အတူ နိုင်ငံတော်အလံကို အလေးပြုခြင်း၊ လက်ခုပ်တီး၍ ဇာတိမာန်သီချင်း လိုက်ဆိုခြင်းများ စိတ်ပါ လက်ပါ ပြုလုပ်တာကို တွေ့ရပါတယ်။
ယဉ်ကျေးလိမ္မာဂုဏ်ထူးရ ကျောင်းသူကျောင်းသား တစ်ထောင်ကျော်ရှိပါတယ်။
အတန်းအလိုက် ပထမဆုမှ ဒသမဆုအထိ ဆုအသီးသီးပေးကြပါတယ်။
အဲဒီနောက် စာရေးသူနှင့် မြနန်းဆရာတော်တို့က သြဝါဒများပေးကြပါတယ်။
ယဉ်ကျေးလိမ္မာအောင်မြင်သူလေးထောင်ကျော်ထဲမှ ဂုဏ်ထူးရတစ်ထောင်ကျော်ကို ရွေးချယ်ဆုပေးတဲ့ပွဲပါ။
လူကြီးရောကလေးပါ တက်ရောက်ကြပေမဲ့ ကလေးတွေကိုရည်ရွယ်ပြီး သြဝါဒပေးခဲ့ပါတယ်။
ဘုရားလည်းမမေ့နဲ့
တရားလည်းမမဲ့နဲ့
သံဃာလည်း မပစ်နဲ့
အသက်ထက်ဆုံး လိုက်နာရမည့် တရားသုံးပါးဟောကြားခဲ့ပါတယ်။
မိနစ် အနည်းငယ်ပဲ ကြားပါတယ်။
မန်း မဟော်သဓာအတွက် အလှူရှင်အသီးသီးမှ ခြောက်သိန်းကျပ်နှင့် နဝကမ္မတစ်သိန်းကျပ် လှူဒါန်းငွေပေးအပ်ပွဲလည်း ပါဝင်ပါတယ်။
ဓမ္မစကူးလ်အဆိုတော် ကိုခိုင်မြဲနှင့် ကျောင်းသူကျောင်းသားလေးများ နိုင်ငံတော်သီချင်း ဇာတိမာန်သီချင်းဆိုပြီး သရုပ်ဖော်ကပြကြတာ ကြည်နူးစရာပါ။
ဘဝအကြောင်းတရားတစ်ခုခုကြောင့် မျက်စိမမြင်ရသော်လည်း အသံကောင်း အဆိုကောင်း မျက်မမြင်ကျောင်းမှ အဆိုတော်တစ်ဦး ကမ္ဘာကျော်မည့် မဘသ သီချင်းဆိုတာလည်း နားထောင်လို့ကောင်းသလို ကရုဏာလည်း သက်မိပါတယ်။
ပရိသတ်က ကရုဏာကြီးစွာ စီးမျောနစ်ဝင်နေတာတွေ့ရပါတယ်။
ရမည်းသင်းယဉ်ကျေးလိမ္မာဆုပေးပွဲဟာ ငါးကြိမ်မြောက်ဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း အမည်နှင့် ကျင်းပခဲ့တာဖြစ်ကြောင်း ရန်အောင်မင်းကျောင်းဆရာတော်ကြီးက မိန့်တော်မူပါတယ်။